တရုတ်နိုင်ငံအလယ်ပိုင်း Zhengzhou မြို့ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းကို တားမြစ်ထားသည့် အမိန့်ကို ဥဒေပြုလွှတ်တော်မှ ပြီးခဲ့သည့် ဒီဇင်ဘာ (၂၇) ရက်နေ့၊ သောကြာနေ့တွင် ချမှတ်ခဲ့သည်။
Zhengzhou People’s Congress အမြဲတမ်းကော်မတီ၏ ဆုံးဖြတ်ချက်အရ ကျောင်းများသည် ကျောင်းသားများအား ကျောင်းဝင်းထဲသို့ ဖုန်းယူဆောင်လာမှုအား တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရန်နှင့် "စာသင်ခန်းထဲသို့ စာသင်ကြားခြင်းအတွက်မှအပ ဖုန်းမယူဆောင်လာရ" ဟု တားမြစ်ရန် လိုအပ်သည်။
“ကျောင်းသားတွေ ကျောင်းကို ဖုန်း ယူလာချင်ရင် သူတို့ရဲ့ မိဘတွေ (သို့) အုပ်ထိန်းသူတွေက ကျောင်းကို စာရေးပြီး လျှောက်လွှာတင်သင့်တယ်”၊ နောက်ပြီး "ယူဆောင်ခွင့်ပြုထားတဲ့ ကျောင်းသားဖုန်းတွေကိုလည်း ကျောင်းအုပ်ချုပ်ရေးက သိမ်းထားသင့်တယ်။" ဟု ၎င်းက ဆိုပါသည်။
အဆိုပါ တားမြစ်ချက်သည် Henan ပြည်နယ်၏ မြို့တော် Zhengzhou ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အသက်မွေးဝမ်းကြောင်း ကျောင်းများအားလုံးတွင် အကျုံးဝင်ပါသည်။
ကျောင်းဘက်မှ ကျောင်းသားများအတွက် လိုအပ်သည့်အချိန်တွင် ၎င်းတို့၏ မိဘများထံ ဆက်သွယ်နိုင်စေရန် ၎င်းတို့၏ ကျောင်းဝင်းများတွင် လုံလောက်သော အများသုံး ဖုန်းများကို တပ်ဆင်ရန် လိုအပ်ပါသည်။
ထို့အတူ မိဘများသည်လည်း အိမ်၌ ကျောင်းသားများ၏ ဖုန်းနှင့် အင်တာနက် စွဲလမ်းမှုကို တတ်နိုင်သမျှ လျှော့ချရန် ဖုန်းအသုံးပြုမှုကို ထိန်းညှိပေးသင့်သည်။
ဆရာများကိုလည်း ကျောင်းသားများအား ဖုန်းဖြင့် အိမ်စာလုပ်ခိုင်းခြင်းကိုလည်း တားမြစ်ထားကြောင်း ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ကျောင်းသားများ၏ ဖုန်းအသုံးပြုမှုကို ထိန်းညှိရာတွင် အစိုးရ၊ ကျောင်းများနှင့် မိဘများ၏ တာဝန်များကို ဖော်ပြရန် ရည်ရွယ်ထားကြောင်း ဥပဒေပြုလွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းနှင့်အတူ ကျောင်းသားများအား ကျောင်းဝင်းအတွင်းသို့ ဒစ်ဂျစ်တယ်စက်ပစ္စည်းများ ယူဆောင်လာခြင်း (သို့) ကျောင်းတွင်း အသုံးပြုခြင်းတို့ကို တားမြစ်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကျောင်းများသည် ဥပဒေများနှင့် ၎င်းတို့၏ ကျောင်းအခြေအနေများကို အခြေခံ၍ ကိုယ်ပိုင် ဒစ်ဂျစ်တယ်စက်ပစ္စည်း စည်းမျဉ်းများကို ချမှတ်နိုင်ကြောင်း သိရသည်။
ဥပဒေပြုလွှတ်တော်သည် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ကျောင်းတွင်း ဖုန်းအသုံးပြုမှု တားမြစ်ထားသည့် ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ပြီးနောက် ယခု ဥပဒေကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ကျောင်းများသည် ၎င်းတို့၏ နေ့စဉ် စီမံခန့်ခွဲရေးတာဝန်များတွင် ဖုန်းစီမံခန့်ခွဲမှုကိုပါ ထည့်သွင်းရန် လိုအပ်ကြောင်းလည်း အသိပေး ပြောကြားခဲ့သည်။
အဆိုပါ ညွှန်ကြားချက်သည် ကျောင်းသားများ၏ အမြင်အာရုံကို ကာကွယ်ရန်၊ ၎င်းတို့၏ လေ့လာမှုများကို အာရုံစိုက်လာစေရန်၊ အင်တာနက်နှင့် ဒစ်ဂျစ်တယ်ဂိမ်းများကို စွဲလမ်းခြင်းမှ ကာကွယ်ရန်နှင့် ၎င်းတို့၏ ကျန်းမာရေးကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။