အင်္ဂလန်ရှိ ကျောင်းသားများအား အွန်လိုင်းငွေကြေး လိမ်လည်မှုများအကြောင်း သင်ကြားပေးမည်

မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် ကျောင်းသားများအား ငွေကြေးတတ်မြောက်မှုဆိုင်ရာ သင်ခန်းစာများ ပို့ချပေးမည်ဖြစ်သည်။ 

ကျောင်းသားများအတွက် ဂိမ်းအတွင်းဝယ်ယူမှုများ၏ အန္တရာယ်များကို သိရှိစေရန်နှင့် Influencer များ ပေးသည့် သတင်းအချက်အလက်များကို အမှန်/အမှား ခွဲခြားတတ်စေရန် ရည်ရွယ်ပြီး သင်ကြားခြင်းဖြစ်သည်။ 

ကလေးများသည် ၎င်းတို့၏ကိုယ်ပိုင် (သို့) မိဘများ၏ ငွေကြေးအမြောက်အမြားကို အွန်လိုင်းတွင် မကြာခဏ သုံးစွဲနေကြောင်း သိရပြီးနောက် အသက် (၅) နှစ်မှ (၁၆) နှစ်ကြား ကျောင်းသားများအား အွန်လိုင်းငွေကြေး သုံးစွဲမှုမှာ လုံခြုံမှုရှိစေရန် သင်ခန်းစာ (၈၀) ပါဝင်သည့် သင်ရိုးကို ဒီဇိုင်းရေးဆွဲခဲ့သည်။

ဂိမ်းကို အသာစီးရစေသည့် အထူးအင်္ဂါရပ်များ (သို့) “loot boxes” ကဲ့သို့ မက်လုံးများကို ဝယ်ယူရန် ငွေကြေးအစစ်အမှန်ကို ပေးဆောင်ရကြောင်း ကလေးများက မသိဘဲ ဂိမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ နားလည်ထားသည့်အတွက် ကစားနေရင်း မတော်တဆ ငွေအများကြီး သုံးစွဲမိကြသည်။

မိဘတစ်ဦးက ၎င်းတို့၏ (၈) နှစ်အရွယ် သမီးငယ်သည် ငွေကြေးအစစ်ကို အသုံးပြုမိကြောင်း သတိမထားမိဘဲ Apple အက်ပ်စတိုးတွင် ရက်ပေါင်း (၉၀) ကျော်အတွက် ပေါင် (၈,၅၀၀) ကျော် သုံးစွဲခဲ့ပုံကို ပြောပြသည်။

"သူမက YouTube ချန်နယ်တွေဆီကို ငွေတွေ ပို့ပေးနေပြီး YouTubers တွေက သူမဆီက ငွေပိုရအောင် သူမကို Roblox မှာ မိတ်ဖွဲ့ခဲ့တယ်၊ ဒါက ဘာမှမသိနားမလည်တဲ့ ကလေးကို အယုံသွင်းပြီး ငွေကြေးလှည့်ဖြားခြင်း "financial grooming" လုပ်တာ" ဟု ဆိုသည်။

မူလတန်းကျောင်းသားများကို

  • ငွေဘယ်ကရသလဲ
  • ငွေကို ဘယ်လိုခြေရာခံမလဲ
  • လိုအပ်တဲ့အရာနဲ့ လိုချင်တဲ့အရာ ကွာခြားချက်
  • ခရက်ဒစ်နှင့် ဒက်ဘစ်ကတ်တွေ အလုပ်လုပ်ပုံ
  • ကြော်ငြာရှင်တွေက သူတို့ပစ္စည်းတွေကို ဝယ်လာစေဖို့ ဘယ်လိုကြိုးစားလဲ
  • လိမ်လည်သူတွေထံက ကိုယ့်ပိုက်ဆံကို ဘယ်လို ကာကွယ်မလဲ စသည့် အကြောင်းအရာများကို သင်ယူရပါမည်။ 

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက်

  • ငွေကြေးဖောင်းပွမှု 
  • ကိုယ်ပိုင်ငွေကြေးသုံးစွဲမှု
  • Cryptocurrency နဲ့ ရင်းနှီးမြုပ်နှံခြင်း
  • ဘဏ်စာရင်းရှင်းတမ်းတွေနဲ့ ဘေလ်စာရွက်တွေကို ဖတ်တတ်စေခြင်း
  • ကြော်ငြာရှင် (သို့) Online influencer တွေဆီက အချက်အလက်တွေကို စစ်ဆေးခြင်း စသည့် သင်ခန်းစာများကို သင်ကြားရမည်ဖြစ်သည်။

အစိုးရ၏ လွတ်လပ်သော သင်ရိုးညွှန်းတမ်းနှင့် အကဲဖြတ်စစ်ဆေးချက်ဆိုင်ရာ ကြားဖြတ်အစီရင်ခံစာအရ မိဘများနှင့် ကလေးများသည် ဘဏ္ဍာရေးနှင့် ဘတ်ဂျက်ရေးဆွဲခြင်းအပါအဝင် သင်ရိုးညွှန်းတမ်းတွင် အသုံးချအသိပညာနှင့် ကျွမ်းကျင်မှုများကို တိုးမြှင့်အာရုံစိုက်လိုကြောင်း သိရသည်။

Source - The Guardian 

International News Read 44 times