World Population Review မှ ကမ္ဘာ့ပညာရေးအဆင့်သတ်မှတ်ချက်အရ ထိုင်းနိုင်ငံသည် နိုင်ငံပေါင်း (၂၀၃) နိုင်ငံတွင် အဆင့် (၁၀၇) နှင့် အာဆီယံအတွင်း အဆင့် (၈) နေရာတွင် ရောက်ရှိနေသောကြောင့် အဆင့်သတ်မှတ်ချက် ပုံစံအား မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ အဆင့်သတ်မှတ်ချက်သည် World Population Review မှထုတ်ဝေသော ၂၀၂၅ ခုနှစ် အစီရင်ခံစာဖြစ်ပြီး နိုင်ငံ၏ပညာရေးစံနှုန်းများကို တိကျစွာ ထင်ဟပ်ခြင်းမရှိဟု ထိုင်းပညာရေးအရာရှိများက ဆိုသည်။
ပညာရေးကောင်စီရုံး (OEC) ၏ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ Prawit Erawan က အဆင့်သတ်မှတ်ချက်များအား ပွင့်လင်းမြင်သာမှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသည်ဟု ထောက်ပြခဲ့သည်။
"အဆင့်သတ်မှတ်ချက်သည် တိကျစွာ တိုင်းတာနိုင်သော ပညာရေးဆိုင်ရာကိန်းညွှန်းများထက် နိုင်ငံပေါင်း (၇၈) နိုင်ငံမှ ထင်မြင်ယူဆချက်များကို စစ်တမ်းကောက်ယူထားမှုဖြစ်သည်။ ဒါကြောင့် တကယ့်ပညာရေးအရည်အသွေးထက် လူတွေ၏ အတွေးအမြင်များ ဖြစ်နေသည်။" ဟုပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ ပညာရေးအရည်အသွေးသည် ၎င်း၏စီးပွားရေးအခြေအနေနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း အစီရင်ခံစာ၏ ယူဆချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းက ရလဒ်များသည် ချမ်းသာသောနိုင်ငံများအား မျက်နှာသာပေးသည်ဟု ဝေဖန်ခဲ့သည်။
ဒေါက်တာ Prawit သည် ပညာရေးကောင်စီရုံးနှင့် သင်ယူမှုမြှင့်တင်ရေးဌာနမှ ရရှိထားသည့် မကြာသေးမီက အချက်အလက်များအရ ထိုင်းနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် (၉၉)% ခန့်ရှိပြီး အသက် (၁၅) နှစ်နှင့် အထက်ရှိသူတိုင်း ရေးတတ်ဖတ်တတ်ပြီး စာတတ်မြောက်ကြသည်ဟု ဆိုသည်။
"ဒီတိုင်းတာချက်ကိုသာ သုံးသပ်ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံ၏ အဆင့်သတ်မှတ်ချက်က သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး အာဆီယံမှာ ပထမအဆင့် ဖြစ်ဖို့ အလားအလာရှိတယ်” ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ပညာရေးဆိုင်ရာ ဒေတာဘေ့စ်ကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေကြောင်း ၎င်းက ဝန်ခံခဲ့သည်။
"အနာဂတ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် တိကျသော အဆင့်သတ်မှတ်ချက် ရရှိစေရန်အတွက် ခိုင်မာပြီး ခေတ်မီသော ဒေတာဘေ့စ်သည် အရေးကြီးသည်" ဟု ၎င်းကရှင်းပြသည်။
World Population Review အရ ပညာရေး ထိပ်တန်း (၁၀) နိုင်ငံတွင် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အာရှနိုင်ငံကိုယ်စားပြုအဖြစ် အဆင့် (၁) နေရာနှင့် အဆင့် (၆) နေရာတို့တွင် အသီးသီး ရပ်တည်နေသည်။
အာဆီယံ (၁၀) နိုင်ငံတွင် ထိပ်ဆုံးနံပါတ် (၁) အဆင့်မှာ စင်္ကာပူနိုင်ငံဖြစ်ပြီး ထိုင်းသည် အဆင့် (၈)၊ မြန်မာသည် အဆင့် (၉)နှင့် ကမ္ဘောဒီးယားသည် အဆင့် (၁၀) တို့တွင် ရောက်ရှိနေသည်။
ထို့ကြောင့် ကမ္ဘောဒီယားပညာရေးဝန်ကြီးဌာနမှလည်း အာဆီယံနိုင်ငံများအနက် ပညာရေး အနိမ့်ဆုံးအဆင့် သတ်မှတ်ပေးထားသော World Population Review ၏ အဆင့်သတ်မှတ်ချက်ကို ငြင်းဆိုခဲ့သည်။
Source - The Nation