အလုပ်အကိုင်စျေးကွက် ကျဆင်းမှုသည် ဂုဏ်သိက္ခာအရှိဆုံး Ivy League တက္ကသိုလ်များကို ထိခိုက်စေပုံပေါ်သည်။ Wall Street Journal (WSJ) ၏ အစီရင်ခံစာအရ မနှစ်က ဘွဲ့ရခဲ့သော Harvard MBA ကျောင်းသား (၂၃%) သည် ကျောင်းပြီး (၃) လကြာအထိ အလုပ်ရှာနေရဆဲဖြစ်ကြောင်း သိရသည်။
ဘွဲ့ရလူငယ်များအကြား အလုပ်လက်မဲ့နှုန်းသည် မကြာသေးမီနှစ်များအတွင်း ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် (၁၀)% နှင့် ၂၀၂၃ ခုနှစ်တွင် (၂၀)% အထိ တိုးခဲ့သည်။
Harvard Business School (HBS) သာမက Stanford၊ Wharton နှင့် NYU Stern ကဲ့သို့ ထိပ်တန်းစီးပွားရေးကျောင်းများမှ ဘွဲ့ရကျောင်းသားများသည်လည်း အလုပ်ရရန် ခက်ခဲနေကြသည်။
"လုပ်သားစျေးကွက် ကျဆင်းမှု အခက်အခဲကို ကျွန်တော်တို့ မတွန်းလှန်နိုင်ပါဘူး၊ ဟားဗတ်ကျောင်းမှာ တက်လိုက်တာနဲ့ အလုပ်ရနိုင်ချေ မမြင့်သွားပါဘူး။ အလုပ်ရဖို့ သင့်မှာ အရည်အချင်းတွေ ရှိရပါမယ်" ဟု HBS အတွက် အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားဟောင်းများဆက်ဆံရေးကို ကြီးကြပ်သူ Kisten Fitzpatrick က ရှင်းပြခဲ့သည်။
ကုမ္ပဏီကြီးများဖြစ်သည့် Amazon၊ Google နှင့် Microsoft တို့သည် အတိုင်ပင်ခံကုမ္ပဏီများနည်းတူ MBA ခေါ်ယူမှုကို လျှော့ချခဲ့သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။
ထိုအခြေအနေကို ကယ်တင်ရန် Harvard သည် ကျောင်းသားတစ်ဦး၏ ကိုယ်ရေးအကျဉ်းနှင့် ၎င်းတို့ လိုချင်သော အလုပ်အား နှိုင်းယှဉ်ကြည့်ပြီး လိုအပ်နေသေးသည့် ကျွမ်းကျင်မှုများ ရရှိစေရန် အွန်လိုင်းသင်တန်းများကို အကြံပြုပေးနိုင်သည့် AI ကိရိယာအသစ်ကို စမ်းသပ်နေသည်။
အလုပ်အကိုင်စျေးကွက် မကောင်းသော်လည်း ၎င်းတို့၏ မျှော်မှန်းချက်များကို လျှော့ချထားသည့် ကျောင်းသားများသည် အလုပ်အကိုင်ကောင်းများ ရှာဖွေနိုင်ကြသည်။ သို့သော် ထိပ်တန်းကုမ္ပဏီများတွင် အလုပ်ရရန် စောင့်မျှော်နေသူများသည် ခက်ခဲနေဆဲ ဖြစ်သည်။
အမည်မဖော်လိုသူ HBS ကျောင်းသားတစ်ဦးမှ "သူတို့ရဲ့ ရည်မှန်းချက်တွေကို ချိန်ညှိပြီး အလုပ်ရှာတတ်တဲ့ ငါ့သူငယ်ချင်းတွေက ကောင်းမွန်တဲ့ အလုပ်တွေ ရခဲ့တယ်။ ဒါပေမဲ့ HBS ကျောင်းသားတချို့က MBA မတိုင်ခင်က ရတဲ့ အလုပ်ထက် နိမ့်ပုံရတဲ့ တချို့အလုပ်တွေကို ရှောင်ကြပါတယ်။" ဟု Forbes တွင် ပြောခဲ့သည်။
HBS ကျောင်းသားအများစုသည် ချမ်းသာသော မိသားစုများမှ ဆင်းသက်လာသောကြောင့် ၎င်းတို့သည် လအနည်းငယ် အလုပ်မလုပ်ဘဲလည်း အဆင်မပြေနိုင်ကြောင်းလည်း ကျောင်းသားက ပြောသည်။
Source - Wall Street Journal