တောင်ကိုရီးယားနိုင်ငံရှိ Hansung University သည် လတ်တလော ငလျင်ဒဏ်ခံခဲ့ရသော မြန်မာကျောင်းသားများ အပါအဝင် သဘာဝဘေးဒဏ်သင့် ဒေသများမှ ကျောင်းသားများအား ပညာသင်ဆုများ ပေးအပ်မည်ဖြစ်ကြောင်း Korea JoongAng Daily သတင်းပေ့ချ်မှ သိရသည်။
မတ်လ (၂၈) နေ့တွင် လှုတ်ခတ်ခဲ့သော အင်အား ရစ်ချ်တာစကေး (၇.၇) အဆင့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မြန်မာကျောင်းသားများနှင့် မတ်လ (၂၂) ရက်နေ့တွင် ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းပြည်နယ်များတွင် တောမီးလောင်မှုကြောင့် ထိခိုက်ခဲ့သည့် ကိုရီးယားကျောင်းသားများကို Hansung University မှ ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။
အရည်အချင်းပြည့်မီသော ကျောင်းသားများသည် ဧပြီလ (၁၀) ရက်မှ မေလ (၉) ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ကြေညာမည်ဖြစ်သည်။
ကျောင်းသားများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများကို အတည်ပြုရန် စာရွက်စာတမ်းများ တင်ပြရမည်ဖြစ်ပြီး အကျိုးခံစားခွင့်များသည် ၎င်းတို့၏ လိုအပ်ချက်ပေါ် မူတည်ပြီး ကျောင်းမှ သတ်မှတ်ထားသော ပမာဏကို လက်ခံရရှိမည်ဖြစ်သည်။
"မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေနဲ့ အရေးပေါ်အခြေအနေတွေကြောင့် ရုန်းကန်နေရတဲ့ နိုင်ငံတကာကျောင်းသားတွေနဲ့ ကိုရီးယားကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာအရရော ငွေကြေးဆိုင်ရာအရပါ ပံ့ပိုးကူညီသွားမှာပါ" ဟု တက္ကသိုလ်၏ ကျောင်းသားရေးရာဌာန အကြီးအကဲ Lee Sang-hyeok က ပြောကြားခဲ့သည်။
Hansung University သည် ဆိုးလ်မြို့ပေါ်မှာ တည်ရှိပြီး ကိုရီးယားနိုင်ငံ ထိပ်တန်းတက္ကသိုလ်များအနက် နှစ် (၅၀) ကျော် သက်တမ်းရှိသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည်။
Hansung University သည် ၂၀၂၅ ခုနှစ် Excellent Certified University - ECU (ထူးချွန်တက္ကသိုလ်) စာရင်းထဲတွင် ပါဝင်နိုင်ခဲ့ပြီး Fashion၊ Design၊ IT Engineering၊ Social Sciences၊ Humanities၊ Arts စသည်တို့သည် အဆိုပါကျောင်း၏ Top Ranking မေဂျာများဖြစ်သည်။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။