အတန်းပညာရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးတဲ့ မူလတန်းပညာရေး

 

ကလေးငယ်တွေဟာ မူလတန်းအကြိုပညာရေးတွေဖြစ်တဲ့ မူကြို၊ သူငယ်တန်းတို့ကို တက်ရောက်ပြီးစီးတဲ့အခါ အတန်းပညာရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူလတန်းပညာရေးကို ဆက်လက် လျှောက်လှမ်းရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအတွက် ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံတကာ မူလတန်းကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်း၊ သင်ကြားရမယ့် ဘာသာရပ်တွေ၊ ကုန်ကျစရိတ် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရေးသားဖာ်ပြထားပါတယ်။

 

မူလတန်းပညာရေးက ကလေးငယ်တွေရဲ့ မှတ်ဉာဏ်၊ အသိပညာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို လေ့ကျင့်ပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ မူလတန်းဆိုတာ အသက် (၅) နှစ်ကနေ (၁၁) နှစ်ကြား ကျောင်းသားတွေအတွက် ပညာရေးကို အခြေခံကနေ စတင် သင်ကြားပေးတဲ့ အတန်းဖြစ်ပါတယ်။

 

ရန်ကုန်မှာ နိုင်ငံတကာသင်ရိုးညွှန်းတမ်းကို အသုံးပြု သင်ကြားပေးနေတဲ့ ကျောင်းတွေ များစွာ ထွက်ပေါ်လာပြီး ပညာရေးဆိုင်ရာ ထူးချွန်မှုနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားကာ ကလေးငယ်တွေအတွက် အဆင့်မြင့် ပညာရေးလမ်းကြောင်းဆီကို သွားရောက်နိုင်ဖို့ ပံ့ပိုးကူညီပေးပါတယ်။

 

နိုင်ငံတကာ မူလတန်းကျောင်းများ အရေအတွက်

ရန်ကုန်မှာ နိုင်ငံတကာ မူလတန်းကျောင်း (၆၆) ကျောင်းရှိပြီး ကျောင်းသားဦးရေ (၁၂,၀၀၀) ကျော်ကို ကမ္ဘာ့အဆင့်မီ ပညာရေးစံနှုန်းတွေကို အသုံးပြုပြီး သင်ကြားပေးလျက်ရှိပါတယ်။

 

သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်များ

ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ မူလတန်းကျောင်း အများစုရဲ့ (၇၅%) က British Curriculum ကို အသုံးပြုကြပြီး ကျန်ရှိနေတဲ့ ကျောင်းတွေကတော့ American ၊ Singaporean နဲ့ International Baccalaureate (IB) သင်ရိုးစနစ်ကို ကျင့်သုံးကြပါတယ်။

 

ဒီသင်ရိုးညွှန်းတမ်းတွေမှာ ပုံမှန်အားဖြင့် အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေး (ပထဝီ + သမိုင်း) ဘာသာရပ်တွေကို အဓိက ဘာသာရပ်တွေအဖြစ် သတ်မှတ်ထားပြီး ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကိုလည်း တိုးတက်စေဖို့ လေ့ကျင့် သင်ကြားပေးပါတယ်။

 

ကျောင်းအများစုကတေ့ ဘာသာစကားအနေနဲ့ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာနဲ့ နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ် (၂) မျိုးကို အဓိကထား သင်ကြားပေးပါတယ်။ တချို့ကျောင်းတွေမှာဆိုရင် မြန်မာ၊ အင်္ဂလိပ်အပြင် မက်ဒရင်း (သို့) ပြင်သစ်ကို ထည့်သွင်းပြီး ဘာသာစကား (၃) မျိုးအထိ သင်ကြားပေးတာကိုလည်း တွေ့ရပါတယ်။

 

နိုင်ငံတကာ မူလတန်းကျောင်းတွေဟာ ပညာရေးဆိုင်ရာ သင်ယူမှုနဲ့အတူ ကွန်ပျူတာ၊ အနုပညာ၊ အားကစားနဲ့ လူမှုဝန်းကျင် လုပ်အားပေးမှုတွေလို သင်ရိုးပြင်က လှုပ်ရှားမှုတွေကို ပေါင်းစပ်လုပ်ဆောင်စေပြီး ဘက်စုံဖွံ့ဖြိုးရေးကို ရည်ရွယ်ပါတယ်။

 

ဒါ့အပြင် ကျောင်းသားတွေကို မြန်မာ့ယဉ်ကျေးမှု အခြေခံစံနှုန်းတွေကို ထိန်းသိမ်းစေပြီး တစ်ဖက်မှာလည်း မတူညီတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေး လေ့လာမှုတွေမှတစ်ဆင့် အမြင်ကျယ်ပြီး Global Mindset ရှိစေဖို့ ကျောင်းသားတွေကို ပြင်ဆင်ပေးပါတယ်။


 


ကုန်ကျစရိတ်

ရန်ကုန်က နိုင်ငံတကာ မူလတန်းကျောင်းတွေရဲ့ ကျူရှင်ခမှာ အမျိုးမျိုး ကွဲပြားပြီး မိသားစုဝင်ငွေအပေါ် မူတည်ပြီး တက်ရောက်လိုတဲ့ ကျောင်းကို ရွေးချယ်နိုင်ပါတယ်။ မူလတန်းကျောင်းတစ်ကျောင်း နှစ်စဉ်ကြေးကတော့ ခန့်မှန်းခြေ USD 2,000 ကနေ 5,400 အထိ ရှိနိုင်ပါတယ်။ ပရီမီယံကျောင်းတွေကို ရွေးချယ်မယ်ဆိုရင် အကောင်းဆုံး ဝန်ဆောင်မှုတွေကို အပြည့်အ၀ ခံစားရမှာဖြစ်တာ‌ကြောင့် နှစ်စဉ်ကြေး USD 10,000 အထိ ကုန်ကျနိုင်ပါတယ်။

 

နိုင်ငံတကာ မူလတန်းကျောင်းတွေရဲ့ အင်္ဂါရပ်များ

  • နိုင်ငံတကာ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပေးခြင်း
  • ဘာသာစကား (၂) မျိုးနဲ့အထက် အသုံးပြု သင်ကြားခြင်း
  • ကလေးဗဟိုပြု သင်ကြားရေးကို အသုံးပြုခြင်း
  • တစ်ဦးချင်း သင်ယူမှုကို အာရုံစိုက်ခြင်း
  • ဘက်စုံဖွံ့ဖြိုးရေးကို အလေးထားခြင်း
  • နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေ ပေါင်းစပ် သင်ကြားခြင်း
  • သင်ရိုးပြင်ပ လှုပ်ရှားမှုတွေ လုပ်ဆောင်စေခြင်း
  • မိဘနဲ့ ဆရာ ပွင့်လင်းမြင်သာမှု ရှိခြင်း
  • ကမ္ဘာလုံးဆိုင်ရာ အမြင်ကို ပေးဆောင်ခြင်း တို့ဖြစ်ပါတယ်။

 

မိမိကလေးတွေအတွက် ရရှိမယ့် အကျိုးကျေးဇူးများ

  • နိုင်ငံတကာ အဆင့်မီ ပညာရေးကို ထိတွေ့ခွင့်ရခြင်း
  • အင်္ဂလိပ်ဘာသာစကားနဲ့ တခြားဘာသာစကားတွေကို တက်ကျွမ်းသွားခြင်း
  • အတန်းပညာရေးအပြင် အတွေးအခေါ်ပါ တိုးတက် ကောင်းမွန်လာခြင်း
  • လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာခြင်း
  • ခေတ်မီ နည်းပညာနဲ့ သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုနိုင်ခြင်း
  • အဆင့်မြင့်ပညာရေးအတွက် အခြေခိုင်သွားခြင်း
  • ဝါသနာပါရာ သင်ရိုးပြင်ပ လှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်ရခြင်း တို့ဖြစ်ပါတယ်။

 

ရန်ကုန်ရှိ နိုင်ငံတကာ မူလတန်းကျောင်းတွေဟာ ဆန်းသစ်ကောင်းမွန်တဲ့ သင်ကြားရေးနည်းလမ်းတွေကို အသုံးပြုပြီး ကျောင်းသားတွေကို သူတို့ရဲ့ ပညာရေးခရီးလမ်းအတွက် ကောင်းမွန်တဲ့ အစပြုမှုကို ပေးစွမ်းပါတယ်။ ကျောင်းသားတွေရဲ့ အတန်းပညာရေးအပြင် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေ၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုတွေအတွက်လည်း လေ့ကျင့်ပေးပါတယ်။ 

 

ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးတွေအတွက် အဆင့်မြင့်ပညာရေးနဲ့ အနာဂတ်ပညာရေးအတွက် အဆင်ပြေတဲ့ ကျောင်းမျိုး ရှာဖွေနေတယ်ဆိုရင် နိုင်ငံတကာ မူလတန်းကျောင်းတွေက အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုပါပဲ။

 

Primary Read 11 times