ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေမှာ သင်ကြားလျက်ရှိတဲ့ သင်ရိုးညွှန်းတမ်းများ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာ နိုင်ငံတကာ ပညာရေးကဏ္ဍ ထွန်းကားလာတာနဲ့အမျှ ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ပညာရေးစံနှုန်းတွေကို ပေးဆောင်နိုင်ဖို့ မတူကွဲပြားတဲ့ သင်ရိုးညွှန်းတမ်းအမျိုးအစားတွေကို အသုံးပြုလာကြပါတယ်။

ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေမှာ British Curriculum၊ American Curriculum၊ International Baccalaureate (IB)၊ Cambridge Curriculum နဲ့ Singapore Curriculum တို့က အသုံးအများဆုံး သင်ရိုးညွှန်းတမ်းတွေ ဖြစ်ပါတယ်။

ဒီသင်ရိုးညွှန်းတမ်းတွေအားလုံးက ကျောင်းသားတွေအတွက် နိုင်ငံတကာ အသိအမှတ်ပြု အဆင့်မြင့်ပညာရေးကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တွန်းပို့ပေးတဲ့ ထောက်တိုင်တွေပဲ ဖြစ်ပါတယ်။

 

British Curriculum

British Curriculum ဆိုတာ အင်္ဂလန်ရဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းလို့လည်း လူသိများပြီး ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ ပညာရေးစနစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီသင်ရိုးက ကျောင်းသားတွေကို အစောပိုင်းကာလပညာရေးမှစပြီး တက္ကသိုလ်အကြိုပညာရေးအထိ ထောက်ပံ့ပေးပြီး IGCSE နဲ့ A-Levels တို့လို နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေအတွက် ပြင်ဆင်ပေးပါတယ်။
 
British Curriculum ကို ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ အတန်းပညာအလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

ဘာသာရပ်တွေအနေနဲ့ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတို့လို အဓိကဘာသာရပ်တွေအပြင် လူမှုရေး၊ အနုပညာ၊ ဘာသာစကားနဲ့ နည်းပညာ၊ ကာယ ဘာသာရပ်တွေကိုလည်း အလေးထား သင်ကြားပေးပြီး ကျောင်းသားတွေကို ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်နဲ့ အမှီအခိုကင်းတဲ့ သင်ယူမှုတို့ကို ရရှိအောင် ပျိုးထောင်ပေးပါတယ်။

 

American Curriculum

American Curriculum က Common Core Standards ပေါ်မှာ အခြေခံကာ လိုက်လျောညီထွေရှိပြီး ဘက်စုံပြည့်စုံတဲ့ ပညာရေးကို ပေးဆောင်တဲ့အတွက် နောက်ထပ် နာမည်ကြီးတဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။ ဒီသင်ရိုးမှာ မူကြိုကနေစပြီး (၁၂) တန်းပညာရေးအထိ အကျူံးဝင်ပြီး အထက်တန်းရောက်တဲ့အခါ ဘာသာရပ်တိုင်းအတွက် Credits တွေ ရရှိမယ့် credit-based system ဖြစ်ပါတယ်။ တချို့ကျောင်းတွေက အထက်တန်းမှာတည်းက Advanced Placement (AP) ပရိုဂရမ်တွေကို သင်ကြားပေးပြီး တချို့ကျောင်းတွေကတော့ အထက်တန်းပြီးတော့မှ SAT (သို့) ACT ကို ဖြေဆိုဖို့ ပြင်ဆင်ပေးပါတယ်။
 
American Curriculum ကို ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ အတန်းပညာအလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

ဘာသာရပ်တွေအနေနဲ့ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေးတို့က အဓိက ဘာသာရပ်တွေဖြစ်ပြီး မိမိစိတ်ဝင်စားမှုအပေါ် မူတည်ပြီး ရွေးချယ် သင်ယူလို့ရတဲ့ အနုပညာ၊ အားကစား၊ ကျန်းမာရေး၊ စီးပွားရေး၊ နည်းပညာ စတဲ့ ဘာသာရပ်တွေလည်း ရှိပါတယ်။ ကျောင်းသားဗဟိုပြုသင်ကြားရေး ချဉ်းကပ်နည်းကို အသုံးပြုပြီး လက်တွေ့လုပ်ဆောင်မှုတွေကို အားပေးတဲ့အတွက် ကျောင်းသားတွေအနေနဲ့ ပြသနာဖြေရှင်းနိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်းတွေကို တိုးတက်လာစေပါတယ်။

 

International Baccalaureate (IB) Curriculum

IB သင်ရိုးက ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ အမှီခိုကင်းတဲ့ သင်ယူမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်အမြင်တွေကို အလေးပေး သင်ကြားပေးတဲ့ ပညာရေးစနစ်ဖြစ်ပါတယ်။ မူလတန်းအရွယ်ကနေစပြီး တက္ကသိုလ်အကြိုပညာရေးအထိ သင်ကြားပေးပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်အတွက် သင်ယူနိုင်တဲ့ ပရိုဂရမ်လည်း ရှိပါသေးတယ်။ IB သင်ရိုးမှာ တက်ရောက်ရမယ့် အတန်းအလိုက် သင်ယူရမယ့် ပညာရပ်နယ်ပယ်တွေကလည်း မတူညီပါဘူး။

IB Curriculum ကို ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ အတန်းပညာအလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

မူလတန်းအရွယ်မှာ ဘာသာရပ်ဆိုင်ရာ အချက်အလက်တွေကို ကျက်မှတ်ရုံထက် မေးခွန်းတွေ မေးဖို့၊ သုတေသနပြုဖို့၊ ကိုယ်တိုင်စူးစမ်းလေ့လာဖို့ကို အားပေးတိုက်တွန်းပြီး အလယ်တန်းအရွယ်မှာ ကျောင်းသားတွေကို ဘာသာရပ်တွေကြား ချိတ်ဆက်မှုတွေကို သိရှိနားလည်ဖို့နဲ့ သူတို့ အသိပညာကို လက်တွေ့ကမ္ဘာအခြေအနေတွေမှာ အသုံးချနိုင်ဖို့ တွန်းအားပေးပါတယ်။ အထက်တန်းအရွယ်မှာတော့ တက္ကသိုလ်ပညာရေးအတွက် ပြင်ဆင်ပေးပြီး ဘာသာရပ် သင်ကြားမှုအပြင် အသိပညာသီအိုရီ (TOK)၊ သုတေသနပရောဂျက်အရေးအသား (EE)၊ တစ်ကိုယ်ရည်တိုးတက်မှုတို့အတွက် (CAS) တို့ကိုလည်း သင်ယူရမှာဖြစ်ပါတယ်။

 

Cambridge International Curriculum

British Curriculum နဲ့ အနည်းငယ် ဆင်တူရိုးမှား ဖြစ်နိုင်တဲ့ သင်ရိုးညွှန်းတမ်းကတော့ Cambridge Curriculum ဖြစ်ပါတယ်။ Cambridge Curriculum က တက္ကသိုလ်ပညာရေးအတွက် အခြေခိုင်မာတဲ့ ပညာရေးစနစ်ကို ပေးဆောင်ပြီး နိုင်ငံတကာ တက္ကသိုလ်တွေမှ အသိအမှတ်ပြုထားတဲ့ IGCSE နဲ့ Cambridge A-Levels တို့အတွက် ပြင်ဆင်ပေးပါတယ်။

ဒါကြောင့်လည်း ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေမှာ အထက်တန်းရောက်ရင် ယူကေပညာရေးစနစ်ကို အလေးပေးတဲ့ GCSE ထက် နိုင်ငံတကာပညာရေးစံနှုန်းကို အလေးပေးတဲ့ Cambridge ရဲ့ IGCSE ကို သင်ကြားပေးတာဖြစ်ပါတယ်။

Cambridge  Curriculum ကို ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ အတန်းပညာအလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

ဒီသင်ရိုးမှာ အဓိက သင်ကြားရမယ့် ဘာသာရပ်တွေကတော့ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ နည်းပညာ၊ ဘာသာစကားနဲ့ ကမ္ဘာ့အရေးတွေကို သင်ကြားရမှာဖြစ်ပြီး IGCSE နဲ့ A-Level တန်းတွေရောက်ရင်တော့ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးတို့အပြင် မိမိစိတ်ဝင်စားမှုအပေါ် မူတည်ပြီး စီးပွားရေး၊ အနုပညာ၊ နည်းပညာ၊ စိတ်ပညာ၊ နိုင်ငံရေး၊ ဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ဘာသာရပ်တွေကိုလည်း စိတ်ကြိုက်ရွေးချယ် သင်ယူနိုင်ပါတယ်။

 

Singapore Curriculum

Singapore Curriculum ကတော့ သင်္ချာနဲ့ သိပ္ပံကို အပြင်းအထန် အသားပေးပြီး STEM ဘာသာရပ်တွေမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားတွေကို ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ သဘောတရားနားလည်မှုနဲ့ ပြဿနာဖြေရှင်းခြင်းတို့လို အခြေခံတတ်မြောက်ထားသင့်တဲ့ စွမ်းရည်တွေ ရရှိစေဖို့ လက်တွေ့လုပ်ဆောင်မှုကို အခြေခံတဲ့ သင်ကြားရေး ချဉ်းကပ်နည်းကို အသုံးပြုပါတယ်။

Singapore Curriculum ကို ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ အတန်းပညာအလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။


အလယ်တန်းမှာ ရွေးချယ်စရာ ပရိုဂရမ်တွေအဖြစ် Express ၊ Normal (Academic) ၊ Normal (Technical) ဆိုပြီး (၃) မျိုး ခွဲခြားထားပါတယ်။ ပုံမှန်ကတော့ မူလတန်းကနေ အထက်တန်းအထိ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးတို့ကို သင်ကြားရမှာဖြစ်ပြီး Normal (Technical) ရွေးချယ်ထားသူတွေကတာ့ ကွန်ပျူတာဘာသာရပ်ကိုပါ သင်ယူရမှာပါ။

အလယ်တန်းမှာ Express ဆိုရင် GCE O-Level ဖြေဆိုရမှာဖြစ်ပြီး Normal (Technical) ဆိုရင် GCE N-Level ကို ဖြေဆိုရမှာပါ။ Normal (Academic) ကို ရွေးချယ်ထားတယ်ဆိုရင်တော့ ကိုယ်သွားချင်တဲ့ ပညာရေးလမ်းကြောင်းပေါ် မူတည်ပြီး GCE O-Level (သို့) GCE N-Level ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အထက်တန်းမှာဆိုရင်တော့ Express အတွက် GCE A-Level၊ Normal (Academic) အတွက် ‌(N(A)-level) နဲ့  Normal (Technical) အတွက် (N(T)-level) ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။


British နဲ့ Cambridge သင်ရိုးညွှန်းတမ်းတွေက နိုင်ငံတကာကျောင်း စျေးကွက်ရဲ့ (၇၅%) ကို လွှမ်းမိုးထားပြီး American ၊ IB ၊ Singapore နဲ့ တခြားသင်ရိုးညွှန်းတမ်းတို့ကို အသုံးပြု သင်ကြားနေတဲ့ နိုင်ငံတကာကျောင်းတွေ အနည်းငယ်သာ ရှိပါတယ်။ မိဘတွေနဲ့ ကျောင်းသားတွေဟာ အသင့်တော်ဆုံး သင်ရိုးညွှန်းတမ်းကို ရွေးချယ်ရာမှာ သင်ကြားမှုနည်းစနစ်၊ အကဲဖြတ်မှုပုံစံနဲ့ တက္ကသိုလ်အသိအမှတ်ပြုမှုတွေကို ထည့်သွင်း စဉ်းစားရပါမယ်။

 

High Kindergarten Pre-school Primary Secondary Read 23 times