သင့်ကျောင်းအတွက် မှန်ကန်သင့်တော်တဲ့ LMS တစ်ခု ရွေးချယ်အသုံးပြုခြင်း

LMS (Learning Management System) ဆိုတာက ကျောင်းတွေ၊ သင်တန်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေမှာ သင်ကြားမှုနဲ့ သင်ယူမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို နည်းပညာအသုံးပြုပြီး လွယ်ကူလျင်မြန်စွာ စီမံခန့်ခွဲနိုင်တဲ့ Software စနစ်ကို ဆိုလိုပါတယ်။ 

LMS က ခေတ်မီပညာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး သင်ခန်းစာတွေကို စီမံခန့်ခွဲခြင်း၊ ဖိုင်တွေ စုစည်းထားနိုင်ခြင်း၊ ကျောင်းသားတိုးတက်မှုအခြေအနေကို ခြေရာခံနိုင်ခြင်း၊ စာမေးပွဲတွေ စစ်ဆေးခြင်း၊ အမှတ်ပေးခြင်း၊ အစီရင်ခံစာ တင်ပြခြင်း စတဲ့ စာသင်ကြားမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို တစ်နေရာတည်းမှာ စီမံခန့်ခွဲနိုင်ပါတယ်။

သင့်ကျောင်းအတွက် မှန်ကန်သင့်တော်တဲ့ LMS တစ်ခုကို ရွေးချယ်ဖို့ဆိုရင် သင့်ကျောင်းရဲ့ လိုအပ်ချက်၊ ဘတ်ဂျက်နဲ့ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်တွေကို သေချာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် LMS ရွေးချယ်ရာမှာ အသုံးဝင်မယ့် အဆင့်အဆင့် လမ်းညွှန်ချက်တွေကို မျှဝေသွားပါမယ်။
 
၁။ ကျောင်းလိုအပ်ချက်များ

LMS တစ်ခုကို မရွေးချယ်မီ သင့်ကျောင်းရဲ့ သီးသန့်လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။ ဘယ်အတန်းတွေအတွက် LMS သုံးမှာလဲ? ကျောင်းသားနဲ့ ဆရာ ဘယ်နှစ်ယောက် အသုံးပြုမှာလဲ? ကျောင်းမှာ ဘယ်လိုသင်ကြားရေးနည်းလမ်းကို သုံးတာလဲ? LMS ကို တခြား Digital tools တွေဖြစ်တဲ့ Zoom၊ Google Classroom၊ Microsotf Teams တွေနဲ့ တွဲသုံးဖို့ လိုအပ်လား? စတဲ့ သင့်ကျောင်းအခြေအနေကို ပြန်လည် သုံးသပ်ရပါမယ်။

၂။ အဓိက အင်္ဂါရပ်များ

LMS တစ်ခုမှာ အောက်ပါအင်္ဂါရပ်တွေ မရှိမဖြစ် ပါဝင်သင့်ပါတယ်။

User-Friendly Interface - ကျောင်းသားတွေနဲ့ ဆရာ နှစ်ဦးနှစ်ဖက်စလုံးက ဒီစနစ်ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ရပါမယ်။

Content Management - သင်ခန်းစာမှာ အသုံးပြုမယ့် အရင်းအမြစ်တွေကို အပ်လုဒ်လုပ်ဖို့၊ စုစည်းဖို့နဲ့ စီမံခန့်ခွဲဖို့ စွမ်းရည် ရှိရပါမယ်။

Assessment & Reporting Tools - ကျောင်းသားတိုးတက်မှုကို သိနိုင်ဖို့ အလိုအလျောက် အဆင့်သတ်မှတ်ခြင်း၊ ဉာဏ်စမ်းပဟေဠိတွေနဲ့ အစီရင်ခံစာတွေ လုပ်ဆောင်ပေးနိုင်ရပါမယ်။

Collaboration & Communication - Discussion boards တွေ၊ Chat နဲ့ Video conferencing တို့လို အင်္ဂါရပ်တွေ ပါဝင်ရပါမယ်။

Mobile Accessibility - အချိန်တိုင်း၊ နေရာတိုင်း အသုံးပြုနိုင်ဖို့ စမတ်ဖုန်းနဲ့ တက်ဘလက်တို့မှာလည်း ထည့်သွင်း အသုံးပြုနိုင်ရပါမယ်။

Customization & Scalability - သင့်ကျောင်း ပိုအောင်မြင်လာတာနဲ့အမျှ LMS ကို စိတ်ကြိုက်ပြင်ဆင်နိုင်မှုနဲ့ ချဲ့ထွင်နိုင်စွမ်း ရှိရပါမယ်။

၃။ Cloud-Based (သို့) On-Premises LMS

Cloud-Based LMS ဆိုတာက ပြင်ပဆာဗာပေါ်မှာ ထိန်းသိမ်းထားတဲ့အတွက် Set-up လုပ်ရတာ လွယ်ကူပြီး နည်းပညာ ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်သာ လိုအပ်ပါတယ်။ ဥပမာ -  Google Classroom၊ Moodle Cloud၊ Blackboard Learn တို့ဟာ Cloud-Based LMS တွေ ဖြစ်ပါတယ်။

On-Premises LMS ဆိုတာကတော့ ကျောင်းဘက်က ကိုယ်ပိုင်ဆာဗာမှာ ထည့်သွင်းအသုံးပြုရတာဖြစ်တဲ့အတွက် ဒေတာလုံခြုံရေးကို ပိုမိုထိန်းချုပ်နိုင်ပေမဲ့ အဆင့်မြင့် နည်းပညာ လုပ်ဆောင်ချက်တွေရော၊ ငွေရော ပိုလိုအပ်ပါတယ်။ ဥပမာ- Moodle၊ Sakai တို့က On-Premises LMS တွေပဲ ဖြစ်ပါတယ်။

၄။ ကုန်ကျစရိတ်

ဝန်ဆောင်မှုတွေနဲ့ လိုင်စင် ဝယ်ယူမှုအပေါ် အခြေခံပြီး LMS စျေးနှုန်းတွေက ကွဲပြားပါတယ်။

Free/Open Source LMS - Moodle နဲ့ Google Classroom တို့လို အခမဲ့ အသုံးပြုလို့ရတဲ့ LMS တွေက ကုန်ကျစရိတ်သက်သာနိုင်ပေမဲ့ စိတ်ကြိုက်ပြင်ဆင်ဖို့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။

Paid LMS - Blackboard၊ Canvas နဲ့ Schoology တို့လို LMS ပလပ်ဖောင်းတွေကို အသုံးပြုမယ်ဆိုရင် စာရင်းသွင်းခြင်း (သို့မဟုတ်) လိုင်စင်အခကြေးငွေတွေ ပေးဆောင်ပြီး ပရီမီယံ ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။

အခြားကုန်ကျစရိတ်များ - LMS အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်များ၊ လေ့ကျင့်ရေး ကုန်ကျစရိတ်များ၊ ထိန်းသိမ်းပြုပြင်ရေး စရိတ်များလည်း ရှိနိုင်ပါတယ်။

၅။ စမ်းသပ်အသုံးပြုခြင်း

LMS ဝယ်ယူဖို့ အပြီးသတ် ဆုံးဖြတ်ချက်မချမီ အသုံးပြုနိုင်စွမ်းကို စမ်းသပ်ဖို့ အခမဲ့ အစမ်းသုံးခြင်း၊ အသုံးပြုတတ်တဲ့အထိ လေ့ကျင့်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးသူထံကနေ ရယူပါ။ တခြားကျောင်းတွေမှ LMS ဝန်ဆောင်မှုပေးသူတွေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ၊ အကြံပေးမှုတွေကို နားစွင့်ထားပါ။ LMS ရောင်းချသူတွေဟာ ယုံကြည်စိတ်ချရပြီး တာဝန်ခံမှုနဲ့ လေ့ကျင့်ရေး အရင်းအမြစ်တွေကို ပံ့ပိုးပေးသူတွေဖြစ်မှသာ အဆင်ပြေပါမယ်။

အထက်ပါ အချက်အလက်တွေကို ထည့်သွင်စဉ်းစားမယ်ဆိုရင် သင့်ကျောင်းအတွက် မှန်ကန်တဲ့ LMS တစ်ခုကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ LMS တစ်ခု ရွေးချယ်ခြင်းက သင်ကြားမှုစွမ်းဆောင်ရည်နဲ့ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို သိသိသာသာ မြင့်တက်စေတဲ့အတွက် သင့်ကျောင်းအတွက်လည်း များစွာ အကျိုးရှိစေပါတယ်။

High Primary Secondary Vocational Read 58 times