တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ STEM ပညာရေးက ကျောင်းသားတွေကို အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် ပြင်ဆင်ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အရင် သမားရိုးကျ စာသင်ခန်းတွေမှာ STEM ဘာသာရပ်တွေကို သင်ကြားရတဲ့အခါ စာတွေ့တွေသာများပြီး လက်တွေ့သင်ကြားခြင်းမှာ အားနည်းခဲ့ပါတယ်။
အခုဆိုရင် အဆင့်မြင့် ပုဂ္ဂလိကကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေမှာ STEM သင်ခန်းစာတွေကို လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ကာ သင်ကြားပေးပြီး ကျောင်းသားတွေရဲ့ ဘာသာရပ်အပေါ်နားလည်မှု၊ တီထွင်ဖန်တီးနိုင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်မှု စတဲ့ စွမ်းရည်တွေကို တိုးတက်စေဖို့ လေ့ကျင့်ပေးပါတယ်။
STEM ဆိုတာ ဘာလဲ?
STEM ဆိုတာ သိပ္ပံ (Science)၊ နည်းပညာ (Technology)၊ အင်ဂျင်နီယာ (Engineering)၊ သင်္ချာ (Mathematics) စတဲ့ ဘာသာရပ်ကြီး (၄) ခုကို သင်ရိုးတစ်ခုထဲမှာ ပေါင်းစည်းသင်ကြားပေးတဲ့ ပညာရေးစနစ်တစ်ခုကို ဆိုလိုပါတယ်။
STEM ကို လက်တွေ့ကမ္ဘာနှင့် ချိတ်ဆက်သင်ကြားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများ
STEM သင်ခန်းစာတွေကို လက်တွေ့ကမ္ဘာ့ပြဿနာတွေနဲ့ ချိတ်ဆက်သင်ကြားပေးခြင်းက ကျောင်းသားတွေအတွက် သီအိုရီသဘောတရားတွေကို နားလည်ရုံသာမက နေ့စဉ်လူနေမှုဘဝမှာ ဘယ်လို အသုံးချရမလဲဆိုတာကိုပါ သိရှိလာမှာ ဖြစ်ပါတယ်။ အဓိက အကျိုးကျေးဇူးတွေကတော့ -
စိတ်ဝင်စားမှု တိုးလာခြင်း
ကျောင်းသားတွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ STEM ဘာသာရပ်တွေရဲ့ ဆက်စပ်မှုကို တွေ့ရတဲ့အခါမှာ သင်ကြားရခြင်း ရည်ရွယ်ချက်ကို သိမြင်လာပြီး ဒီဘာသာရပ်တွေအပေါ်မှာ ပိုမို စိတ်အားထက်သန်လာကြမှာ ဖြစ်ပါတယ်။
ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း တိုးလာခြင်း
လက်တွေ့လုပ်ဆောင်ရတဲ့ ပရောဂျက်တွေကြောင့် ကျောင်းသားတွေဟာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလာနိုင်ပြီး ကိုယ်တိုင်စမ်းသပ်တီထွင်ဖို့ စိတ်ကူးကောင်းတွေလည်း ရရှိလာမှာ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြသနာဖြေရှင်းနိုင်ခြင်း
လက်တွေ့ကမ္ဘာက စိန်ခေါ်မှုတွေဟာ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ပြဿနာဖြေရှင်းခြင်း စွမ်းရည်တွေကို မြှင့်တင်ပေးပါတယ်။
အသက်မွေးဝမ်းကြောင်းဆိုင်ရာ အဆင်သင့်ဖြစ်မှု
လုပ်ငန်းဆိုင်ရာ ပရောဂျက်တွေနဲ့ ထိတွေ့မှုရှိခြင်းက ကျောင်းသားတွေအတွက် STEM ဆိုင်ရာ အသက်မွေးဝမ်းကြောင်း အလုပ်တွေမှာ အဆင်သင့်ဖြစ်စေဖို့ ပြင်ဆင်ပေးရာ ရောက်ပါတယ်။
STEM ဘာသာရပ်တွေကို ဘယ်လို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ချိတ်ဆက်သင်ကြားမလဲ?
သိပ္ပံ
သိပ္ပံဘာသာရပ်မှာ လက်တွေ့အနေနဲ့ အပင်စိုက်ခြင်း၊ ရေအရည်အသွေးကို စမ်းသပ်ခြင်း၊ ရေရှည်တည်တံ့တဲ့ စွမ်းအင်တွေကို စူးစမ်းလေ့လာ ရှာဖွေခြင်း စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ကျောင်းသားတွေက သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးနဲ့ မူဝါဒချမှတ်ခြင်းတို့မှာ သိပ္ပံပညာကို ဘယ်လို အသုံးပြုနိုင်လဲဆိုတာ လေ့လာနိုင်ပါတယ်။
နည်းပညာ
ကျောင်းသားတွေကို လူထုပြဿနာတွေအား ဖြေရှင်းနိုင်ဖို့ ဒစ်ဂျစ်တယ် တတ်မြောက်မှုနဲ့ ကုဒ်ရေးခြင်းစွမ်းရည်တို့ကို သင်ကြားပေးရမှာဖြစ်ပြီး အက်ပ်တွေ၊ ဝဘ်ဆိုက်ဒ်တွေကို ကိုယ်ပိုင်စိတ်ကူးနဲ့ တီထွင်ဖန်တီးစေပါ။ ဥပမာ - ကျန်းမာကြံ့ခိုင်မှုကို ခြေရာခံနိုင်တဲ့ အက်ပ် (သို့) သင်ကြားရေးအွန်လိုင်းပလပ်ဖောင်း
အင်ဂျင်နီယာ
သဘာ၀ဘေးဒဏ်ခံနိုင်တဲ့ ပုံသဏ္ဍာန်တွေကို ဒီဇိုင်းရေးဆွဲခြင်းမှစပြီး အဆောက်အဦးတွေကို လက်တွေ့ဆန်ဆန် တည်ဆောက်နိုင်ခြင်းအထိ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ - ဘယ်တံတားပုံစံက ခံနိုင်ရည် အရှိဆုံးလဲ? အလေးချိန် ဘယ်လို ဖြန့်ဝေမလဲ? ဘာပစ္စည်း သုံးပြီး ဆောက်မှာလဲ? စတဲ့ အင်ဂျင်နီယာ အယူအဆတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
သင်္ချာ
သင်္ချာဘာသာရပ်နဲ့ ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်ချက်တွေက လွယ်ကူရိုးရှင်းပြီး နေ့စဉ်ဘ၀နဲ့လည်း နီးစပ်မှု ပိုရှိပါတယ်။ ကျောင်းသားတွေကို ဝင်ငွေနဲ့ ထွက်ငွေ တွက်ချက်ချိန်ညှိစေခြင်း၊ အားကစားပြိုင်ပွဲတွေမှာ ဒေတာတွေ သုံးပြီး အမှတ်ပေးခြင်း၊ ရာခိုင်နှုန်းတွက်ခြင်း၊ လုပ်ငန်းအသေးစားလေးတစ်ခုကို Presentation တင်ပြစေခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
လက်တွေ့ကမ္ဘာနဲ့ STEM ဘာသာရပ်တွေကို ချိတ်ဆက်သင်ကြားပေးခြင်းက ကျောင်းသားတွေရဲ့ ပညာရေးလမ်းကြောင်းအတွက်သာမက အသက်မွေးဝမ်းကြောင်းအတွက်ပါ အရေးကြီးပါတယ်။ STEM ဘာသာရပ်တွေကို လက်တွေ့နဲ့ စာတွေ့ ချိတ်ဆက်သင်ကြားနည်းက ကျောင်းသားတွေကို ကျောင်းစာအသိပညာအပြင် Soft Skills တွေ၊ Hard Skills တွေ ရရှိစေပြီး STEM နယ်ပယ်တွေမှာလည်း အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာစေနိုင်ပါတယ်။