ပညာရေးဝန်ကြီးဌာနသည် လက်ရှိအသုံးပြုနေသော ပုံနှိပ်ဖတ်စာအုပ်များအတွက် အစားထိုး ကျောင်းသုံးဖတ်စာအုပ်များအဖြစ် ဒစ်ဂျစ်တယ်ဖတ်စာအုပ်များကို တရားဝင် အသုံးပြုရန် စဉ်းစားနေကြောင်း သတင်းရရှိသည်။
ဒစ်ဂျစ်တယ်ဖတ်စာအုပ်များသည် ပုံနှိပ်ဖတ်စာအုပ်များ၏ ဒစ်ဂျစ်တယ်ပုံစံဗားရှင်းဖြစ်ပြီး တူညီသော သင်ရိုးညွှန်းတမ်းများ ပါရှိသည်။ ကျောင်းသားများသည် ၎င်းတို့ တစ်ဦးစီအတွက် စီစဉ်ပေးထားသည့် Terminal များပေါ်တွင် သင်ခန်းစာ အကြောင်းအရာများကို ကြည့်ရှုနိုင်သည်။
နိုင်ငံ၏ ကျောင်းပညာရေးစနစ်အတွက် အခြေခံ အုတ်မြစ်ဖြစ်သော ပြဋ္ဌာန်းစာအုပ်ပုံစံကို သိသိသာသာ ပြောင်းလဲစေမည်ဖြစ်သောကြောင့် အဆိုပါ လှုပ်ရှားမှုသည် အချေအတင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်လာနိုင်ဖွယ်ရှိသည်။
ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် ဇန်နဝါရီ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပညာရေးဗဟိုကောင်စီသို့ ဒစ်ဂျစ်တယ် ဖတ်စာအုပ်များ၏ အားသာချက်၊ အားနည်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။
ကျောင်းသုံး ပုံနှိပ်ဖတ်စာအုပ်များနေရာတွင် ဒစ်ဂျစ်တယ်ဖတ်စာအုပ်များကို အစားထိုးခြင်း အခြေအနေကို ပြန်လည်သုံးသပ် အတည်ပြုရန်နှင့် ဒစ်ဂျစ်ဖတ်စာအုပ်များကို အစိုးရက အခမဲ့ ဖြန့်ဖြူးပေးရန် တင်ပြခဲ့ပြီး ပညာရေးဘုတ်အဖွဲ့ဝင်များသည် ပုံနှိပ် (သို့) ဒစ်ဂျစ်တယ်ဖတ်စာအုပ်များအနက် ပိုအဆင်ပြေမည့် စာအုပ်ဗားရှင်းကို မဲပေးဆုံးဖြတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကျောင်းပညာရေးဥပဒေအောက်တွင် ပုံနှိပ်စာအုပ်များကို တရားဝင် ကျောင်းသုံးဖတ်စာအုပ်များအဖြစ် သတ်မှတ်ပြီး ဒစ်ဂျစ်တယ်စာအုပ်များကို သင်ထောက်ကူပစ္စည်းများအဖြစ်သာ သတ်မှတ်ထားသည်။ ဒစ်ဂျစ်တယ်စာအုပ်များကို ကျောင်းသုံးဖတ်စာအုပ်များအဖြစ် တရားဝင် ခွင့်ပြုပါက ကျောင်းသားများသည် ၎င်းတို့၏ ပုံနှိပ်စာအုပ်များကို မသုံးဘဲ ဒစ်ဂျစ်တယ်စာအုပ်များဖြင့် လုံးလုံးလျားလျား လေ့လာနိုင်မည်ဖြစ်သည်။
ဒစ်ဂျစ်တယ်ဖတ်စာအုပ်များကို တရားဝင် ကျောင်းသုံးဖတ်စာအုပ်များအဖြစ် စတင်အသုံးပြုနိုင်ရေးအတွက် ကျောင်းပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသည် ဥပဒေကို ၂၀၂၆ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ရန် ရည်မှန်းထားပြီး ကျောင်းများသည် ၂၀၃၀ ပညာသင်နှစ်အတွင်း ဒစ်ဂျစ်တယ် ဖတ်စာအုပ်များကို စတင် အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် အချို့သော ကျွမ်းကျင်သူများသည် ဒစ်ဂျစ်တယ်ဖတ်စာအုပ်များကို တိုးချဲ့အသုံးပြုရန် ပူပန်နေလျက်ရှိကြသည်။ လေ့လာမှုများအရ စာရွက်သုံးပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ဒစ်ဂျစ်တယ် သင်ထောက်ကူပစ္စည်းများသည် မှတ်ဉာဏ်စွမ်းအားကို လျော့ကျစေပြီး ကျောင်းသားများ၏ အမြင်အာရုံကိုလည်း ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ထောက်ပြကြသည်။
"ဒစ်ဂျစ်တယ်ဖတ်စာအုပ်တွေက ပုံနှိပ်စာအုပ်တွေလောက် ကောင်းလား သေချာ မစစ်ဆေးရသေးတဲ့အတွက် ဒစ်ဂျစ်တယ်စာအုပ်တွေကို တရားဝင် ကျောင်းသုံးဖတ်စာအုပ်အဖြစ် အဆင့်အတန်းတစ်ခု ပေးဖို့ စောသေးပြီး ဒီခြေလှမ်းဟာ ကလေးတွေရဲ့ ပညာရေးစွမ်းရည်အပေါ် အကျိုးသက်ရောက်မှု များစွာ ရှိနိုင်တာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဂရုတစိုက် စဉ်းစားသင့်တယ်" ဟု တိုကျိုတက္ကသိုလ်၏ အာရုံကြောသိပ္ပံဌာန ပါမောက္ခ Kuniyoshi Sakai က ပြောကြားခဲ့သည်။
Source - Asia News Network