ကျောင်းဝန်ထမ်းများ ဆန္ဒပြမှုကြောင့် စကော့တလန် မူလတန်းကျောင်းများ ပိတ်ထားရ

 

ကျောင်းဝန်ထမ်းလစာနှင့်ပတ်သက်၍ Unison အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ သပိတ်မှောက်မှု ဖြစ်ပွားနေခြင်းကြောင့် စကော့တလန် ပထမဝန်ကြီး John Swinney မဲဆန္ဒနယ်ရှိ မူလတန်းကျောင်းများအားလုံး ပိတ်ထားရကြောင်း သိရသည်။ 

 

အောက်တိုဘာလ (၂၁) ရက်နေ့၊ တနင်္လာနေ့မှ စတင်ခဲ့သည့် ကျောင်းပိတ်မှုသည် Perth and Kinross ကောင်စီဧရိယာရှိ မူလတန်းကျောင်းများ၊ မူကြိုကျောင်းများ၊ အထူးကြပ်မတ်စင်တာများနှင့် အလယ်တန်းကျောင်းနှစ်ကျောင်းတို့ကို ထိခိုက်စေခဲ့သည်။

 

ကျောင်းဝန်ထမ်းများ၊ အစောင့်များနှင့် စာသင်ခန်းလက်ထောက်များ အပါအဝင် Unison အဖွဲ့ဝင်များသည် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ Cosla ထံမှ လစာပေးချေရန် ကမ်းလှမ်းမှုကို ပယ်ချပြီးနောက် သပိတ်မှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပြုထားသော သဘောတူညီချက်သည် တစ်နာရီလုပ်ခ 67p (0.67 pounds) သို့မဟုတ် ၃.၆% တိုးလာမည့် ငွေပေးချေမှုဖြစ်ပြီး ဤကမ်းလှမ်းချက်ကို အခြားအလုပ်သမားသမဂ္ဂနှစ်ခုက လက်ခံခဲ့သော်လည်း Unison အဖွဲ့ဝင်များမှ ငြင်းဆိုခဲ့ကြောင်း သိရသည်။ 

 

Perth & Kinross ကောင်စီသည် အောက်တိုဘာလ အားလပ်ရက်များကြောင့် ကျောင်းများနှင့် မူကြိုကျောင်းများကို ပိတ်ထားကြောင်း ၎င်းတို့၏ဝက်ဘ်ဆိုက်ဒ်တွင် ပြောကြားခဲ့သည်။ မူလတန်းကျောင်းများနှင့် အစောပိုင်းသင်ကြားရေးစင်တာများအတွက် အရေးကြီးသော လုံခြုံရေးစစ်ဆေးမှုများကို အချိန်မီ မပြီးစီးနိုင်ကြောင်း ရှင်းပြခဲ့သည်။ 

 

အကြောင်းမှာ ကျောင်းသားများအား ဘေးကင်းစေရန်အတွက် လုံလောက်သော ဝန်ထမ်းများ ရှိမနေနိုင်သောကြောင့် အဆိုပါကျောင်းများကို ပိတ်ရန် ဆုံးဖြတ်ခဲ့သည်။ သပိတ်မှောက်ကာလတွင် နေ့စဉ်နှင့်အမျှ အခြေအနေများ ပြောင်းလဲသွားနိုင်သည်ဟု ကောင်စီက ဖော်ပြထားပြီး အချို့သောကျောင်းများသည် မတူညီသောရက်များတွင် ကျောင်းဖွင့်လှစ်ခြင်း သို့မဟုတ် ကျောင်းပိတ်ထားခြင်းတို့ လုပ်နိုင်သည်ဟု ဆိုသည်။ 

 

ပထမ၀န်ကြီး John Swinney က ၎င်း၏ မဲဆန္ဒနယ်အား ပစ်မှတ်ထားမှုသည် လက်ခံနိုင်ဖွယ်မရှိဟု ဖော်ပြခဲ့သည်။ ပိုမိုကောင်းမွန်သော သဘောတူညီချက် ရရှိရန်အတွက် စကော့တလန်အစိုးရသည် ဒေသဆိုင်ရာအာဏာပိုင်များထံ ခွဲဝေပေးရန် ရန်ပုံငွေများ နောက်ထပ်မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

စကော့တလန်ရှိ Unison ၏ ဒေသန္တရအစိုးရကော်မတီကို ဦးဆောင်သူ Colette Hunter က မစ္စတာ Swinney သည် အလုပ်ကြိုးစားသော ကောင်စီဝန်ထမ်းများအား တရားမမျှတစွာ ဆက်ဆံသည်ဟု စွပ်စွဲခဲ့သည်။ ပထမဝန်ကြီးအနေဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ပြီး ကျောင်းပိတ်ခြင်းကို ရပ်တန့်နိုင်စွမ်းရှိသည်ကို သူမယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

 

မကြာသေးမီက အုပ်စုအမျိုးမျိုးအတွက် လစာတိုးမြှင့်မှုသည် မတူညီကြောင်း Hunter မှ ထောက်ပြခဲ့သည်။ 

- ဆရာများကို လစာ ၄.၆% တိုးပေးခဲ့သည်။

- NHS (National Health Service) ဝန်ထမ်းများသည် လစာ ၅.၅% တိုးမြှင့်ရရှိခဲ့သည်။

- စကော့တလန်ပါလီမန် (MSPs) မှ အဖွဲ့ဝင်များသည် ၆.၇% တိုးလာသည်။

- အချို့သော ဒေသန္တရကောင်စီဝင်များသည် လစာတိုးမြင့်မှု ၁၃.၈% ရရှိခဲ့သည်။

 

ကောင်စီဝန်ထမ်းများသည် အဆိုပါအဖွဲ့များနှင့် နှိုင်းယှဉ်ပါက တရားမျှတသော လစာမရရှိသောကြောင့် စကော့တလန်အစိုးရအား ဖိအားပေးရန် အကြောင်းပြချက်ကောင်းရှိသည်ဟု သူမက ယူဆသည်ဟု ပြောကြားခဲ့သည်။ 

 

သပိတ်မှောက်မှုသက်ရောက်နေသော နယ်ပယ်အတွင်းရှိ မိဘများနှင့် ကျောင်းသားများသည် လာမည့်ရက်များနှင့် ရက်သတ္တပတ်များတွင် ရှေ့ဆက်မည်သို့ဖြစ်မည်ကို သေချာမသိရှိရဘဲ စိုးရိမ်ပူပန်နေရကြောင်း သိရပါသည်။ 

 

Source - Scottish Buisness News 

 

International News Read 10 times