ယူကေတက္ကသိုလ်များသည် ဒေသတွင်း ငွေကြေးပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် ကျောင်းသား သန်း (၄၀) ကျော်ရှိသည့် အိန္ဒိယနိုင်ငံကို စျေးကွက်ချဲ့ထွင်ပြီး ငွေရှာရန် နေရာကောင်းတစ်ခုအဖြစ် မြင်လာကြသည်။
University of Southampton သည် Delhi အနီးရှိ Gurgaon မြို့တွင် ကျောင်းခွဲ ဖွင့်လှစ်ပြီး ကျောင်းသားများကို စတင်လက်ခံနေပြီဖြစ်သည်။ အခြားယူကေတက္ကသိုလ်များလည်း ထိုသို့ လုပ်ဆောင်ရန် စီစဉ်လျက်ရှိပြီး Newcastle University မှ ပါမောက္ခ Chris Day က "ယူကေတက္ကသိုလ်များ အိန္ဒိယတွင် ကျောင်းခွဲ ဖွင့်လှစ်နေသည့် ကြေညာချက်အသစ်များ နေ့တိုင်းလိုလို ထွက်ပေါ်နေကြောင်း" ပြောကြားခဲ့သည်။
Newcastle University သည် အိန္ဒိယနိုင်ငံတွင် ကျောင်းခွဲ ဖွင့်လှစ်မည်ဖြစ်ပြီး Surrey နှင့် Coventry တို့လို အခြားယူကေတက္ကသိုလ်များသည်လည်း တူညီသည့် လမ်းစဉ်ကို လိုက်ရန် အစီအစဉ်ဆွဲနေပြီဖြစ်ကြောင်း Chris Day က ဆက်လက် ပြောကြားခဲ့သည်။
University of Surrey မှ ပါမောက္ခ Max Lu သည် နောက်နှစ်တွင် ကျောင်းခွဲ ဖွင့်လှစ်ရန် မကြာသေးမီကမှ Gujarat International Finance Tec (Gift) City သို့ သွားရောက်ခဲ့သည်။ Ahmedabad ရှိ Gift City သည် အခွန်ခံစားခွင့်များပေးသည့် အထူးဧရိယာဖြစ်ပြီး နိုင်ငံခြားတက္ကသိုလ်များမှ အမြတ်ငွေများကို ၎င်းတို့၏ နေရပ်သို့ ပြန်ပို့ခွင့်ပြုသည်။
Queen's University Belfast (QUB) သည် Gift City တွင် ဖွင့်လှစ်မည့် ပထမဆုံး ယူကေတက္ကသိုလ်ဖြစ်လာရန် မျှော်မှန်းထားပြီး လာမည့်နှစ် ဇန်နဝါရီလမှ စတင်၍ ဘွဲ့လွန်သင်တန်းများကို စတင်ဖွင့်လှစ်တော့မည်ဟု ကြေညာထားသည်။ ကျောင်းခွဲအသစ် ဖွင့်လှစ်ရန် £5 မီလီယံကနေ £7 မီလီယံကြား ကုန်ကျစရိတ်ရှိနိုင်သည်ဟု QUB မှ တာဝန်ရှိသူက ပြောသည်။
အိန္ဒိယနိုင်ငံရှိ ပညာရေး ပါမောက္ခ Aarti Srivastava က ၂၀၂၃ ခုနှစ်မတိုင်မီတွင် နိုင်ငံခြားတက္ကသိုလ်များကို အိန္ဒိယနိုင်ငံတွင် ၎င်းတို့၏ ကိုယ်ပိုင်ကျောင်းခွဲများ ဖွင့်လှစ်ခွင့်မပြုခဲ့ရာမှ ၂၀၂၃ ခုနှစ်မှ စပြီး ကျောင်းခွဲများ ဖွင့်ခွင့်ပြုရန် စည်းမျဉ်းအသစ်များကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ပါမောက္ခ Srivastava က ယူကေတက္ကသိုလ်များသည် အိန္ဒိယနိုင်ငံ၏ တိုးပွားလာသော ကျောင်းသားဦးရေကို အခွင့်ကောင်းယူလိုကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယကျောင်းသား အများအပြားသည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရှာဖွေနိုင်ရန် သက်သာသော စျေးနှုန်းဖြင့် နိုင်ငံခြားဘွဲ့ ယူရန် စိတ်ဝင်စားကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အိန္ဒိယကျောင်းသား ၁၂၅,၀၀၀ ကျော်သည် ယူကေတွင် ပညာသင်ကြားခဲ့သည်။ သို့သော် နိုင်ငံ၏ ဗီဇာစည်းမျဉ်းများနှင့် အခြားနိုင်ငံမှ ကျောင်းသားများနှင့် အပြိုင်အဆိုင် ဝင်ခွင့်လျှောက်ထားကြရသည့်အတွက် အခက်အခဲများ ရှိခဲ့သည်။ အိန္ဒိယတွင် ယခုလို ကျောင်းခွဲများ ဖွင့်လှစ်ခြင်းဖြင့် ယူကေဘွဲ့ကို လိုချင်သော်လည်း နိုင်ငံရပ်ခြားတွင် ပညာသင်ရန် မတတ်နိုင်သော ကျောင်းသားများကို ဆွဲဆောင်နိုင်သည်။
ယူကေရှိ Southampton University တွင် Business Management ကို လေ့လာလိုသော အိန္ဒိယကျောင်းသားများသည် တစ်နှစ်လျှင် £24,000 ပေးဆောင်ရမည့်အပြင် ဗီဇာ၊ ခရီးစာရိတ်နှင့် နေထိုင်စားသောက်မှုအတွက် အပိုကုန်ကျစရိတ်များလည်း ပူပန်ရဦးမည်ဖြစ်သည်။
သို့သော်လည်း သြဂုတ်လမှ စတင်ကာ အိန္ဒိယနိုင်ငံ Gurgaon ရှိ Southampton University ကျောင်းခွဲတွင် အဆိုပါသင်တန်းကို တက်ရောက်ပါက တစ်နှစ်လျှင် £12,000 သာ ကုန်ကျမည်ဖြစ်ပြီး ယူကေတွင် ပညာသင်ကြားစရိတ်ထက် တစ်ဝက်ခန့် သက်သာကြောင်း တွေ့ရသည်။
ထိပ်တန်းအစိုးရတက္ကသိုလ်ဖြစ်သည့် University of Delhi သည် တစ်နှစ်လျှင် £2,000 ခန့်နှင့် ပုဂ္ဂလိကတက္ကသိုလ်များသည် တစ်နှစ်လျှင် £10,000 ကျော် ကုန်ကျစရိတ်ရှိပြီး အိန္ဒိယတွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း ၅၈,၀၀၀ ကျော်ရှိကာ ကျောင်းသား (၄၃) သန်းကို ပညာသင်ကြားပေးနေသည်။
၂၀၂၁-၂၀၂၂ တွင် ကျောင်းသား (၂၈)% သာ တက္ကသိုလ်ပညာရေးကို ဆက်လက်လျှောက်လှမ်းမှု ရှိကြသဖြင့် အိန္ဒိယအစိုးရသည် နောင်အနာဂတ်တွင် ကျောင်းသား (၅၀)% ကို တက္ကသိုလ်တက်ရန် လိုလားလျက်ရှိသောကြောင့် ယူကေတက္ကသိုလ်များအတွက် အိန္ဒိယသည် စျေးကွက်တိုးချဲ့ရန် အခွင့်အလမ်း ဖြစ်လာခဲ့သည်။
Source - The Guardian