ယူကေတက္ကသိုလ်များတွင် အင်္ဂလိပ်စာ အားနည်းသော ကျောင်းသားများ လက်ခံထား


ယူကေရှိ တက္ကသိုလ်များသည် အခကြေးငွေ ပိုမိုကောက်ခံပြီး အင်္ဂလိပ်စာ ညံ့ဖျင်းသော (သို့မဟုတ်)  ကျွမ်းကျင်မှု မလုံလောက်သော နိုင်ငံခြားကျောင်းသားများအား စာရင်းသွင်းထားသည်ဟု ဒီဇင်ဘာ (၃) ရက်နေ့က BBC သတင်းတွင် ဖော်ပြထားသည်။ 

အစီရင်ခံစာအရ ကျောင်းသားအများစုသည် ၎င်းတို့၏ သင်တန်းအိမ်စာနှင့် ပရောဂျက်များ ပြီးမြောက်စေရန်နှင့် ကျောင်းခေါ်ချိန် ပြည့်မီစေရန် အခြားတစ်ယောက်အား ပိုက်ဆံပေးပြီး အစားထိုး လုပ်ခိုင်းနေသည်ဟုလည်း သိရသည်။

တက္ကသိုလ်နှင့် ကောလိပ်သမဂ္ဂ (UCU) က "အချို့သော ကျောင်းများသည် နိုင်ငံခြား ကျောင်းသားများ၏ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှုကို လျစ်လျူရှုထားသောကြောင့် ၎င်းတို့ထံမှ အခကြေးငွေ မြင့်မားစွာ ရနိုင်သည် " ဟုဆိုသည်။

ပါမောက္ခတစ်ဦးသည် ဗြိတိသျှသတင်းအေဂျင်စီကို ပြောကြားချက်အရ ၎င်း၏ မကြာသေးမီက မဟာဘွဲ့ရ ကျောင်းသားများ၏ (၇၀%) ခန့်မှာ အင်္ဂလိပ်စာ အရည်အချင်း လုံလောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။  

အင်စတီကျူးရှင်း (၁၄၁) ခုအပါအဝင် UK တက္ကသိုလ်များသည် နိုင်ငံခြားမှ လာသော ကျောင်းသားများအတွက် တင်းကျပ်သော ဘာသာစကား လိုအပ်ချက်များ ရှိသည်ဟု ဆိုကာ အထက်ပါ အဆိုပြုချက်များကို ငြင်းဆိုထားသည်။

UCU တွင် ကထိကများနှင့် တက္ကသိုလ်ဝန်ထမ်းပေါင်း (၁၂၀,၀၀၀) ခန့်ရှိပြီး ၎င်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Jo Grady က အင်္ဂလိပ်ဘာသာစကား သိပ်မကျွမ်းသော ကျောင်းသားများ UK သို့ လာရောက်ကျောင်းတက်ခြင်းသည် ပွင့်လင်းသော လျှို့ဝှက်ချက်ဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ 

အဆင့်မြင့်ပညာရေးမူဝါဒအဖွဲ့အစည်းမှ Rose Stephenson က အင်္ဂလန်တွင် မဟာဘွဲ့ကို သင်ယူနေသည့် ကျောင်းသား (၁၀) ဦးအနက် အနည်းဆုံး (၇) ဦးမှာ နိုင်ငံရပ်ခြားမှဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ 

အင်္ဂလန်နိုင်ငံမှ ဘွဲ့ကြိုကျောင်းသားများအတွက် ကျူရှင်ခမှာ တစ်နှစ်ကို အများဆုံး £9,250 ($11,705) ဖြစ်ပြီး နိုင်ငံခြားကျောင်းသားများအတွက် ကန့်သတ်ချက် မရှိကြောင်း သိရသည်။ Stephenson မှ BBC သို့ "နိုင်ငံခြားကျောင်းသားတစ်ဦးသည် ၎င်းတို့ဆန္ဒရှိသလောက် ပေးဆောင်နိုင်သည်" ဟု ပြောခဲ့သည်။ 

နိုင်ငံခြားကျောင်းသားများအတွက် ကျူရှင်ခ ကန့်သတ်ထားခြင်း မရှိသောကြောင့် ယူကေရှိ အဆင့်မြင့် တက္ကသိုလ်တစ်ခုတွင် မာစတာတက်နေသည့် နိုင်ငံခြား ကျောင်းသားတစ်ဦးသည် တစ်နှစ်ကို £50,000 ($63,260) ဝန်းကျင်ခန့် ပေးရကြောင်း သိရသည်။ 

နိုင်ငံတကာ ကျောင်းသားများအတွက် တက္ကသိုလ် ဝင်ခွင့် ပြင်ဆင်ပေးသည့် အေးဂျင့်များသည် ချမ်းသာသော နိုင်ငံခြားမိသားစုများ သို့မဟုတ် လစာအလုံအလောက်ရှိသူများကို ပစ်မှတ်ထားသည်ဟု အမည်မဖော်လိုသူတစ်ဦးက BBC သို့ ပြောကြားခဲ့သည်။ 

ဤအေးဂျင့်များသည် ပညာရေးဆိုင်ရာ အရည်အချင်းများကို အကဲဖြတ်ခြင်းမပြုဘဲ နိုင်ငံတကာကျောင်းသားများ တက်ရောက်မှုအများဆုံး ဂုဏ်ပုဒ်ကို လိုချင်သော တက္ကသိုလ်များအတွက် နိုင်ငံခြား ကျောင်းသားများ ရှာဖွေရာတွင် ကူညီပေးသည်ဟု သတင်းပေးသူက ထပ်လောင်းပြောကြားခဲ့သည်။ 

Source - BBC

International News Read 69 times