ယူကေရှိ ပုဂ္ဂလိကကျောင်းများ အခွန်ဆောင်ရန် အစီအစဉ်ကို သံရုံးများက ဝေဖန်

 

ယူကေရှိ နိုင်ငံတကာကျောင်းများသည် ပုဂ္ဂလိကပညာရေးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်မည့် အစိုးရ၏ အစီအစဉ်မှ ကင်းလွတ်သင့်သည်ဟု နိုင်ငံအများအပြားက ကန့်ကွက်ခဲ့ကြသည်။ 

 

၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၉) ရက်နေ့တွင် ပုဂ္ဂလိကပညာရေးအတွက် တန်ဖိုးမြှင့်အခွန် (VAT) ကို အလုပ်သမားပါတီအစိုးရမှ ကောက်ယူရန် ဆုံးဖြတ်ပြီးနောက် အခွန်အသစ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အသက်ဝင်မည်ဖြစ်သည်။

 

ယခင်က VAT သည် မည်သည့်ပညာရေးမျိုးတွင်မှ သက်ရောက်မှုမရှိခဲ့သော်လည်း အစိုးရက ပုဂ္ဂလိကပညာရေးကို ဇိမ်ခံပစ္စည်းအဖြစ် ရှုမြင်သောကြောင့် အခွန်ကောက်သင့်သည်ဟု ပြောဆိုထားသည်။

 

ပုဂ္ဂလိကပညာရေးကို ရွေးချယ်သော မိသားစုများသည် နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းပညာရေးကို ရှောင်ဖယ်နေကြသောကြောင့် ထိုရွေးချယ်မှုအတွက် VAT ကဲ့သို့ ထပ်ဆောင်းအခွန်များ ပေးဆောင်သင့်သည်ဟု အစိုးရမှ ယုံကြည်ပါသည်။

 

သို့သော် နိုင်ငံရပ်ခြားမှ ယူကေသို့ ပို့ထားသော မိသားစုများသည် နိုင်ငံတကာကျောင်းများကို ဇိမ်ခံခြင်းဟု မသတ်မှတ်ဘဲ ဤကျောင်းများသည် ကလေးများအား ၎င်းတို့၏ မိခင်နိုင်ငံ သင်ရိုးညွှန်းတမ်းကို ၎င်းတို့၏ ဘာသာစကားဖြင့် သင်ကြားနိုင်သည့် ကျောင်းဖြစ်သည့်အတွက် မရှိမဖြစ် လိုအပ်ကြောင်း သံရုံးအများအပြားက ထောက်ပြကြသည်။

 

ထို့အပြင် အခြားနိုင်ငံရပ်ခြားရှိ ဗြိတိန်ကျောင်းများတွင် ယင်းကဲ့သို့ အခွန်မဆောင်ပါက ယူကေနိုင်ငံရှိ နိုင်ငံတကာကျောင်းများကို အခွန်ကောက်ခံခြင်းသည် တရားမျှတမည်မဟုတ်ကြောင်း သံရုံးများက ထပ်လောင်းဝေဖန်ကြသည်။ 

 

အဆိုပါ အခွန်အသစ်နှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံသည် စိုးရိမ်မှုရှိကြောင်း ဖော်ပြသည့်နိုင်ငံများထဲတွင် ပါဝင်ကြောင်း Financial Times သတင်းစာအရ သိရသည်။ Financial Times တွင် ပြင်သစ်သံရုံးသည် "ဗြိတိန်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိသော်လည်း သံတမန်အရာရှိများက အခွန်အသစ်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်သည်" ဟုပြောကြားခဲ့သည်။ 

 

အဆိုပြုထားသော အခွန်သည် တွက်ချက်ကြည့်ပါက ကျောင်းသားတစ်ဦးအပေါ်တွင် တစ်နှစ်ကို ပေါင် ၂၀,၀၀၀ ကျော်အထိ သက်ရောက်မှုရှိသည်။ ပြင်သစ်သံရုံးက ၎င်းတို့သည် ပုံမှန်ပုဂ္ဂလိကကျောင်းများမဟုတ်ကြောင်းနှင့် အခွန်မဆောင်မီတွင် ၎င်းတို့၏ထူးခြားသော အဆင့်အတန်းကို ဗြိတိန်အစိုးရက ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

 

စပိန်သံရုံးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက စပိန်နိုင်ငံမှ ငွေကြေးထောက်ပံ့သည့် Instituto Espanol Vicente Canada Blanch အပါအဝင် စပိန်ကျောင်းများကို အခွန်ကင်းလွတ်ခွင့်ပေးရန် ဗြိတိန်ကို တောင်းဆိုထားကြောင်း Financial Times သို့ ပြောကြားခဲ့သည်။ ဂျာမနီသံရုံးကလည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဗြိတိန်အစိုးရကို စည်းရုံးနေကြောင်း သိရပါသည်။ 

 

ယူကေ၏ ပုဂ္ဂလိကကျောင်းအနည်းငယ်သာ နိုင်ငံတကာကျောင်းများဖြစ်ပြီး အများစုမှာ ဗြိတိန်အမျိုးသားသင်ရိုးဖြင့် သင်ကြားသော ပုဂ္ဂလိကပိုင် ဗြိတိန်ကျောင်းများဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ပုဂ္ဂလိကကျောင်းများအပေါ်  VAT ကောက်ခံခြင်းမှ တစ်နှစ်လျှင် ပေါင် ၁.၅ ဘီလီယံ ရရှိနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

 

Institute for Fiscal Studies (IFS) ၏ သုတေသနပြုချက်အရ ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသား ၇၅% သည် ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသည်ဟု သိရသည်။ ယူကေတွင် ကိုယ်ပိုင်ပညာရေးကို ပိုမိုချမ်းသာသော မိသားစုများက ရွေးချယ်လေ့ရှိကြောင်း ယင်းက မီးမောင်းထိုးပြသည်။

 

Source - ChinaDaily 
 

International News Read 61 times