အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်သို့ ပြန်ပို့ရာတွင် ကျောင်းများ၊ ဘုရားကျောင်းများနှင့် ဆေးရုံများတွင် ဖမ်းဆီးမှုများ ပြုလုပ်ရန် ဗဟိုလူဝင်မှုကြီးကြပ်ရေး အေဂျင်စီများကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အစိုးရ၏ ခွင့်ပြုမိန့်ကြောင့် မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများကို ကျောင်းသို့ ပို့ရန် စိုးရိမ်မှုများ မြင့်တက်လာသည်။
ရွှေ့ပြောင်းနေထိုင်မှု မူဝါဒဆိုင်ရာ အဖွဲ့အစည်း (The Migration Policy Institute) ၏ ခန့်မှန်းချက်အရ ကျောင်းနေအရွယ် ကလေး ၇၃၃,၀၀၀ သည် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် နေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အပြင် အခြားကလေးများ အများအပြားသည် အမေရိကန်နိုင်ငံသားများဖြစ်ကြသော်လည်း ၎င်းတို့၏ မိဘများသည် နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြသူများ ဖြစ်သည်။
နိုင်ငံတစ်ဝှမ်းရှိ ရွှေ့ပြောင်းနေထိုင်သူများသည် တရားမဝင်သည့် လူသန်းပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးမည့် Trump ၏ ၂၀၂၄ ခုနှစ် မဲစည်းရုံးရေး ကတိကဝတ်ကို စိုးရိမ်နေကြပြီး ၄င်းတို့၏ အနာဂတ်အတွက် မသေချာမရေရာမှုများ ဖြစ်စေခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး ကိုယ်စားလှယ်များက ကျောင်းများသို့ ၀င်ရောက်ရန် ကြိုးစားသည်ဆိုသည့် ကောလဟာလများနှင့် ပတ်သက်ပြီး မိဘများဆီကနေ ဖုန်းခေါ်ဆိုမှုများ ရရှိခဲ့သော်လည်း ကလေးများကို ကျောင်းမပို့ဘဲ အိမ်မှာထားရန် ပြောဆိုဖို့ စောနေသေးသည်ဟု ကျောင်းအများစုက ပြောသည်။
ကျောင်းပျက်ခြင်းသည် ကျောင်းသားများကို သင်ယူခြင်းထက် ပို၍ ဆုံးရှုံးစရာများ ဖြစ်စေသည်။ အကြောင်းမှာ ရွှေ့ပြောင်းနေထိုင်သူများ အပါအဝင် ဝင်ငွေနည်းသော မိသားစုများမှ ကျောင်းသားများအတွက် ကျောင်းများသည် အစားအသောက်၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့် အခြားပံ့ပိုးကူညီမှုများကို ရယူရန် အဓိက နည်းလမ်းဖြစ်သည်။
ကျောင်းကဲ့သို့ ထိလွယ်ရှလွယ်သော နေရာများတွင် ဝင်ရောက်ဖမ်းဆီးခြင်းကို ခွင့်ပြုလိုက်သည်မှာ ရာဇ၀တ်ကောင်များသည် အမေရိကန်၏ ကျောင်းများနှင့် ဘုရားကျောင်းများတွင် ပုန်းအောင်းနေနိုင်သောကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အချို့သော ပြည်နယ်နှင့် ခရိုင်များရှိ ပညာရေးအရာရှိများသည် ၎င်းတို့၏ လူထု ပညာသင်ကြားခွင့် အပါအဝင် ရွှေ့ပြောင်းကျောင်းသားများအတွက် ရပ်တည်ပေးမည်ဟု ကတိပြုထားသည်။
ကယ်လီဖိုးနီးယားရှိ ကျောင်းများသည် လူဝင်မှုကြီးကြပ်ရေး ကြပ်မတ်ရေးတွင် အကူအညီပေးရန် မလိုအပ်ကြောင်း တာဝန်ရှိသူများက သတိပေးထားကြောင်းနှင့် နယူးယောက်ရှိ ကျောင်းများတွင်လည်း ကျောင်းသားများ၏ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခြင်းကို ရှောင်ကြဉ်ရန် စည်းမျဉ်းများ ရှိကြောင်း သိရသည်။
Source - Yahoo News