မူကြိုမှ မူလတန်း အကူးအပြောင်းမှာ ကြိုတင် ပြင်ဆင်ပေးရမယ့် အချက်များ

 

အရာရာကို သင်ယူမှတ်သားနေတဲ့ ကလေးငယ်ဘဝမှာ မူကြိုကနေ မူလတန်း အကူးအပြောင်းကာလဟာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပါပဲ။ ဒီအကူးအပြောင်းမှာ ကလေးငယ်တွေဟာ မိဘနဲ့အတူ နေထိုင်လုပ်ကိုင်မှု လျော့နည်းသွားပြီးတော့ စည်းမျည်းအသစ်တွေ အပါအဝင် ပတ်ဝန်းကျင်သစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။

 

ဒီကာလမှာ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်အသစ်အတွက် စိတ်ခံစားမှု၊ ရုပ်ပိုင်း၊ ဉာဏ်ရည်၊ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေးနဲ့ စာရိတ္တဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ပြင်ဆင်ပေးနိုင်ရင် အောင်မြင်တဲ့ အကူးအပြောင်း ဖြစ်လာပြီးတော့ မပြင်ဆင်နိုင်ရင် ကျောင်းမှာ အခက်အခဲတွေ တွေ့နိုင်ပြီး ကျောင်းထွက်ရမယ့်အထိ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ဒါကြောင့် အထက်ပါ အခက်အခဲတွေကို ကျော်လွှာပြီး မိမိကလေးရဲ့ မူကြိုမှ မူလတန်း အကူးအပြောင်းမှာ အဆင်ပြေစေဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

၁။ ပြောင်းလဲမှုအကြောင်း ဆွေးနွေးပါ။

ကလေးငယ်ကို မူကြိုနှင့် မူလတန်းကျောင်းကြား ခြားနားချက်တွေကို အပြုသဘောဆောင်ပြီး ဆွေးနွေးပေးပါ။ ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်တွေ၊ ဆရာအသစ်တွေနဲ့ တွေ့ဆုံရမှာ၊ Activities အသစ်တွေ လုပ်ဆောင်ရမှာ စသဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ကဏ္ဍတွေကို ပြောပြပါ။ ကျောင်းစတက်တဲ့အချိန်မှာ အစိမ်းသပ်သပ်ကြီး ဖြစ်မနေဘဲ အတွေ့အကြုံ ရအောင် ကျောင်းမှာ သင်ကြားရမယ့် သင်ရိုးစာအုပ်လေးတွေကို ဝယ်ပြီး ကြိုတင် လေ့လာခိုင်းပါ။

 

၂။ ပတ်ဝန်းကျင်အသစ်နှင့် ရင်းနှီးအောင် လုပ်ပါ။

ကျောင်းမတက်ခင်မှာ (သို့) ကျောင်းအပ်တဲ့အချိန်မှာ ကလေးကိုပါ မူလတန်းကျောင်းကို အတူတူ ခေါ်ဆောင်သွားပါ။ သူတို့လေးတွေ သင်ကြားရမယ့် စာသင်ခန်း၊ နောက်ပြီး ကျောင်းမှာ ရှိတဲ့ ကစားကွင်း၊ ကန်တင်းနဲ့ အခြား အထောက်အပံ့အဆောက်အုံနှင့် ပစ္စည်းတွေကို လိုက်ပြပေးပါ။ ကျောင်းဝန်းထဲမှာ ဘာတွေ ရှိလဲဆိုတာ၊ ကျောင်းဝင်ပေါက်ကနေ အတန်းထဲကို ဘယ်လိုသွားရမလဲဆိုတာကို ပြထားပေးပါ။ ဖြစ်နိုင်ရင် အတန်းပိုင် ဆရာနဲ့ တွေ့ဆုံပေးပါ။

 

၃။ ကိုယ်တိုင် လုပ်တတ်အောင် သင်ပေးပါ။

အဝတ်အစားဝတ်တာ၊ စားတာ၊ အပေါ့အပါးသွားတာ၊ ကျောင်းလွယ်အိတ်ကို ထုတ်ပိုးပြင်ဆင်တာ စတဲ့ ကျောင်းမှာ တစ်ကိုယ်ရည် လုပ်ဆောင်ရမယ့် ကိစ္စတွေကို လုပ်တတ်အောင် အိမ်မှာတည်းက လေ့ကျင့်ပေးပါ။ သူတို့ နေ့စဉ်လုပ်နေကျ အလုပ်ကိုပဲ ကိုယ်တိုင် လုပ်တတ်အောင် လေ့ကျင့်ပေးရမှာဖြစ်တဲ့အတွက် အခက်အခဲတော့ မရှိနိုင်ပါဘူး။

 

၄။ ကျောင်းလှုပ်ရှားမှုများကို လေ့ကျင့်ပါ။

သူတို့ အမည်ကို ရေးသားတတ်အောင်၊ စကားလုံးတွေနဲ့ စာလုံးပေါင်းတွေကို မှတ်မိအောင်၊ နံပါတ်တွေ ရေတွက်တတ်အောင် အိမ်မှာ အချိန်တစ်ခု သတ်မှတ်ပြီး သင်ပေးထားပါ။ နောက်ပြီး ဆရာစာသင်နေရင် နားထောင်တတ်အောင်၊ ညွှန်ကြားချက်တွေကို လိုက်နာနိုင်အောင်လည်း လေ့ကျင့်ပေးထားပါ။ ဒါမှ ကလေးက ကျောင်းက အိမ်စာပေးရင် မိဘတွေကို ပြန်ပြောတတ်မှာ ဖြစ်ပါတယ်။

 

၅။ လူမှုဆက်ဆံရေးကို အားပေးပါ။

အတူတူ ကျောင်းတက်မယ့် ကလေးတွေနဲ့ ခဏခဏ တွေ့ဆုံစေပြီး အတူတူ ကစားတာမျိုး စီစဉ်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်တတ်အောင်၊ မျှဝေတတ်အောာင်၊ သူငယ်ချင်းဆက်ဆံရေး တည်ဆောက်တတ်အောင် သင်ကြားပေးပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမှလည်း ကလေးတွေ ကျောင်းတက်ရတာ ပျော်ပါလိမ့်မယ်။

 

၆။ တစ်သမတ်တည်း လုပ်ရိုးလုပ်စဉ်တစ်ခု ဖန်တီးပါ။

ပုံမှန်အိပ်ချိန်၊ ထမင်းစားချိန်၊ အိမ်စာလုပ်ချိန်နဲ့ ကစားချိန်တွေကို သတ်မှတ်ပါ။ အိမ်စာလုပ်ချိန်ကိုတော့ ကိုယ်တိုင် သတ်မှတ်တာထက် ကလေးနဲ့ တိုင်ပင်ကာ သူတို့ စိတ်တည်ငြိမ်မယ့်အချိန်ကို ရွေးပြီး နေ့စဉ်အချိန်ဇယား ဆွဲထားပါ။ တစ်သမတ်တည်း အချိန်ခွဲပြီး လေ့ကျင့်ပေးတဲ့အခါ ငယ်စဉ်ကတည်းက အချိန်စီမံခန့်ခွဲမှုကို လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။

 

၇။ ယုံကြည်မှုကို မြှင့်တင်ပါ။

သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေကို ချီးကျူးဖို့ လုံး၀ မမေ့ပါနဲ့။ မှားတာဖြစ်စေ၊ မှန်တာဖြစ်စေ ဆရာ စာမေးတဲ့အခါ ကိုယ်ထင်တာကို ဖြေဖို့ တိုက်တွန်းပါ။ စိတ်လှုပ်ရှားခြင်းဆိုတာ ပုံမှန်ဖြစ်ကြောင်း သူတို့ကို နားလည်အောင် ရှင်းပြပါ။ အပြောင်းအလဲကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ယုံကြည်မှု တည်ဆောက်ပေးပါ။


မိဘတွေအနေနဲ့ အိမ်မှာ ဒီလို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ပြီး ပံ့ပိုးကူညီနိုင်မယ်ဆိုရင် ကလေးတွေဟာ အတန်းအကူးအပြောင်းကို ယုံကြည်မှုအပြည့်နဲ့ စိတ်အားထက်သန်စွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

 

Primary Read 9 times