လပတ်စာမေးပွဲစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်းအားလုံးဖွင့်ပြီးမှ စစ်ဆေးမည်

အခြေခံပညာအထက်တန်းကျောင်း အားလုံးဖွင့်ပြီးမှသာ ကျောင်းတွင်စစ်သော လပတ်စာမေးပွဲများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

အခြေခံပညာအထက်တန်း ကျောင်း ၇၀၀၀ ကျော်ရှိရာ လက်ရှိအချိန်တွင် ကျောင်းပေါင်း ၄၆၀၀ ကျော်ဖွင့်ထားပြီဖြစ်သည်။ ယခုအခါ ကျောင်းပေါင်း ၂၀ဝဝကျော်ဖွင့်လှစ်ရန် ကျန်သေးပြီး အထက်တန်းကျောင်းများအားလုံးဖွင့်ပြီးမှသာ ကျောင်းတွင်စစ်သော လပတ်စာမေးပွဲများကို စစ်ဆေးသွားမည်ဟုသိရသည်။

အဆိုပါ လပတ်စာမေးပွဲ စစ်ဆေးရာတွင် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ ဖွင့်ခွင့်ရသေ ာကျောင်းများအနေနှင့် မိမိကျောင်းတွင် သင်ကြားသောသင်ခန်းစာပြီးသည့်အထိစစ်ဆေးရမည်ဖြစ်ပြီး အလားတူနောက်ကျမှဖွင့်ခွင့်ရသော ကျောင်းများ အနေနှင့်လည်း သင်ကြားထားသော သင်ခန်းစာများ ပြီးသည့်အထိသာ စစ်ဆေးရမည်ဖြစ်ပြီး ကျောင်းအားလုံး တစ်သမတ်တည်းဖြစ်မည် မဟုတ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ရှင်းပြသည်။

ကလေးများကျောင်းမှာသင်ပြီး သောသင်ခန်းစာတွေကို ကျေညက်မှု ရှိ၊ မရှိ၊ ဘယ်လောက်ထိ သဘောပေါက်နားလည်၊ တတ်မြောက်သွားလဲဆိုတာကို ဆန်းစစ်တဲ့အတွက်ကြောင့် ဒါတွေကိုသီးသန့် အစီအစဉ်နဲ့လုပ်မှာပါ။ အထက်တန်း အဆင့်ကျောင်းတွေအားလုံး မဖွင့်နိုင်သေးလို့ ခဏစောင့်နေတာ။ အကုန်လုံး ဖွင့်နိုင်ပြီဆိုရင် တိုင်းပညာရေးမှူးတွေကို အစည်းအဝေးခေါ်ပြီးညှိသွားမှာပါ" ဟု ၎င်းကပြောကြားသည်။

ယခုပညာသင်နှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးကြောင့် ကျောင်းဖွင့်ချိန် တစ်လကျော် နောက်ကျခဲ့ကာ လက်ရှိတွင် အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၄၆၀ဝကျော်သာ ဖွင့်လှစ်ထားကြောင်း၊ ၂ထောင်ကျော်ဖွင့်လှစ်ရန် ကျန်ရှိ နေပြီး ထို့အပြင် အလယ်တန်း အဆင့်၊ မူလတန်းအဆင့်ကျောင်းပေါင်း ၄ သောင်း ကျော်ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း ယခုနှစ်သည် Grade-4, Grade-7, Grade-10 တို့သင်ရိုး အသစ်များပြောင်းလဲသင်ကြားမည့်နှစ်လည်း ဖြစ်သည်။

အခြေခံပညာအထက်တန်းဖြစ်သော Grade-10 နှင့် Grade-11 တို့ကို တစ်ပတ်ခြားဖွင့်လှစ်ထားပြီး နေ့စဉ်ကျောင်း တက်နေသော ကျောင်းသားဦးရေမှာ ၇ သိန်းခန့်ရှိပြီး ယင်းအတန်းနှစ်ခုတွင်တက်ရောက်နေသော ကျောင်းသား စုစုပေါင်း ၁ သန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice

Latest Post News Read 7765 times