ပုဂ္ဂလိကကျောင်းတွေမှာ ဘာသာစကားစုံ ပညာရေးက ဘာကြောင့် အရေးပါတာလဲ?

 

ဘာသာစကားစုံ ပညာရေး (Multilingual Education) ဆိုတာ ကျောင်းမှာ သင်ကြားရေး ကြားခံ ဘာသာစကားအဖြစ် ဘာသာစကား (၂) မျိုးထက်ပိုပြီး အသုံးပြု သင်ကြားခြင်းကို ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်းတွေ များသောအားဖြင့် နိုင်ငံတကာကျောင်းတွေမှာ မိခင်ဘာသာစကား မြန်မာနဲ့ နိုင်ငံတကာသုံး ဘာသာစကား အင်္ဂလိပ်တို့အပြင် စပိန်၊ ပြင်သစ်၊ တရုတ်၊ ဂျပန် တို့လိုဘာသာစကားတွေကိုလည်း အသုံးပြု သင်ကြားပေးနေပါတယ်။ 

 

ကျောင်းသားတွေအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာ ပညာရေးလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေးကို အဓိကထားတဲ့ ပုဂ္ဂလိကကျောင်းတွေဟာ ဘာသာစကားစုံ ပညာရေးကို နေရာပေးတာ တွေ့ရပါတယ်။ ဒါကြောင့် ပုဂ္ဂလိကကျောင်းတွေမှာ ဘာသာစကားစုံ ပညာရေး ဘာကြောင့် အရေးကြီးတာလဲ၊ ကျောင်းသား၊ ကျောင်းနဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးပြုလဲဆိုတာ မျှဝေသွားမှာ ဖြစ်ပါတယ်။ 

 

၁။ နိုင်ငံတကာကို ထိုးဖောက်အောင်မြင်နိုင်ခြင်း

ဘာသာစကားမျိုးစုံကို ပြောဆိုနိုင်မှုက ယနေ့ခေတ် စီးပွားရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း ပုဂ္ဂလိကကျောင်းတွေက အသိအမှတ်ပြုထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဘာသာစကားတစ်ခုထက်ပိုပြီး တတ်မြောက်ထားတဲ့ ကျောင်းသားတွေဟာ နိုင်ငံတကာစီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးတွေမှာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် အခွင့်အရေး ပိုရနိုင်ပါတယ်။ ဥပမာ - မက်ဒရင်း၊ စပိန်၊ ပြင်သစ် တို့လို ဘာသာစကားတွေကို ကျွမ်းကျင်ရင် အဆင့်မြင့်ပညာရေးနဲ့ ကမ္ဘာ့အလုပ်အကိုင်စျေးကွက် ပြိုင်ဆိုင်မှုမှာ အသာစီးရမှာ ဖြစ်ပါတယ်။ 
 

၂။ သိမြင်နိုင်စွမ်းနဲ့ ပညာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိခြင်း

ဘာသာစကားမျိုးစုံကို သင်ယူခြင်းက သိမြင်နိုင်စွမ်းနဲ့ ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ သိသာတဲ့ အချက်တွေအနေနဲ့ ပြသနာဖြေရှင်းနိုင်ခြင်း၊ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ထိုးထွင်းသိမြင်နိုင်ခြင်း စွမ်းရည်တွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

နောက်ပြီး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်မှုတို့ မြင့်တက်လာမယ့်အပြင် အလုပ်တွေကို တစ်ပြိုင်နက်တည်း လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ သိမြင်နိုင်မှု စွမ်းရည်ကြောင့် စံသတ်မှတ်ထားတဲ့ စာမေးပွဲတွေမှာလည်း ရမှတ်တွေ ပိုကောင်းလာနိုင်ပါတယ်။ ဘာသာစကားနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုတဲ့ ဘာသာစကားတွေကို သင်ကြားရခြင်းကြောင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။ 

 

၃။ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုနှင့် စာနာမှုကို တိုးပွားစေခြင်း

ဘာသာစကားစုံ ပညာရေးက ကျောင်းသားတွေအား မတူကွဲပြားတဲ့ ကမ္ဘာ့အမြင်တွေကို သိရှိစေခြင်းကြောင့် အမြင်ကျယ်လာပြီး ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်လည်း ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေက ဘာသာစကားသင်ယူရင်းနဲ့ သက်ဆိုင်ရာ ဘာသာစကားရဲ့ ဓလေ့ထုံးတမ်းတွေ၊ တန်ဖိုးထားမှုတွေ၊ သမိုင်းကြောင်းတွေကို လေ့လာနိုင်မှာပါ။

ဒီလိုနဲ့ မတူကွဲပြားမှုတွေအပေါ်မှာ တန်းတူဆက်ဆံလာနိုင်မှု၊ စာနာနားလည်နိုင်မှုတို့ တိုးပွားလာမှာ ဖြစ်ပြီး ဘက်လိုက်မှုတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေက ဘာသာစကားတွေ များစွာ တက်မြောက်ခြင်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တယ်လို့တောင် ပြောကြတာ ဖြစ်ပါတယ်။

 

၄။ ယုံကြည်မှုနှင့် ပြောဆိုဆက်ဆံရေး စွမ်းရည်များ တိုးလာခြင်း

ဘာသာစကား မတူတဲ့ ကျောင်းသားအချင်းချင်း ပြောဆိုဆက်သွယ်နိုင်ဖို့ ကူညီပေးနိုင်တာက ဘာသာစကားစုံ ပညာရေးပဲ ဖြစ်ပါတယ်။ ကျောင်းမှာ အတက်များတဲ့ ကျောင်းသားတွေရဲ့ ဘာသာစကား (သို့) အသုံးပြုတဲ့ သင်ရိုးရဲ့ ဘာသာစကားကို မိခင်ဘာသာစကားနဲ့အတူ သင်ကြားပေးသင့်ပါတယ်။ ရလဒ်အနေနဲ့ အချင်းချင်း ပြောဆိုဆက်ဆံရေးမှာ ယုံကြည်မှု တိုးလာစေပြီး အများရှေ့ထွက်ပြီး ပြောဆိုရတဲ့အခါမှာလည်း မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေပါတယ်။ ကျောင်းက ဘာသာစကားနောက်ခံ မတူတဲ့ သူငယ်ချင်းတွေနဲ့လည်း ပိုမို ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်ပါတယ်။ 

 

၅။ ကျောင်းကို မိဘများ စိတ်ဝင်စားလာခြင်း

ဘာသာစကားစုံ ပညာရေးကို အသုံးပြု သင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေက နိုင်ငံတကာအဆင့်မီပညာရေးမှာ နာမည်ရလာပြီး မိဘတွေကိုလည်း ပိုပြီး ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်မိဘမဆို မိမိသားသမီးရဲ့ အနာဂတ် ပညာရေးအတွက် အကောင်းဆုံးတွေကိုသာ ပေးချင်တာဖြစ်လို့ ဘာသာစကားစုံ ပညာရေးကို သင်ကြားပေးတဲ့ ကျောင်းတွေကိုသာ ပိုပြီး ရွေးချယ်မှာပါ။ ဘာကြောင့်လဲဆိုရင် ဘာသာစကားစုံ သင်ကြားခြင်းက ပညာရေး ထူးချွန်မှုအပြင် ဘက်စုံဖွံ့ဖြိုးရေးကို ပေးဆောင်နိုင်ပြီး နိုင်ငံတကာမှာ ကျင်လည်နိုင်ဖို့ အဆင်သင့်ဖြစ်စေလို့ပါ။

 

ကမ္ဘာကြီးက ရွာကြီးသဖွယ်ဖြစ်လာတဲ့ ခေတ်မှာ ဘာသာစကားစုံ ပညာရေးက ကျောင်းသားတွေအတွက် ပညာရေးထူးချွန်မှုကို မြှင့်တင်နိုင်ရုံသာမက အမြင်ကျယ်ပြီး နိုင်ငံတကာ ယဉ်ကျေးမှုကိုလည်း သိရှိနားလည်စေပါတယ်။ ဒါကြောင့် ကျောင်းဘက်ကနေ ကျောင်းသားတွေအတွက် စိတ်ကြိုက် ဘာသာစကား သင်ယူနိုင်ဖို့ ရွေးချယ်စရာ ဘာသာစကား အမျိုးမျိုးကို ပံ့ပိုးပေးသင့်တာ ဖြစ်ပါတယ်။ 

 

High Primary Secondary Read 13 times