အနုပညာသင်တန်းတက်ရင်း အထက်တန်း ပြီးမြောက်ကြောင်းလက်မှတ် ရယူလိုလား?

ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အနုပညာအထက်တန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပန်တျာသင်တန်းနှင့် ပန်းချီပန်းပုသင်တန်းသို့ တက်ရောက်ရန် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။

အနုပညာကို သီးသန့်သင်ကြားလိုသော လျှောက်ထားသူများသည် ပန်တျာသင်တန်းနှင့် ပန်းချီပန်းပုသင်တန်းတို့ကို လျှောက်ထားရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းနှင့် အနုပညာကို တွဲဖက်သင်ကြားလိုသူများသည် စာပေနှင့်အနုပညာသင်တန်းကို လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသူများသည် -

  • အသက် (၁၃) နှစ်မှ (၁၇) နှစ်အတွင်း ရှိရမည်။
  • ပန်တျာ (ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် သတ္တမတန်း (စနစ်ဟောင်း) (သို့) အဌမတန်း (စနစ်သစ်) အောင်မြင်သူ ဖြစ်ရမည်။
  • စာပေနှင့် အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဌမတန်း (စနစ်ဟောင်း) (သို့) န၀မတန်း (စနစ်သစ်) အောင်မြင်သူဖြစ်ရမည်။
  • ပန်းချီ/ပန်းပု သီးသန့်သင်တန်းနှင့် စာပေနှင့်အနုပညာ (ပန်းချီ/ပန်းပု) တွဲဖက်သင်တန်းအတွက် အဌမတန်း (စနစ်ဟောင်း) (သို့) န၀မတန်း (စနစ်သစ်) အောင်မြင်သူဖြစ်ရမည်။

စာပေနှင့် အနုပညာတွဲဖက်သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများသည် အနုပညာဘာသာရပ်အပြင် ဒသမတန်း (Grde 10)၊ ဧကာဒသမတန်း (Grade 11)၊ ဒွါဒသမတန်း (Grade 12) တို့ကို ပူးတွဲသင်ကြားခွင့် ရရှိပါမည်။

ပညာသင်ကြားနေသည့် ကာလများတွင် တစ်လလျှင် (၃) သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ် ဖြစ်သည်။ 

သင်တန်းကာလပြီးမြောက်ပါက အနုပညာအထက်တန်းကျောင်းသင်တန်းဆင်းလက်မှတ် (Certificate) နှင့် အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ခြင်းလက်မှတ် (Completion Certificate) ရရှိပါမည်။

ပန်တျာသင်တန်းတွင် အက၊ ဆိုင်း၊ နှဲ၊ တယော၊ စန္ဒရား၊ စောင်းနှင့် ပတ္တလားဘာသာရပ်များကို သင်ကြားပို့ချပြီး မသင်မနေရ ဘာသာရပ်အဖြစ် သင်္ကေတ၊ ကဗျာနှင့် အဆိုပညာရပ်များကို လည်းကောင်း၊ ပန်းချီပန်းပုသင်တန်းတွင် အခြေခံပန်းချီ၊ လုပ်ငန်းပန်းချီ၊ ရသပန်းချီ၊ မြန်မာ့ရိုးရာပန်းချီနှင့် ပန်းပုပညာရပ်များကိုလည်းကောင်း၊ အထက်တန်းဘာသာရပ်များနှင့် တွဲဖက်ကာ သင်ကြားလျက်ရှိသည်။

လျှောက်ထားလိုသူများသည် အနုပညာဦးစီးဌာန၏ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၀၃၇၊ ၀၆၇၃၄၀၈၄၄၃၊ ၀၁-၉၅၅၅၆၄၂၊ ၀၂-၄၀၆၁၁၆၉ တို့သို့ စုံစမ်းမေးမြန်း၍ ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အထိ လျှောက်ထားနိုင်သည်။

အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ အမှတ် (၁၃၁)၊ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)၊ ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၅၆၄၂ နှင့် အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ၂၀-၂၂ လမ်းကြား၊ ၆၆ လမ်း၊ နန်းရှေ့၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀ တို့ကိုလည်း ဆက်သွယ်စုံစမ်းနိုင်သည်။  

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

High Latest Post Local News Read 326 times