ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ၏ အချက်အလက်များအရ ထိုင်းတွင် တက္ကသိုလ်ဘွဲ့ရ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာကြောင်း သိရသည်။ NESDC ၏ နောက်ဆုံးရ စာရင်းများအရ လက်ရှိ ထိုင်းတွင် လူပေါင်း (၃၅၈,၀၀၀) သည် အလုပ်လက်မဲ့ဖြစ်နေပြီး ထိုထဲတွင် ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူ (၉၁,၀၀၀) ပါဝင်ကြောင်း တင်ပြထားသည်။
အလုပ်အကိုင် ရရှိသူ အားလုံးပေါင်း (၄၀.၁၁) မီလီယံ ရှိပြီး ယခင်နှစ်ကထက် (၀.၄)% ကျဆင်းသွားသည်။ အလယ်ပိုင်းဒေသသည် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြင့် အလုပ်လက်မဲ့ဦးရေ (၁.၂၉) မီလီယံ ရှိပြီး တောင်ပိုင်းတွင် (၆၀၀,၀၀၀) နှင့် ဘန်ကောက် (၅၃၀,၀၀၀) တို့ ရှိကြောင်း သိရသည်။
ထိုင်းပုဂ္ဂလိကအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများအသင်း (APHEIT) ၏ ဥက္ကဋ္ဌဖြစ်သူ Thanawat Polvichai က ဘွဲ့ရခါစ အလုပ်မရရှိသူဦးရေသည် (၄၁၀,၀၀၀) အထိ မြင့်တက်လာကြောင်း တင်ပြထားသည်။
"ဘွဲ့တစ်ခုခုရထားသူတွေတောင် အလုပ်အကိုင်ရရှိဖို့ ပိုခက်ခဲလာနေပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း ဘွဲ့ရစလူတွေကို ဝန်ထမ်းအဖြစ် ခန့်ဖို့ ချီတုံချတုံဖြစ်နေတယ်။ အခြေအနေက Trump 2.0 ပေါ်လစီကြောင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုတွေနဲ့လည်း ပတ်သက်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
စီးပွားရေးတိုးတက်စေရန် အစိုးရက ဘတ်ငွေ ၁၀,၀၀၀ တစ်ကြိမ် ထောက်ပံ့ပေးမှုအစီအစဉ် (10,000-baht digital wallet scheme) နှင့် အခွန်လျှော့ပေါ့သက်သာခွင့် (tax incentives) များကို မိတ်ဆက်ပေးခဲ့ပြီး ဤကြိုးပမ်းမှုများကြောင့် တတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုရှိလာမည်ဟု ဒုတိယဘဏ္ဍာရေးဝန်ကြီး Julapun Amornvivat က ယုံကြည်သည်။
သို့သော်လည်း ကျွမ်းကျင်သူများက အလုပ်အကိုင်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပြောင်းလဲမှု လိုအပ်နေသေးကြောင်း အလေးပေးဖော်ပြထားသည်။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန (TDRI) သည် အစိုးရအား ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဘွဲ့ရများအား အလုပ်ရရှိရေး သေချာစေရန်အတွက် အလုပ်သင်အစီအစဉ်များနှင့် အသက်မွေးဝမ်းကြောင်း လေ့ကျင့်ရေးအစီအစဉ်များကို မြှင့်တင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန (TDRI) ၏ လေ့လာမှုတစ်ခုအရ အလုပ်ခန့်အပ်မှုပေါင်း (၂၂၁,၀၀၀) တွင် (၂၂)% ကသာ အတွေ့အကြုံမရှိသူများကို လက်ခံပြီး အများစု (၃၈.၃)% သည် အတွေ့အကြုံ (၁) နှစ် (သို့) (၂) နှစ် လိုအပ်ကြောင်း သိရသည်။
နှစ်စဉ် ကျောင်းသား (၄၂၀,၀၀၀) ဝန်းကျင် ဘွဲ့ရရှိသော်လည်း (၂၅၄,၀၀၀) သာ အလုပ်ရှာဖွေကြပြီး ကျန်ရှိနေသည့် (၁၆၀,၀၀၀) ကျော်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်သည် (သို့) ငွေကြေးပံ့ပိုးမှုအတွက် မိဘများကိုသာ အားကိုးသည်။
Source - TheNation