အလယ်တန်းရောက်ရင် စတင် သင်ကြားနိုင်တဲ့ နည်းပညာဆိုင်ရာ ဘာသာရပ် (၆) ခု

 

အရှိန်အဟုန်မြန်မြန် တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ နည်းပညာဟာ ပညာရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ရန်ကုန်ရှိ နိုင်ငံတကာကျောင်းတွေက ကျောင်းသားတွေရဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးရမှာ နည်းပညာရဲ့ အရေးကြီးမှုကို အသိအမှတ်ပြု လက်ခံထားတာဖြစ်တဲ့အတွက် နည်းပညာဆိုင်ရာ ဘာသာရပ်တချို့ကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ကြားပေးပါတယ်။

 

ဒီဘာသာရပ်တွေဟာ ကျောင်းသားတွေကို ဒစ်ဂျစ်တယ် ကမ္ဘာမှာ ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ပေးစွမ်းနိုင်ရုံသာမက တီထွင်ဖန်တီးနိုင်မှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်မှုတို့ကိုလည်း တိုးတက်စေပါတယ်။

 

ဒါကြောင့် နိုင်ငံတကာကျောင်းတွေမှာ ဘယ်လို နည်းပညာဘာသာရပ်တွေကို သင်ကြားပေးနေလဲဆိုတာ မျှဝေပေးသွားပါမယ်။

 

၁။ Information Technology (IT)

သတင်းအချက်အလက်နည်းပညာက နိုင်ငံတကာအလယ်တန်းကျောင်းတွေမှာ သင်ကြားပို့ချပေးတဲ့ အဓိက ဘာသာရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဘာသာရပ်ကို သင်ကြားရခြင်းက ကျောင်းသားတွေအနေနဲ့ ကွန်ပျူတာတွေ၊ ဒစ်ဂျစ်တယ် ကိရိယာတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျောင်းသားတွေက ကွန်ပျူတာ ဟာ့ဒ်ဝဲပိုင်း၊ ဆော့ဖ်ဝဲပိုင်းတွေကို လေ့လာရမှာပါ။ Microsoft Word , Excel , PowerPoint အသုံးပြုပုံနဲ့ အင်တာနက်ကို အန္တရာယ်ကင်းကင်း အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို သင်ကြားပေးပါတယ်။

ဒီဘာသာရပ်က ကျောင်းသားတွေရဲ့ ဒစ်ဂျစ်တယ် အသိပညာ တတ်မြောက်မှုကို တိုးတက်စေပြီး ရိုးရှင်းတဲ့ စကားလုံး ပြင်ဆင်ခြင်းမှ ရှုပ်ထွေးတဲ့ ဒေတာစီမံခန့်ခွဲမှုအထိ လုပ်ဆောင်နိုင်ဖို့ အခြေခံ ရသွားစေမှာ ဖြစ်ပါတယ်။

 

၂။ Computer Science

ပိုမို အဆင်မြင့်တဲ့ နည်းပညာဆိုင်ရာ အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် Computer Science ပညာရပ်ကို တချို့ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ရွေးချယ် သင်ကြားနိုင်ပါတယ်။

ဒီဘာသာရပ်မှာတော့ Programming Languages (ဥပမာ - Python, Java) ၊ Algorithms (ဒေတာနဲ့ ကွန်ပျူတာဆိုင်ရာ ပြသနာဖြေရှင်းချက်) ၊ Computer Operating (ကွန်ပျူတာ အလုပ်လုပ်ပုံ) ၊ Software Engineering (ဆော့ဖ်ဝဲ ဖန်တီးတည်ဆောင်မှု) တို့ကို လေ့လာရမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေက အက်ပလီကေးရှင်း ဒီဇိုင်းဆွဲခြင်းနဲ့ ကုဒ်ရေးခြင်းစတဲ့ ပရောဂျက်တွေကို လက်တွေ့ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကိုလည်း ရရှိစေမှာပါ။

 

၃။ Design and Technology

ဒီဇိုင်းနဲ့ နည်းပညာ ဘာသာရပ်ကတော့ ဒီဇိုင်းဖန်တီးမှုပိုင်းကို ပိုပြီး အားသန်တဲ့ ကျောင်းသားတွေအတွက် ဖြစ်ပါတယ်။ ဒီဘာသာရပ်မှာတော့ ကျောင်းသားတွေက ဒီဇိုင်းအခြေခံစည်းမျဉ်းတွေ၊ ပစ္စည်းတွေနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ၊ CAD (Computer-Aided Design) တို့လို ဆော့ဖ်ဝဲ အသုံးပြုပုံတွေကို လေ့လာ သင်ယူကြရမှာပါ။

ဒီဘာသာရပ်ကြောင့် ကျောင်းသားတွေဟာ ထုတ်ကုန်တွေ ဒီဇိုင်းဆွဲတဲ့အခါ၊ လက်တွေ့ကမ္ဘာပြဿနာတွေကို ဖြေရှင်းတဲ့အခါ နည်းပညာကို ဘယ်လို အသုံးပြုနိုင်ကြောင်း သိနိုင်မှာ ဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို လက်တွေ့ကျွမ်းကျင်မှုနဲ့ ပေါင်းစပ်ထားတာကြောင့် ကျောင်းသားတွေဟာ လက်တွေ့ ပရောဂျက်တွေမှာ ပါဝင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဥပမာ - 3D အရာ၀တ္ထုတွေ ရေးဆွဲတာ၊ ထုတ်လုပ်မယ့် ကုန်ပစ္စည်းတွေရဲ့ စံနာမူနာပုံစံ ဖန်တီးတာ စတဲ့ နည်းပညာနဲ့ ဒီဇိုင်းပေါင်းစပ်ပြီး ပရောဂျက်တွေ လုပ်ရမှာပါ။

 

၄။ Digital Media

ဒစ်ဂျစ်တယ်မီဒီယာဆိုတာ ဓာတ်ပုံ၊ ဗီဒီယို၊ ကာတွန်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေအပါအဝင် တခြားသော Digital Content တွေကို ဖန်တီးခြင်းနဲ့ စီမံခန့်ခွဲခြင်းတို့ကို လေ့လာရတဲ့ ဘာသာရပ် ဖြစ်ပါတယ်။

ဒီဘာသာရပ်မှာ ကျောင်းသားတွေက Adobe Photoshop၊ Illustrator နဲ့ Premiere Pro တို့လို ဆော့ဖ်၀ဲတွေရဲ့ အသုံးပြုပုံတွေကို လေ့လာပြီး သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို ချပြရမှာ ဖြစ်ပါတယ်။ ဥပမာ - ဇာတ်လမ်းတိုတွေ ဖန်တီးခြင်း၊ ဝဘ်ဆိုဒ်ဒီဇိုင်း ရေးဆွဲခြင်း၊ ဒစ်ဂျစ်တယ် အနုပညာ (Animations, Photographs, Illustrations, Videos, Digital paintings, Sculpture) တွေ ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

ဒီဘာသာရပ် လေ့လာပြီးရင် ကျောင်းသားတွေက မီဒီယာ (သို့) ကြော်ငြာပိုင်းနဲ့ ပတ်သက်ပြီး နည်းပညာတွေရဲ့ အသုံးဝင်ပုံတွေကို သိရှိရမယ့်အပြင် Media Ethic နဲ့ Policy တို့ကိုလည်း နားလည်သွားမှာ ဖြစ်ပါတယ်။

 

၅။ Robotics

စက်ရုပ်နဲ့ အလိုအလျောက်စနစ်တွေ ခေတ်စားလာတာနဲ့အမျှ နိုင်ငံတကာကျောင်းတွေဟာ သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စက်ရုပ်ဖန်တီးခြင်း ပညာရပ်ကို ထည့်သွင်း သင်ကြားလာကြပါတယ်။

ဒီဘာသာရပ်မှာတော့ အလုပ်မျိုးစုံကို ပြီးမြောက်ဖို့၊ အဖွဲ့လိုက် ဆောင်ရွက်ဖို့၊ အင်ဂျင်နီယာ စွမ်းရည်တွေကို မြှင့်တင်ဖို့နဲ့ ဉာဏ်ရည်တုကို နားလည်ဖို့ စက်ရုပ်တွေကို ဖန်တီးခြင်းနဲ့ ပရိုဂရမ် ရေးဆွဲခြင်းတို့ကို သင်ကြားရမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေက စက်ရုပ်တစ်ခု ဖန်တီးရာမှာ အသုံးပြုရမယ့် နည်းပညာ လုပ်ဆောင်ချက်တွေကို သင်ယူရမှာပါ။ ဒါ့အပြင် အင်ဂျင်နီယာဆိုင်ရာ စည်းမျဉ်းမူတွေနဲ့ ကုဒ်ရေးနည်း သဘောတရားတွေကို နားလည်စေဖို့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဥပမာ - ကျောင်းသားတွေကို Lego Mindstorms kits တွေ အသုံးပြုပြီး စက်ရုပ်တွေ တည်ဆောက်စေတာ ဖြစ်ပါတယ်။ 

 

၆။ Web Development

အင်တာနက်က နိုင်ငံတကာ ဆက်သွယ်မှု ပုံသဏ္ဍာန်အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်တဲ့အတွက် Web Development ကို တက်မြောက်ထားခြင်းက မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်လာပါတယ်။

ဒီဘာသာရပ်မှာ ကျောင်းသားတွေက Website တွေကို ဒီဇိုင်းရေးဆွဲနည်း၊ ဖန်တီးတည်ထောင်နည်းနဲ့ ထိန်းသိမ်းနည်းတို့ကို လေ့လာသင်ယူကြရမှာ ဖြစ်ပါတယ်။ အပြန်အလှန် အကျိုးသက်ရောက်ပြီး အသုံးပြုသူတွေအတွက် အဆင်ပြေစေတဲ့ Website မျိုး ဖန်တီးနိုင်ဖို့အတွက် ကျောင်းသားတွေကို HTML၊ CSS နဲ့ JavaScript တို့လို ကုဒ်ဘာသာစကားတွေ သင်ကြားပေးမှာပါ။

နိုင်ငံတကာကျောင်းတွေမှာဆိုရင် Website ကို ကိုယ်တိုင် အစအဆုံး  ဖန်တီးနိုင်မယ့် အခွင့်အရေးမျိုး ရရှိမှာ ဖြစ်ပါတယ်။ ဒီဘာသာရပ်ကြောင့် ကျောင်းသားတွေဟာ Digital marketing ၊ App development (သို့) Entrepreneurship တို့မှာ အသုံးချနိုင်တဲ့ လက်တွေ့ကျတဲ့ စွမ်းရည်တွေကို ရရှိသွားမှာပါ။

 

နည်းပညာက ကမ္ဘာကြီးကို ဆက်လက် စိုးမိုးနိုင်တဲ့ အခြေအနေအရ နိုင်ငံတကာကျောင်းတွေမှာ နည်းပညာအခြေခံ ဘာသာရပ်တွေ မဖြစ်မနေ သင်ကြားပေးဖို့ အရေးကြီးပါတယ်။ အထက်ပါ ဘာသာရပ်တွေဟာ ကျောင်းသားတွေအတွက် ဒီဂျစ်တယ်ခေတ်မှာ ရှင်သန်နိုင်ဖို့ ပြင်ဆင်ပြီးသားဖြစ်သွားသလို နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေမှာလည်း ပိုပြီး အလားအလာ ရှိနိုင်ပါတယ်။

 

High Secondary Read 70 times