ကျောင်းသားတွေ တက်ကြွပါဝင်လာစေမယ့် သင်ကြားနည်း (၁၀) နည်း

 

ဆရာတစ်ယောက်အနေနဲ့ အကြောင်းအရာတစ်ခုကို သင်ကြားရတဲ့အခါ ကျောင်းသားတွေအတွက် ထိရောက်တဲ့ သင်ယူမှုဖြစ်စေဖို့၊ အကြောင်းအရာကို နားလည်ရှင်းလင်းဖို့ အဓိက လုပ်ဆောင်ရပါမယ်။ ဆရာနဲ့ ကျောင်းသား အပြန်အလှန် အကျိုးသက်ရောက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှုဖြစ်စေဖို့ဆိုရင် ဒီနည်းလမ်းတွေက သေချာပေါက် အသုံးဝင်မှာပါ။

 

၁။ တွေးတောခြင်း

ကျောင်းသားတွေကို ခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တွေးတောစေပါ။ သူတို့အမြင်နဲ့ အယူအဆကို ဦးစားပေးပါ။ ပြီးရင် သူငယ်ချင်းတွေကို (သို့) အတန်းတစ်တန်းလုံးကို သူကိုယ်တိုင် နားလည်ထားသလို ပြောပြခိုင်းပါ။ လက်တွေ့ဘ၀နဲ့ ဆက်စပ်တဲ့ ပြသနာတွေ၊ ဖြစ်စဉ်တွေကို သင်ခန်းစာနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနည်းတွေ ရှာခိုင်းပါ။

 

၂။ ဂိမ်းကစားခြင်း

သင်ယူမှုကို လှုံ့ဆော်ဖို့ အမှတ်တွေ၊ အဆင့်တွေ၊ စိန်ခေါ်မှုတွေ ပါဝင်တဲ့ ဂိမ်းတွေ ကစားပေးပါ။ ဂိမ်းကစားပြီး သင်ယူနိုင်ဖို့ Kahoot၊ ပဟေဋ္ဌိမေးခွန်းတွေအတွက် Quizizz စတာတွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်းနဲ့ သက်ဆိုင်တဲ့ စာသင်ခန်းတွင်း ပြိုင်ပွဲတွေနဲ့ Role-play ကစားနည်းတွေကို ဖန်တီးနိုင်ပါတယ်။

 

၃။ လက်တွေ့လုပ်ဆောင်ခြင်း

အကြောင်းအရာတစ်ခုရဲ့ သဘောတရား၊ အယူအဆတွေကို သိရှိနားလည်စေမယ့် အကောင်းဆုံး နည်းလမ်းကတော့ လက်တွေ့လုပ်ဆောင်စေခြင်းပါ။ စမ်းသပ်ခန်းတွေ၊ ဓာတ်ခွဲခန်းတွေမှာ လက်တွေ့စမ်းသပ်တာ၊ ပရောဂျက်တွေကို ကိုယ်တိုင်ဖန်တီးတာ၊ စာသင်ခန်းပြင်ပ လေ့လာရေးခရီးတွေ ပို့ဆောင်ပြီး အတွေ့အကြုံရတဲ့ သင်ယူမှု အခွင့်အလမ်းတွေကို ပေးဆောင်သင့်ပါတယ်။

 

၄။ နည်းပညာအသုံးပြုခြင်း

စိတ်ကူးနဲ့သာ ပုံဖော်နိုင်တဲ့ အရာတွေ အထူးသဖြင့် သိပ္ပံသဘောတရားတွေကို မြင်သာထင်သာရှိစေဖို့ ဗီဒီယိုတွေ၊ အန်နီမေးရှင်းတွေ၊ Virtual simulation တို့လို ကိရိယာတွေကို အသုံးပြုနိုင်ပါတယ်။ Augmented reality (AR) (သို့) Virtual reality (VR) တို့ကို အသုံးပြုပြီး နက်နဲတဲ့ သင်ယူမှု အတွေ့အကြုံတွေကို ပံ့ပိုးပေးနိုင်ပါတယ်။

 

၅။ ပူးပေါင်းလုပ်ဆောင်ခြင်း

အဖွဲ့လိုက် ပရောဂျက်တွေ လုပ်ဆောင်စေခြင်း၊ အချင်းချင်း ရှင်းပြစေခြင်းတို့က အကြောင်းအရာတစ်ခုအပေါ် နားလည်မှုကို နက်ရှိုင်းစေရုံသာမက အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ဆက်သွယ်မှုစွမ်းရည်ပါ တိုးတက်လာစေပါတယ်။ ကျောင်းသားတွေက ပုံမှန်သင်နေကျအတိုင်း သင်ကြားရတာထက် သူတို့နီးစပ်တဲ့ သင်ယူမှုနည်းလမ်းနဲ့ အချင်းချင်း ရှင်းပြ သင်ယူရတာကို ကြိုက်ပါတယ်။

 

၆။ ပုံပြင်ပြောခြင်း

စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေက အာရုံစူးစိုက်မှုကို ဖမ်းစားပြီး အာရုံစူးစိုက်မှု ကြာချိန်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ဆရာတွေက ဇာတ်လမ်းနဲ့ ဆက်စပ်နေတဲ့ အယူအဆတွေကို ရှင်းပြနိုင်ပါတယ် သို့မဟုတ် ကျောင်းသားတွေကိုယ်တိုင်ကို ဇာတ်လမ်း ဖန်တီးစေပါ။ ဒီနည်းလမ်းက သူတို့ရဲ့ နားလည်နိုင်စွမ်းနဲ့အတူ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

 

၇။ အမြင်အာရုံအကူအညီယူခြင်း

ကျောင်းသားတွေအတွက် သင်ခန်းစာတွေကို ဗီဒီယိုတွေ၊ ဂရပ်တွေ၊ ပုံကြမ်းတွေ ပြပြီး သင်ကြားတဲ့အခါ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို လွယ်လွယ်ကူကူ နားလည်စေပါတယ်။ အမြင်အာရုံနဲ့မှ လေ့လာမှု အားကောင်းတဲ့ ကျောင်းသားတွေအတွက် ပိုပြီး သုံးသင့်တဲ့ နည်းလမ်းပါ။ သတင်းအချက်အလက်တွေကို မြင်သာအောင် တင်ပြခြင်းဟာ မှတ်မိနိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းကို တိုးစေပါတယ်။

 

၈။ အိမ်စာများပေးခြင်း

သမားရိုးကျ စာရ/မရကို စာမေးပွဲ စစ်ကြည့်ပြီး မေးတာမျိုးထက် Assignments တွေ၊ Presentation တွေ၊ Project တွေကို လုပ်ဆောင်စေတာဟာ နှုတ်တိုက်စာကျက်ပျင်းတဲ့ ကျောင်းသားတွေအတွက် အထူး သင့်တော်ပါတယ်။ နားလည်မှုစွမ်းရည်ကို စစ်ဆေးတဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ကျောင်းသားတွေအတွက် ဖိအားနည်းနိုင်သလို လွတ်လပ်တဲ့ အတွေးအခေါ်တွေကိုလည်း ရရှိလာနိုင်ပါတယ်။

 

၉။ မေးခွန်းများများမေးခြင်း

မေးခွန်းတွေမေးပြီး ကျောင်းသားတွေကို သုတေသနနဲ့ စမ်းသပ်မှုတွေမှတစ်ဆင့် အဖြေတွေကို ဖော်ထုတ်စေပါ။ သူတို့ရဲ့ သိချင်စိတ်တွေအပေါ် အားပေးပါ။ သူတို့ တွေ့ရှိချက်တွေအပေါ်လည်း မှန်ကန်ကြောင်း ထပ်ပြီး သက်သေပြခိုင်းတာမျိုး၊ ပြသနာကို ဖြေရှင်းခိုင်းတာမျိုး စတဲ့ စိန်ခေါ်မှုတွေ လုပ်ဆောင်စေပါ။
 

၁၀။ ဟာသနှင့် စိတ်အားထက်သန်ခြင်း

နောက်ထပ် အရေးကြီးတာက စာသင်ကြားတဲ့အခါ ကျောင်းသားတွေရဲ့ စိတ်ခံစားချက်ကို ပေါ့ပါးစေဖို့အတွက် ဟာသလေး ရောပြီး သင်ဖို့ ဂရုပြုပါ။ စိတ်ခံစားချက်က ကူးစက်တတ်တာကြောင့် ကိုယ့်ဘက်က သင်ကြားရေးအပေါ်မှာ စစ်မှန်တဲ့ စိတ်အားထက်သန်မှုကို ပြမယ်ဆိုရင် ကျောင်းသားတွေဆီကလည်း သင်ယူမှုမှာ တက်ကြွပါဝင်မှုကို ရရှိစေမှာပါ။

 

ဖော်ပြပါ နည်းလမ်းတွေကို သင်ကြားရေး တစ်စိတ်တစ်ပိုင်းအဖြစ် တစ်လှည့်စီ အသုံး‌ပြုသင့်ပါတယ်။ ဒါမှ ဆရာနဲ့ ကျောင်းသားကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုကို ရေရှည်တည်တံ့စေတဲ့အပြင် တက်ကြွတဲ့ သင်ယူမှုပတ်ဝန်းကျင်ကိုလည်း ဖန်တီးနိုင်ပါတယ်။

 

High Secondary Read 125 times