ဖိလစ်ပိုင်တွင် ဆရာများအား တစ်ရက်ကို ၆ နာရီထက် စာသင်ကြားခိုင်းခွင့်မရှိ

 

ဖိလစ်ပိုင် ပညာရေးဌာန (DepEd) မှ စက်တင်ဘာလ (၂၇) ရက်နေ့တွင် အစိုးရကျောင်းများသည် ဆရာ၊ ဆရာမများအား တစ်နေ့လျှင် သင်ကြားမှု ခြောက်နာရီထက် ပိုလုပ်ရန် ခိုင်းစေခြင်း မပြုနိုင်ကြောင်း ထုတ်ပြန်ထားသည်။ စာသင်ကြားချိန်နှင့် ပတ်သက်ပြီး ဆရာများအဖွဲ့များမှ လပေါင်းများစွာ တောင်းဆိုမှုပြုလုပ်ပြီးသည့်အခါ အဆိုပါညွှန်ကြားချက်အား သဘောတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

 

ပညာရေးဝန်ကြီး Sonny Angara သည် ဆရာ၊ ဆရာမများ၏ အချိန်ပို သင်ကြားရေးအတွက် အပိုကြေးပေးဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ Republic Act (၄၆၇၀) အရ တစ်ရက်လျှင် စာသင်ကြားချိန် ကန့်သတ်ချက် (၆) နာရီထက်ပိုသော အချိန်များအတွက် အပိုပေးဆောင်ရမည်ဖြစ်ပြီး တစ်ရက်ကို အချိန်ပို (၂) နာရီသာ သင်ကြားခိုင်းခွင့်ရှိသည်ဟု သိရသည်။ 

 

စာသင်ခန်းအတွင်း အမှန်တကယ်သင်ကြားသည့်အချိန်နှင့် အတန်းတာဝန်များ စီမံခန့်ခွဲမှုကို ၎င်းတို့၏ ခြောက်နာရီစာသင်ကြားမှုတွင် ထည့်သွင်းနိုင်ပြီး အခြားသော အလုပ်တာဝန်များအတွက် အချိန်ကို ခြောက်နာရီတွင် ထည့်တွက်မည်မဟုတ်ပါ။ ဆရာများသည် ခြောက်နာရီကန့်သတ်ချက်ထက် ကျော်လွန်၍ စာသင်ချိန်ပိုလုပ်ရပါက အပိုချိန်များကို ၎င်းတို့၏ တစ်နာရီစာ သင်ကြားမှုနှုန်းဖြင့် မြှောက်ပြီး အချိန်ပိုကြေး ပေးဆောင်ရပါမည်။ 

 

ဆရာများသည် တစ်နေ့လျှင် စာသင်ခန်းအတွင်း ခြောက်နာရီကြာ သင်ကြားမှု ပြီးဆုံးပါက ၎င်းတို့၏ အလုပ်ချိန် ပြီးမြောက်ပြီဖြစ်ပြီး ထိုအချိန်နောက်ပိုင်း စာသင်ခန်းပြင်ပ အခြားအလုပ်များ မလုပ်ဖြစ်လျှင်တောင် လစာဖြတ်တောက်ခြင်းမျိုး မလုပ်သင့်ကြောင်း Angara မှ ပြောကြားခဲ့သည်။ 

 

ဆရာများအဖွဲ့များမှ ဆရာများ၏ အလုပ်တာဝန်ကို လျှော့ချရန် တောင်းဆိုနေကြပြီး အများစုမှာ အလုပ်ပိုလုပ်ရပြီး လစာနည်းပါးနေကြကာ သင်ကြားမှုအရည်အသွေးနှင့် ကျောင်းသားစွမ်းဆောင်ရည်ကို တစ်စိတ်တစ်ပိုင်းထိခိုက်စေသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများအတွက် မျှတပြီး အလုပ်တာဝန်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်စေရန် ထပ်တိုးတာဝန်များအတွက် မျှတသော အချိန်ပိုငွေကြေးများ ပေးအပ်ခြင်းဖြစ်သည်။ 


DepEd ၏အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားပေါင်း ၂၇ သန်းကျော်ကို ပံ့ပိုးပေးနေသည့် ဆရာ၊ ဆရာမ ၈,၈၀၀ ကျော်ရှိပြီး ဆရာရှားပါးမှုမှာ ၅၈,၀၀၀ အထိရှိကြောင်း သိရသည်။ ဆရာများ အလုပ်တာဝန်ကျေပွန်သည့်အခါ နောက်ဆုံးတွင် ကျောင်းသားများ၏ သင်ယူမှု ရလဒ်များကို မြှင့်တင်ပေးလိမ့်မည်ဟု ပညာရေးဝန်ကြီး Sonny Angara က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

သို့သော် ဆရာများအဖွဲ့များသည် သင်ကြားချိန်အပိုအတွက် ပေးသောလစာနှင့် Matatag သင်ရိုးညွှန်းတမ်းအောက်တွင် ခြောက်နာရီကြာ သင်ကြားမှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ပေးဆောင်သည့် DO 5 (Department Order No. 5 ) ကို ဆန့်ကျင်ထားပါသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်များသည့် ဆရာများကို ကူညီမည့်အစား ၎င်းတို့၏ အလုပ်များကို ပိုမိုခက်ခဲစေသည်ဟု ၎င်းတို့က ပြောသည်။

 

The Teachers' Dignity Coalition (TDC) သည် DO 5 ကို ဆိုင်းငံ့ထားရန် တောင်းဆိုထားပြီး ဆရာများ၏ဘဝ ပိုမိုခက်ခဲလာစေရန်အတွက် အခြေခံညွှန်ကြားချက်ဟု သမုတ်ထားသည်။ DO 5 သည် စာသင်ခန်းထဲတွင် ခြောက်နာရီထက် အလုပ်လုပ်သော ဆရာများအတွက် အပိုလစာ ပေးသော်လည်း မဖြစ်မနေ တစ်ရက်ကို ခြောက်နာရီ သင်ကြားရန်လည်း ခိုင်းစေပါသည်။ ထို့ကြောင့် TDC က DO 5 သည် အစိုးရကျောင်းဆရာများ၏ အခွင့်အရေးကို ဆန့်ကျင်နေသည်ဟု ဆိုသည်။ 

 

ဆရာများသည် မတူညီသော သင်ခန်းစာများစွာကို ပြင်ဆင်ခြင်း (သို့) လေ့ကျင့်မသင်ကြားရသေးသော ဘာသာရပ်နှင့် အတန်းအဆင့်များကို သင်ကြားပေးရန် တောင်းဆိုခံရမည်ကို စိုးရိမ်ကြသည်။ မကျွမ်းကျင်သည့်ဘာသာရပ်ကို တာဝန်ယူရသည့်အခါ ထိုဘာသာရပ်နှင့် အဆင်မပြေလျှင် ဆရာသာမက ကျောင်းသားများအတွက်ပါ ဖိအားပိုဖြစ်စေသည်။

 

ထို့နောက် ကျောင်းများတွင် ဆရာများ များလွန်းသည်ဟု ဆိုကာ အချို့ကို အခြားကျောင်းများသို့ ပြောင်းရွှေ့စေခြင်းဖြင့် ဆရာများ၏ ဘဝကို ပိုမိုအနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း အဆိုပါအဖွဲ့မှ ထောက်ပြပြောကြားခဲ့သည်။

 

Source - ABS CBN News ၊ One News 
 

International News Read 91 times