စင်္ကာပူနည်းပညာနှင့် ဒီဇိုင်းတက္ကသိုလ် (SUTD) သည် ဒီဇိုင်းတက္ကသိုလ်တစ်ခုအဖြစ် ထင်ရှားကျော်ကြားပြီး ယခု Design အပြင် AI ကို ပိုမိုအာရုံစိုက်ကာ ဒေါ်လာ သန်း (၅၀) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမည့် ရန်ပုံငွေအများစုသည် AI ပလပ်ဖောင်းအသစ် ဖန်တီးမှုတွင် အသုံးပြုမည်ဖြစ်ကြောင်းနှင့် AI ကို "လူသားများအတွက် အပြုသဘောဆောင်သော တုံ့ပြန်ချက်များနှင့် အကြံပြုချက်များကို ပေးဆောင်နိုင်ရန်" လေ့ကျင့်ပေးမည်ဖြစ်ကြောင်း SUTD မှ ပြောကြားခဲ့သည်။
ဘွဲ့ကြိုကျောင်းသားများအတွက် ပထမအသုတ်မှ စတင်ပြီး AI အခြေခံ သင်တန်းအား မဖြစ်မနေ သင်ကြားပေးမည်ဖြစ်ပြီး ၎င်းတို့၏ သင်ကြားရေးတစ်လျှောက်တွင်လည်း AI က မိုင်နာဘာသာရပ်တစ်ခုအနေဖြင့် ပါဝင်နေမည်ဖြစ်သည်။
ဘွဲ့လွန်ကျောင်းသားများအတွက် Design နှင့် AI အတွက် မာစတာပရိုဂရမ်တစ်ခုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ပေးဆောင်မည်ဖြစ်ပြီး ကျောင်းသားများသည် စက်မှုလုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း၍ လက်တွေ့ပရောဂျက်များတွင် ပါဝင်လုပ်ဆောင်ကြရမည်ဖြစ်သည်။
ဇန်နဝါရီလ (၁၃) ရက်နေ့ထုတ် The Straits Times နှင့် အင်တာဗျူးတွင် SUTD ဥက္ကဌ Phoon Kok Kwang က AI ကို အသုံးပြုရာတွင် "လူသားနှင့် AI" အကြား အပြန်အလှန်တုံ့ပြန်မှုများကို အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တက္ကသိုလ်သည် လူသားစွမ်းရည်များကို မြှင့်တင်နိုင်သည့် AI ကို ဖန်တီးရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီဇိုင်းနှင့် ဥာဏ်ရည်တု (Design and AI - DAI) ပရိုဂရမ်ကို ၂၀၂၂ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကျောင်းသား (၃၄) ဦးမှ ၂၀၂၄ ခုနှစ်တွင် ကျောင်းသား (၅၀) ဦးအထိ တက်ရောက်မှု ဆက်တိုက် တိုးမြင့်ခဲ့သည်။
DAI ပရိုဂရမ်တွင် ဒီဇိုင်းနှင့် အပလီကေးရှင်းများ ပိုမိုကောင်းမွန်လာစေရန် User Interface ၊ Data-driven design ၊ AI technologies နဲ့ Algorithms တို့ကို လေ့လာရပါသည်။ ပထမအသုတ် ဘွဲ့ရကျောင်းသားများ၏ ၉၀% သည် ဗိသုကာပညာနှင့် တယ်လီဖုန်းဆက်သွယ်ရေး ကဲ့သို့သော လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိကြပြီး လစာ ဒေါ်လာ (၄,၀၀၀) မှ (၆,၀၀၀) အထိ ရရှိခဲ့ကြောင်း တက္ကသိုလ်က ဆိုသည်။
ကျောင်းသားအများစုသည် အလုပ်အကိုင်များကို ရှာဖွေနိုင်ခဲ့သော်လည်း အချို့သော ကျောင်းသားများမှာမူ ၎င်းတို့၏ နည်းပညာအခြေခံအုတ်မြစ်သည် ကွန်ပျူတာသိပ္ပံကဲ့သို့သော အထူးပြုနယ်ပယ်မှ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်ပါက အားနည်းသည်ဟု ယူဆကြသည်။
SUTD ၏ DAI ပရိုဂရမ်သည် AI တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုကို ဖြေရှင်းရန် ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ AI ကို နားလည်ရုံသာမက ဒီဇိုင်းနှင့် အခြားနယ်ပယ်များတွင်ပါ အသုံးချနိုင်သော ဘွဲ့ရများ မွေးထုတ်ရန်ဖြစ်သည်။
သို့သော်လည်း အချို့သော အလုပ်ရှင်များသည် အဆိုပါဘွဲ့ရများ၏ အရေးပါပုံနှင့် ၎င်းတို့၏ အရည်အချင်းများကို မည်သို့ အကောင်းဆုံး အသုံးချရမည်ကို သတိမပြုမိသေးကြောင်း လူ့စွမ်းအားအရင်းအမြစ် အတိုင်ပင်ခံကုမ္ပဏီ Adecco မှ ဒုတိယဥက္ကဋ္ဌနှင့် အာဆီယံအကြီးအကဲ Ms Betul Genc က ပြောကြားခဲ့သည်။
အသက်မွေးဝမ်းကြောင်း အကြံပေးအဖွဲ့ NeXT ၏ တည်ထောင်သူ Mr Paul Heng က “ဒီပရိုဂရမ်ရဲ့ သင်ရိုးညွှန်းတမ်းအရ အသိပညာနဲ့ ကျွမ်းကျင်မှုတွေဟာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အထူးသဖြင့် နည်းပညာထွန်းကားလာတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်ပါလိမ့်မယ်။" ဟု ပြောကြားသည်။
Source - The Straits Times