နိုင်ငံတကာ မူလတန်းကျောင်းတွေက Grade (1-6) ကျောင်းသားတွေကို အနာဂတ် စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ပေးရာမှာ ဘက်စုံပညာရေးစနစ်ကို ပံ့ပိုးပေးတဲ့ ပထမဆုံး အခြေခံပညာကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းတွေမှာ ကျောင်းသားတွေကို ပညာရေး ထူးချွန်ရုံသာမက တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဖန်တီးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ သိမြင်မှုတို့ကိုပါ လေ့ကျင့် သင်ကြားပေးပါတယ်။
ဒါကြောင့် အတန်းပညာရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူလတန်းကျောင်းတွေမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေနဲ့ လေ့ကျင့်ပေးတဲ့ ကျွမ်းကျင်မှု စွမ်းရည်တွေကို ဖော်ပြပေးသွားပါမယ်။
အခြေခံပညာ ဘာသာရပ်များ
မူလတန်းပညာရေးတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အဓိက ဘာသာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဘာသာစကား
နိုင်ငံတကာကျောင်းတွေဖြစ်တဲ့အတွက် အင်္ဂလိပ်ဘာသာစကားကို အဓိကထား သင်ယူရမှာ ဖြစ်ပါတယ်။ ဘာသာစကား သင်ကြားရေးမှာ အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည် (၄) မျိုးလုံး အကျုံးဝင်ပါတယ်။တချို့ကျောင်းတွေမှာ ဘာသာစကား နှစ်မျိုး (သို့) နှစ်မျိုးထက်ပိုတဲ့ ဘာသာစကား သင်ယူမှုတွေလည်း ရှိပါတယ်။
၂။ သင်္ချာ
ဂဏန်းသင်္ချာ (ပေါင်း/နှုတ်/မြှောက်/စား) တို့အပြင် ဂျီသြမေတြီနဲ့ ပုစ္ဆာဖြေရှင်းခြင်းဆိုင်ရာ သင်ကြားမှုတွေဟာ ကျောင်းသားတွေအတွက် ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်မှု၊ အရေအတွက် တွက်ချက်ဆင်ခြင်နိုင်မှု၊ ပြသနာဖြေရှင်းနိုင်မှုတို့ကို တိုးမြင့်လာစေပါတယ်။
၃။ သိပ္ပံ
သိပ္ပံပညာမှာ ဇီ၀ဗေဒ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တို့ ပါဝင်ပါတယ်။ အာကာသနဲ့ စကြာဝဠာတွေ အကြောင်းကိုလည်း လေ့လာရမှာပါ။ လက်တွေ့စမ်းသပ်မှုတွေမှတဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရောဂျက်တွေအထိ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စူးစမ်းရှာဖွေလိုစိတ်နဲ့ ရှာဖွေတွေ့ရှိမှုတွေအပေါ် သုံးသပ်နိုင်တဲ့ အတွေးအခေါ်တွေကို ရင့်သန်စေပါတယ်။
၄။ လူမှုရေး
လူမှုရေး သင်ကြားမှုမှာ သမိုင်း၊ ပထဝီဝင်နဲ့ ပြည်သူ့နီတိဆိုင်ရာ သင်ခန်းစာတွေကို သင်ယူရမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ လူမျိုးတွေအကြောင်း၊ ယဉ်ကျေးမှုတွေအကြာင်း၊ လူ့ကျင့်ဝတ်တွေအကြောင်းကို သိရှိနားလည်အောင် သင်ကြားပေးမှာပါ။
အထူးပြု ဘာသာရပ်များ
နိုင်ငံတကာကျောင်းတွေဟာ ပညာရေးထူးချွန်ဖို့အပြင် ဘက်စုံဖွံ့ဖြိုးရေးက အရေးကြီးကြောင်း လက်ခံအသိအမှတ်ပြုထားတာဖြစ်တဲ့အတွက် အောက်ပါ အထူးဘာသာရပ်တွေကပါ သင်ရိုးညွှန်းတမ်းမှာ ပါဝင်ပါတယ်။
၁။ အနုပညာနဲ့ ဒီဇိုင်း
ကျောင်းသားတွေအတွက် ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်နိုင်ဖို့၊ တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့ ပုံဆွဲခြင်း၊ ပန်းချီဆွဲခြင်း၊ လက်မှုပစ္စည်းတွေ ဖန်တီးခြင်းတို့ကို လုပ်ဆောင်ရမယ့် အနုပညာနဲ့ ဒီဇိုင်းဆိုတဲ့ အတန်းချိန်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
၂။ ဂီတ
ဂီတ ဝါသနာပါသူတွေအတွက်လည်း အသံပိုင်းဆိုင်ရာ၊ တီးခတ်မှုပိုင်းဆိုင်ရာ၊ အကပိုင်းဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးပါတယ်။ ဂီတသင်ကြားရင်း ယဉ်ကျေးမှု ကွဲပြားမှုတွေကို တန်ဖိုးထား လေးစားတတ်အောင်၊ စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့လာအောင် မွေးမြူပေးခြင်း ဖြစ်ပါတယ်။
၃။ ကာယပညာ
အဖွဲ့လိုက်လုပ်ဆောင်မှု၊ စည်းကမ်းလိုက်နာမှုနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားရေးတို့အတွက် အားကစားနဲ့ ကြံ့ခိုင်ရေး လှုပ်ရှားမှုတွေကိုလည်း သင်ယူရမှာ ဖြစ်ပါတယ်။
၄။ သတင်းအချက်အလက်နဲ့ နည်းပညာ
နည်းပညာခေတ်မှာ ဒစ်ဂျစ်တယ် တတ်မြောက်မှုက မရှိမဖြစ် လိုအပ်ပါတယ်။ ကျောင်းသားတွေဟာ ကုဒ်ရေးနည်း အခြေခံတွေ၊ အင်တာနက် လုံခြုံရေး အလေ့အကျင့်တွေနဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေကို ထိထိရောက်ရောက် အသုံးပြုနည်းတို့ကို လေ့လာသင်ယူကြရမှာပါ။
ကျွမ်းကျင်မှု စွမ်းရည်တွေကို တည်ဆောက်ပေးခြင်း
ဘဝအတတ်ပညာတွေ မကျွမ်းကျင်တဲ့အခါ ပညာရေးက ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတကာကျောင်းတွေဟာ ကျောင်းသားတွေရဲ့ ဘ၀တစ်လျှောက်မှာ လိုအပ်တဲ့ စွမ်းရည်တွေကို တည်ဆောက်ပေးပါတယ်။
၁။ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ ပြသနာဖြေရှင်းနိုင်မှု
ဒီအရည်အချင်းတွေကို စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးမှုတွေ၊ အဖွဲ့လိုက် ပရောဂျက်တွေ၊ အဖွဲ့လိုက် လှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းမှတဆင့် ရရှိနိုင်ပါတယ်။
၂။ အဖွဲ့လိုက် လုပ်ဆောင်နိုင်မှုနဲ့ ပြောဆိုဆက်ဆံရေး
နိုင်ငံတကာကျောင်းတွေမှာ သင်ကြားရေးပိုင်းမှာဖြစ်ဖြစ် သင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာဖြစ်ဖြစ် ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု စွမ်းရည်ကို ရရှိဖို့၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်ဖို့ လေ့ကျင့်ပေးပါတယ်။
၃။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး
စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးဆိုတာ ကိုယ့်စိတ်ခံစားချက်တွေကို နားလည်ပြီး ထိန်းချုပ်နိုင်တဲ့အပြင် တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း စာနာနားလည်ပေးနိုင်တဲ့ စွမ်းရည်ကို ခေါ်ပါတယ်။
၄။ ကမ္ဘာလုံးဆိုင်ရာ အမြင်
နိုင်ငံတကာကျောင်းတွေရဲ့ ထူးခြားချက်တစ်ခုမှာ ယဉ်ကျေးမှု ကွဲပြားမှုကို အလေးထားခြင်း ဖြစ်ပါတယ်။ အိမ်ရှင်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေအပြင် နိုင်ငံတကာက ပွဲတော်တွေ၊ ယဉ်ကျေးမှုတွေအကြောင်းကို သင်ခန်းစာတွေမှတစ်ဆင့် သင်ကြားပေးတာဖြစ်တဲ့အတွက် ကျောင်းသားတွေက မတူကွဲပြားမှုတွေအပေါ် တန်ဖိုးထား လေးစားကြပါတယ်။
သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုများ
ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံတကာ မူလတန်းကျောင်းတွေဟာ သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုများစွာကိုလည်း မကြာခဏ စီစဉ်ပေးပါတယ်။
၁။ အနုပညာဖျော်ဖြေရေးများ
ရုပ်ရှင်၊ ပြဇာတ်တို့ကို သရုပ်ဖော်ခြင်း၊ ကျပန်းစကားပြောခြင်း စတဲ့ လှုပ်ရှားမှုတွေဟာ ယုံကြည်မှုကို မြှင့်တင်ပေးပြီး တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။
၂။ ဝါသနာပါရာ ကလပ်များ
STEM ကလပ်တွေမှတဆင့် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု အဖွဲ့အစည်းတွေအထိ ပါဝင်ပါတယ်။ စာဖတ်ဝါသနာပါသူတွေက စာပေကလပ်၊ အကဝါသနာပါသူတွေက အကကလပ်၊ ဘောလုံးဝါသနာရှင်တွေအတွက်က ဘောလုံးကလပ် စတဲ့ မိမိစိတ်အားထက်သန်မှုကို ဝါသနာတူရာလူတွေနဲ့ စုစည်း လုပ်ဆောင်ခွင့်ရဖို့ ဖွဲ့စည်းပေးထားခြင်း ဖြစ်ပါတယ်။
၃။ လူထုအကျိုးပြု လှုပ်ရှားမှုများ
စေတနာ့ဝန်ထမ်း လုပ်ဆောင်စေခြင်း၊ ယဉ်ကျေးမှု ဖလှယ်ရေး ပရိုဂရမ်တွေကို စီစဉ်ခြင်းတို့ ဖြစ်ပါတယ်။ နိုင်ငံသားကောင်းတွေ ဖြစ်စေဖို့၊ ရပ်ရွာအကျိုးအတွက် တာဝန်သိတတ်မှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ တိုးတက်လာဖို့ ဒီလို လှုပ်ရှားမှုတွေကိုလည်း မကြာခဏ ပြုလုပ်ပေးပါတယ်။
နိုင်ငံတကာ မူလတန်းကျောင်းတွေဟာ ကျောင်းသားတွေကို အသိပညာ တတ်မြောက်ရုံသာမက သနားကြင်နာတတ်ပြီး ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာတွေကို သိရှိနားလည်စေဖို့၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်စေဖို့ ပြုစုပျိုးထောင်းပေးပါတယ်။ ဒါ့အပြင် အမြဲတစေ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့အတူ တန်ဖိုးမဖြတ်နိုင်တဲ့ ခေတ်မီပညာရေးကိုလည်း ပေးဆောင်ပါတယ်။