ဆရာ၊ဆရာမတွေအပြင် ပညာရေးနယ်ပယ်ကသူတိုင်း ဖတ်သင့်တဲ့ စာအုပ် (၁၀) အုပ်

ဆရာ၊ ဆရာမတွေအပြင် မိဘ၊ ကျောင်းသား၊ ကျောင်းအုပ်၊ ပညာရေးအဖွဲ့အစည်းနဲ့ သက်ဆိုင်သူတွေ ဖတ်သင့်တဲ့ စာအုပ် (၁၀) အုပ် ကို မျှဝေပေးသွားပါမယ်။ စာသင်ခန်းအတွေ့အကြုံတွေ၊ စာသင်ကြားနည်းဗျူဟာတွေ၊ ပညာရေးဆိုင်ရာ အတွေးအခေါ်တွေ၊ အလွဲအမှားတွေကို သိရှိနားလည်ပြီး ပြုပြင်မွမ်းမံဖို့ ကြိုစားနေသူတိုင်းအတွက် အဖိုးတန် အရင်းအမြစ်တွေ ဖြစ်မှာ အသေအချာပါပဲ။

1. Why Don’t Students Like School? (Daniel Willingham)

ဒီစာအုပ်ကို ဖတ်သင့်တဲ့ အချက်ကတော့ စာရေးသူ Willingham က လူ့သဘောလူ့မနောအကြောင်း လေ့လာတွေ့ရှိချက်တွေကို စာသင်ခန်းထဲမှာ ဘယ်လိုလက်တွေ့ကျကျ အသုံးချရမလဲဆိုတာကို ရေးသားထားပါတယ်။ လူသားတွေက သဘာ၀အရ စူးစမ်းလိုစိတ်ရှိတယ်ဆိုပေမဲ့ သူတို့ လုံး၀မသိသေးတဲ့ အကြောင်းအရာကို မစဉ်းစားနိုင်ကြဘဲ အနည်းငယ် သိထားတော့မှသာ ဆက်လက် စဉ်းစားတွေးတောနိုင်ကြတယ်လို့ ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

ဆိုလိုတာက သင်က များများသိထားမှ များများစဉ်းစားတွေးခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို စာသင်တဲ့အခါမှာ အကြောင်းအရာကိုပဲ သင်တာထက် အကြောင်းအရာနဲ့ ပတ်သက်တဲ့ ဆက်စပ်မှုကိုပါ သင်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှ ဦးနှောက်ထဲစွဲပြီး မှတ်မိနေမှာဖြစ်ပြီး ဒီစာအုပ်ထဲမှာလည်း "Memory is the residue of thought" ဆိုပြီး ဖော်ပြထားပါတယ်။

2. The Hidden Lives of Learners (Graham Nuthall)

စာရေးသူ Nuthall က စာသင်ခန်းတိုင်းမှာ ကမ္ဘာသုံးမျိုး ရှိတယ်လို့ ဆိုပါတယ်။ ပထမကမ္ဘာက လူအများတွေ့ရတဲ့ ပုံစံအတိုင်းရှိပြီး ဆရာတွေကသာ စီမံခန့်ခွဲ ဦးဆောင်ရပါတယ်။ သူ့မှာ စာသင်တာတွေ၊ စာမေးတာတွေ စတဲ့ နေ့စဉ်လုပ်နေကျ စာသင်ခန်းတွင်း လုပ်ငန်းစဉ်တွေ အကုန်ပါဝင်ပါတယ်။

ဒုတိယကမ္ဘာက ကျောင်းသားတွေကြားက ခင်မင်ရင်းနှီးမှုနဲ့ လူမှုဆက်ဆံရေးကို တွေ့ရမယ့် Private နည်းနည်းဆန်တဲ့ ကမ္ဘာပါ။ တီးတိုးပြောဆိုခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊ အချင်းချင်းပံ့ပိုးမှု (သို့) နှောင့်ယှက်မှု စတာတွေ ဖြစ်ပျက်နေတဲ့ "Semi-Private" ကမ္ဘာလေး ဖြစ်ပါတယ်။ ဒီကမ္ဘာကို ဆရာတွေက အမြဲ မမြင်နိုင်ပေမဲ့ ကျောင်းသားတွေရဲ့ အပြုအမူ၊ မျက်နှာအမူအရာ၊ ခံစားချက် ဒါတွေကနေတဆင့် သိနိုင်ပါတယ်။ 

နောက်ဆုံးကတော့ ကျောင်းသားတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာပဲ ဖြစ်ပေါ်နေတဲ့ ကိုင်ပိုင်ကမ္ဘာလေး ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ ဒီကိုယ်ပိုင်ကမ္ဘာလေးကသာ စစ်မှန်တဲ့ သင်ယူမှုကို ဖြစ်စေတယ်လို့ ပြောပါတယ်။ ဒီကမ္ဘာသုံးခုစလုံးကို သေချာနားလည်လိုပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ တွေ့ရှိချက်တွေကို သိချင်ရင်တော့ ဖတ်ကြည့်ပါ။

3. Trivium 21c (Martin Robinson)

ကျောင်းတွေမှာ ဖြစ်သင့်တဲ့ ယေဘုယျစံနာမူနာတစ်ခုကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ စာရေးဆရာ Martin Robinson က သိရှိခြင်း၊ တွေးခေါ်ခြင်း၊ အသုံးချတတ်ခြင်း ဆိုတဲ့ အဓိက အပိုင်း (၃) ပိုင်းပါရှိတဲ့ ဂန္တဝင်ပညာရေးမှ အတွေးအခေါ်တွေကို ထည့်သွင်း ရေးသားထားပါတယ်။

ပစ္စုပန်အတွက်သာမက အနာဂတ်အတွက်ပါ ကျောင်းသားတွေကို ထက်မြက်သူ၊ တွေးခေါ်နိုင်သူ၊ ထုတ်ဖော်ပြောဆိုတတ်သူတွေ ဖြစ်လာစေဖို့ အကူအညီပေးနိုင်မယ့် ဒီအပိုင်း (၃) ပိုင်းကို ကျောင်းတွေမှာ အသုံးပြုသင့်တယ်လို့ Robinson က ယုံကြည်ပါတယ်။ 

ဒီစာရေးသူက သူ့သမီးလေးအတွက် လိုချင်တဲ့ ပညာရေးပုံစံကို မိဘအမြင်ဘက်ကနေ တွေးပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်က ရှေးထုံးကိုလည်း မပယ်ဘဲ အနာဂတ်အမြင်နဲ့ ပေါင်းစပ်ထားတဲ့ အစွမ်းထက် စာအုပ်တစ်အုပ်လို့ ယူဆနိုင်ပါတယ်။ 

4. Embedded Formative Assessment (Dylan Wiliam)

Formative Assessment ဆိုတာ ယနေ့ခေတ်ကျောင်းတွေမှာ ဩဇာအရှိဆုံး အကဲဖြတ်စစ်ဆေးမှုတစ်မျိုး ဖြစ်ပြီး နားလည်မှုအလွဲဆုံးကလည်း သူပါပဲ။ Formative Assessment ဆိုတာက အမှတ်ပေးစစ်ဆေးတဲ့ အခန်းဆုံးစစ်ဆေးတာမျိုး မဟုတ်ဘဲ ဒီနေ့သင်လိုက်တဲ့ စာကို ကျောင်းသားတွေ ဘယ်လောက်မှတ်မိလဲဆိုတာကို နောက်နေ့မှာ ပေါ့ပါ့ပါးပါး စစ်ဆေးတဲ့ ပုံစံဖြစ်ပါတယ်။

အရေးလည်းကြီးတာဖြစ်တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ သိသင့်ပြီး Formative Assessment ရဲ့ အဓိကအခြေခံမူတွေကို ဖော်ပြပေးထားလို့ ဖတ်သင့်ပါတယ်။ နှစ်ပေါင်းများစွာပြုစုထားတဲ့ သုတေသနကို အခြေခံထားပြီး ဆရာတွေအနေနဲ့ Assessment ကို အတန်းတွင်း ဘယ်လိုအသုံးချရမလဲဆိုတာကို လက်တွေ့ဆန်တဲ့ ဥပမာတွေနဲ့တကွ ရှင်းပြထားပါတယ်။

5. Seven Myths About Education (Daisy Christodoulou)

ဒီစာအုပ်က အတိုချုပ်ထားပေမဲ့ ဖတ်လို့ အကျိုးမယုတ်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Christodoulou က အသိပညာထက် ကျွမ်းကျင်မှုကို ဦးစားပေးခြင်း၊ ဆရာတွေ ဦးဆောင်တဲ့ သင်ကြားရေးက ကိုယ်တိုင်လုပ်ဆောင်မှု အားနည်းခြင်း ဆိုတဲ့ အယူအဆတွေကို ငြင်းချက်ပေးပြီး ဘာကြောင့် အရာရာတိုင်းကို Google မှာ ရှာကြည့်ရုံနဲ့ မလုံလောက်တာလဲဆိုတာကို ရှင်းပြထားပါတယ်။

ဒီလို အများလက်ခံထားတဲ့ ပညာရေးဆိုင်ရာ ရှေးရိုးစွဲပုံစံတွေကို စိန်ခေါ်ထားတဲ့ စာအုပ်ဖြစ်တာကြောင့် စာအုပ်ပါ အရာအားလုံးကို သင်လက်ခံတာဖြစ်စေ၊ လက်မခံတာဖြစ်စေ ဆရာတိုင်း Christodoulou ရဲ့ ဝေဖန်ထောက်ပြမှုတွေကို သိထားသင့်တယ်လို့ ထင်ပါတယ်။

6. Visible Learning and the Science of How We Learn (John Hattie and Gregory Yates)

၂၀၀၉ ခုနှစ်မှာ ပထမဆုံး ထုတ်ဝေတဲ့ Hattie ရဲ့ မူရင်းစာအုပ် "Visible Learning" က သင်ကြားရေးပိုင်းမှာ အမှန်တကယ်အလုပ်ဖြစ်တဲ့ အရာတွေကို ရှာဖွေဖော်ထုတ်ဖို့ ရာနဲ့ချီတဲ့ လေ့လာမှုတွေကနေတဆင့် သုတေသနပြုလုပ်ပြီးမှ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်က ကျောင်းသားတွေရဲ့ သင်ယူမှုအပေါ် ဘယ်နည်းဗျူးဟာတွေက အကြီးမားဆုံး အကျိုးသက်ရောက်မှုရှိလဲဆိုတာကို ဆရာတွေ သိရှိနိုင်ဖို့ ကူညီပေးပါတယ်။

နောက်ဆက်တွဲနေနဲ့ Hattie က Cognitive psychologist ဖြစ်တဲ့ Gregory Yates နဲ့ ပူးပေါင်းပြီး "Visible Learning and the Science of How We Learn" ကို ထပ်မံ ထုတ်ဝေခဲ့ပါတယ်။ ဦးနှောက်အလုပ်လုပ်ပုံနဲ့ စိတ်ပညာအကြောင်းကို သိရှိနိုင်ပြီး ဆရာတွေအနေနဲ့ လက်တွေ့စာသင်ခန်းမှာ ဦးနှောက်အလုပ်လုပ်ပုံနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေ သုံးပြီး ဘယ်လို စာသင်ရမလဲဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။

7. Bringing Words to Life (Isabel L Beck, Margaret G McKeown and Linda Kucan)

ကျောင်းသားတွေကို ဝေါဟာရကြွယ်စေဖို့ ကူညီပေးလိုတဲ့ ဆရာတွေအတွက် အကောင်းဆုံး တစ်အုပ်တစ်အုပ်ပါပဲ။ စာရေးဆရာတွေက စကားလုံးတွေကို ရှင်းရှင်းလင်းလင်း သင်ကြားနိုင်ဖို့အတွက် အဆင့် (၃) ဆင့် (three-tier model) ကို ရှင်းပြပေးပါတယ်။ Tier 1 ကတော့ နေ့စဉ်စကားပြောတွေမှာ အမြဲပါလေ့ရှိတဲ့ ထမင်းစားရေသောက် စကားလုံးတွေပဲ ဖြစ်ပါတယ်။ 

Tier 2 ကတော့ အသုံးမများပေမဲ့ အသုံးဝင်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီစာကားလုံးတွေကို စာအုပ်တွေ၊ ကျောင်းတွေ၊ ဟောပြောပွဲတွေမှာ အများဆုံး တွေ့ရနိုင်ပါတယ်။ Tier 3 ဆိုတာက သိပ္ပံ၊ သမိုင်း (သို့) တခြားဘာသာရပ်တွေမှာ သုံးတဲ့ ဘာသာရပ်အလိုက် စကားလုံးတွေ ဖြစ်ပါတယ်။ 

ဒီစာအုပ်ထဲမှာတော့ ဘယ် Tier က ကျောင်းသားတွေရဲ့ ဘာသာစကားတိုးတက်မှုအတွက် အရေးကြီးလဲဆိုတာနဲ့ ပျော်စရာကောင်းပြီး ထိရောက်တဲ့ သင်ကြားနည်းတွေကို ရှင်းပြပေးထားပါတယ်။

8. Make It Stick (Peter C Brown, Henry L Roediger and Mark A McDaniel)

ဒီစာအုပ်က ကျောင်းသား၊ ဆရာနဲ့ ဘ၀တိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာရေးလုပ်နေသူဘယ်သူမဆို ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ လူတွေ ဘယ်လိုသင်ယူကြလဲနဲ့ သင်ယူဖို့ အကောင်းဆုံး နည်းလမ်းတချို့ကိုလည်း ပြောပြထားပေးပါတယ်။ 

ဦးနှောက်ရဲ့ မှတ်သားပေးပုံအဆင့်ဆင့်ကို သိရှိနိုင်မယ့်အပြင် စာကျက်တဲ့အခါမှာ ကျောင်းသားတွေ လုပ်မိနေတဲ့ အမှားလေးတွေကိုလည်း ထောက်ပြပေးထားပါတယ်။ ဒါကြောင့် စာကျက်နည်းအမှန်ကို သိလိုသူတွေ၊ အချိန်အကြာကြီးထိ စာတွေကို မှတ်မိလိုသူတွေအတွက် အသုံးဝင်မှာပဲ ဖြစ်ပါတယ်။

9. Urban Myths About Learning and Education (Pedro De Bruyckere, Paul A Kirschner and Casper D Hulshof)

ကျောင်းသားတွေမှာ မတူညီတဲ့ သင်ယူမှုပုံစံတွေ တကယ် ရှိတာလား? ကျောင်းသားတွေက သူတို့ကိုယ်တိုင် ရှာဖွေတွေ့ရှိတာကိုပဲ ကောင်းကောင်း လေ့လာနိုင်တာလဲ? လူသားတွေက ဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုကြတယ်ဆိုတာ ဟုတ်ရဲ့လား? Google ခေါက်လိုက်ရင် အာလုံးသိတဲ့ခေတ်မှာ အချက်အလက်တွေကို မှတ်မိဖို့ လိုသေးလား? စတဲ့ မေးခွန်းတွေကို မကြာခဏ တွေးတောနေတတ်တဲ့ ဆရာတွေဆိုရင် ဒီစာအုပ်ကို ဖတ်သင့်ပါတယ်။

လူအများ ယုံကြည်ထားတဲ့ တချို့အကြာင်းအရာတွေက သုတေသန အထောက်အထား မရှိဘဲ ဒဏ္ဍာရီလာပုံပြင်တွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လွဲမှားနေတဲ့ အယူအဆတွေကို ရှင်းပြဖို့ သိပ္ပံနည်းကျ အထောက်အထားတွေကို အသုံးပြုထားပြီး ကျောင်းသားတွေရဲ့ သင်ယူပုံကို အမှန်တကယ် အထောက်အကူဖြစ်စေတဲ့ အရာတွေကို မျှဝေထားပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးရင် ဆရာတွေအနေနဲ့ အလုပ်မဖြစ်တဲ့ နည်းလမ်းတွေအပေါ်မှာ အချိန်ဖြုန်းနေရတာကို ရှောင်ရှားနိုင်ပါတယ်။

10. Why Knowledge Matters (ED Hirsch)

ကျောင်းသားတွေကို စာဘယ်လို ဖတ်ရမလဲသာ သင်ပေးနေပြီး ဘာစာတွေဖတ်ရမလဲဆိုတာ သင်ပေးဖို့ မေ့နေတယ်လို့ ဒီစာအုပ်က ထောက်ပြထားပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ တတ်မြောက်မှုက ၂၁ ရာစုမှာ ရှိသင့်တဲ့ စွမ်းရည်တွေလိုပဲ တတ်မြောက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ အတိုချုပ်ပြောရရင် ကျောင်းတွေအနေနဲ့ ဘယ်လို သင်ကြားရမလဲဆိုတာကို စဉ်းစားတာထက် ဘာတွေ သင်ကြားမှာလဲဆိုတဲ့ သင်ရိုးညွှန်းတမ်းအပေါ်ကို ပိုပြီး အာရုံစိုက်သင့်ကြောင်း ရေးသားထားပါတယ်။

Source - https://www.theguardian.com/teacher-network/2017/aug/15/ten-books-every-teacher-should-read

High Secondary University / College Vocational Read 21 times