အစိုးရက တက္ကသိုလ်များကို သတ်မှတ်ထားသည့် ငွေကြေးအတိုင်း မပြောင်းမလဲ ကောက်ခံရန် တိုက်တွန်ထားသော်လည်း တောင်ကိုရီးယား တက္ကသိုလ်အများအပြားသည် ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းလခ တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။
တက္ကသိုလ်များသည် (၁၇) နှစ်တာကာလအတွင်း အစိုးရ၏ မပြောင်းလဲသော သတ်မှတ်ငွေကြေးနှုန်းထားကြောင့် ဘဏ္ဍာရေး ခက်အခဲများရှိလာပြီး ၎င်းကို ဖြေရှင်းရန် ကျောင်းလခ တိုးမြှင့်ကောက်ခံခြင်းမှအပ အခြားရွေးချယ်စရာ မရှိဟု ဆိုသည်။
Korean Association of Private University Presidents ၏ စစ်တမ်းအရ ပုဂ္ဂလိက တက္ကသိုလ် (၉၀) ၏ ထက်ဝက်ကျော်သည် ကျောင်းလခ တိုးမြှင့်ရန် အစီအစဉ်ရှိကြောင်း တင်ပြခဲ့ပြီး (၃၈) ကျောင်းက ဆွေးနွေးနေဆဲဖြစ်ကြောင်းနှင့် တက္ကသိုလ် (၄) ခုသည်သာ ကျောင်းလခ မပြောင်းမလဲ ကောက်ခံရန် ဆန္ဒရှိကြောင်း သိရသည်။
အဆိုပါကိစ္စရပ်သည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘွဲ့ကြိုကျောင်းလခကို (၄.၉၇%) မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည့် Sogang University နှင့် Kookmin University ကဲ့သို့ ထင်ရှားသော တက္ကသိုလ်များမှ အစပြုခဲ့ခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ်တည်းက အစိုးရသည် ကျောင်းလခ မြင့်သော တက္ကသိုလ်များမှ ငွေကြေးထောက်ပံ့မှုကို လျှော့ချခြင်းဖြင့် တက္ကသိုလ်များကို ကျောင်းလခ တိုးမြင့်ခြင်း မပြုနိုင်ရန် ထိန်းချုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း တက္ကသိုလ်အများစုသည် ကျောင်းလခကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပုံမှန်အတိုင်း ထိန်းသိမ်းထားခဲ့သည်။
သို့သော်လည်း တက္ကသိုလ်ခေါင်းဆောင်များသည် ကျောင်းလခ ပိုမိုမြင့်မားရန် လိုအပ်ကြောင်း သဘောတူညီကြသောကြောင့် ယခုနှစ်တွင် ထိုကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ်တွင် ကျောင်းလခကို (၅.၄၉%) တိုးမြှင့် သတ်မှတ်ထားပြီး ထိုမှရရှိသည့် ဝင်ငွေသည် အစိုးရ ထောက်ပံ့ကြေးများထက် ပိုပါသည်။
Sogang University နှင့် Kookmin University တို့သည် (၁၇) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ ကျူရှင်ခကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနည်းတူ Yonsei University၊ Korea University၊ Sungkyunkwan University၊ Chung-Ang University၊ Hanyang University နှင့် Kyung Hee University အပါအဝင် အခြားနာမည်ကြီးတက္ကသိုလ်များသည်လည်း အလားတူ ဆုံးဖြတ်ခဲ့ကြသည်။
တက္ကသိုလ် အုပ်ချုပ်သူများသည် ပညာရေးအရည်အသွေးကို ထိန်းသိမ်းရန်နှင့် ထိပ်တန်းဆရာများကို အလုပ်ခန့်အပ်နိုင်ရေးအတွက် ကျောင်းလခများ တိုးမြှင့်ခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း ပြောသည်။ အစိုးရ၏ သတ်မှတ်ငွေကြေးနှုန်းထားသည် အဆင့်မြင့်ဓာတ်ခွဲခန်းနှင့် စမ်းသပ်ကိရိယာများတွင် ရင်းနှီးမြှုပ်နှံရန်၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ မြှင့်တင်ရန်၊ အရည်အချင်းရှိသော ဆရာများကို ခန့်အပ်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာ (၃၁) ရက်နေ့တွင် ပညာရေးဝန်ကြီး Lee Ju-ho က တက္ကသိုလ်များကို သတ်မှတ်ထားသည့် ငွေကြေးအတိုင်း မပြောင်းမလဲ ကောက်ခံရန် တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကန့်သတ်ချက်ကို လိုက်နာပါက တက္ကသိုလ်များအား ပြည်တွင်း ပညာသင်ဆုများအတွက် (၁၀%) လျှော့ချပေးမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို လွယ်ကူရန် ကူညီပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
Source - The Korea Herald