တောင်ကိုရီးယား ဘာသာစကား သင်ကြားရေးကို တစ်ကမ္ဘာလုံးတွင် တိုးချဲ့မည်


မကြာသေးမီက စာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ Han Kang ရရှိပြီးနောက် ကိုရီးယားစာပေအပေါ်  နိုင်ငံတကာ စိတ်ဝင်စားမှု တိုးပွားလာသောကြောင့် တောင်ကိုရီးယားအစိုးရသည် ကမ္ဘာတစ်ဝှမ်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် ကိုရီးယားဘာသာစကား သင်ကြားရေးကို ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

ကိုရီးယားဘာသာစကား သင်ကြားရေးအတွက် နိုင်ငံနှင့် ဒေသအလိုက် အံဝင်ခွင်ကျဖြစ်စေသော မဟာဗျူဟာများ ချမှတ်ရန် အထူးပြု အေဂျင်စီ တည်ထောင်ရန် ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၂၆) ရက်၊ တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

 

အေဂျင်စီသည် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများ၊ Sejong Institute များနှင့် ကိုရီးယားဘာသာစကား ကျောင်းများသို့ ဖြန့်ဝေရန်အတွက် သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားရေး အရင်းအမြစ်များကိုလည်း ဖန်တီးရမည်ဖြစ်သည်။

 

ယခုလက်ရှိတွင် နိုင်ငံပေါင်း (၄၇) နိုင်ငံရှိ စာသင်ကျောင်းပေါင်း (၂,၁၅၄) ကျောင်းတွင် ကိုရီးယားဘာသာစကားသင်တန်းများ ပို့ချပေးနေကြောင်း ဝန်ကြီးဌာနက ရှင်းပြသည်။

 

ကိုရီးယားအကြောင်းအရာများ ရေပန်းစားလာသောကြောင့် ကိုရီးယားစာလေ့လာလိုသူ မြင့်တက်နေချိန်တွင် ဒေတာခွဲခြမ်းစိတ်ဖြာမှုများ အားနည်းခြင်းနှင့် ဆရာအလုံအလောက်မရှိခြင်းတို့သည် ပညာရေး အရည်အသွေးကို ထိန်းသိမ်းရန် စိန်ခေါ်မှုများ ဖြစ်နေသည်။

 

အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရသည် ဒေတာစုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာရန်၊ အံဝင်ခွင်ကျဖြစ်သော နည်းဗျူဟာများကို စီစဉ်ရန်နှင့် ကျွမ်းကျင်သူများမှ အကြံပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံတွင် ကိုရီးယားဘာသာစကား ပံ့ပိုးရေးစင်တာကို တည်ထောင်မည်ဖြစ်သည်။  

 

၎င်းတို့သည် မတူညီသော ဒေသများတွင် ဆရာဖြစ်သင်တန်းအစီအစဉ်များ ပံ့ပိုးပေးမည်ဖြစ်ပြီး ဒေသခံလူထုအား ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ကိုရီးယားဘာသာစကား ပညာရေးကို မြှင့်တင်နိုင်ရန် အစပျိုးမှုများကိုလည်း စီစဉ်ပေးမည်ဖြစ်သည်။

 

ပညာရေးဝန်ကြီးဌာနသည် အခြားနိုင်ငံများသို့ ကိုရီးယားလူမျိုး ဆရာများ စေလွှတ်ကာ လေ့ကျင့်ရေးအစီအစဉ်များ ပေးဆောင်ရန် စီစဉ်လျက်ရှိသည်။ ကိုရီးယားဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးမည့် ပရောဂျက်များ ဖန်တီးရန်အတွက် ဒေသတွင်း ပညာရေးရုံးများ၊ ကိုရီးယား ယဉ်ကျေးမှုစင်တာများနှင့်လည်း ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

 

ပညာသင်ကြားရေးနှင့် အလုပ်ဗီဇာအတွက် အရေးကြီးသော ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (TOPIK) တွင် ဖြေဆိုသူဦးရေ တိုးမြင့်လာသည့်အတွက် လိုအပ်ချက်များကို ဖြေရှင်းပေးနေသည်။ အစီအစဉ်များတွင် စာရွက်အခြေခံနှင့် အွန်လိုင်း TOPIK စာမေးပွဲများကို စီစဉ်ပေးခြင်းနှင့် ကိုရီးယားဘာသာစကား သင်ကြားရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီနိုင်စေရန် AI စနစ်သုံး ဒစ်ဂျစ်တယ်ပလပ်ဖောင်းကို ဖော်ဆောင်ပေးခြင်းတို့ ပါဝင်ပါသည်။

 

Source - ANN

 

International News Read 93 times