သင့်ကျောင်းကို ဆိုရှယ်မီဒီယာမှာ လူသိများစေမယ့် နည်းလမ်းများ

 

ဒီဂျစ်တယ်ခေတ်ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ဆိုရှယ်မီဒီယာကို သုံးစွဲနေသူ ၅ ဘီလီယံကျော် ရှိကြောင်း Statista ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာဟာ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာလုပ်ငန်းတွေ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ အရောင်းမြှင့်တင်ခြင်းအတွက် အရေးပါတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာပါတယ်။

 

ကျောင်းတွေဟာ ဆိုရှယ်မီဒီယာမှာ နည်းဗျူဟာတွေသုံးပြီး ကိုယ်ပစ်မှတ်ထားမယ့် ကျောင်းသားတွေနဲ့ မိဘတွေထံ ချဉ်းကပ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းတစ်ကျောင်းကို လူသိများအောင် လုပ်တော့မယ်ဆိုရင် ဆိုရှယ်မီဒီယာကို ဘယ်လိုအသုံးချရမလဲ၊ ဘယ်လိုနည်းဗျူဟာတွေ ချမှတ်ရမလဲဆိုတာကို မျှဝေပေးသွားပါမယ်။


၁။ Target Audience ကို သတ်မှတ်ပါ။

Target Audience သတ်မှတ်ခြင်းက ဘယ်လိုမားကတ်တင်းကမ်ပိန်းမှာမဆို အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပြီး မိမိကျောင်းအတွက် စျေးကွက်ချဲ့ထွင်တဲ့အခါ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။ Target Audience ကို သေချာနားလည်တော့မှ သူတို့ စိတ်ဝင်စားမယ့် Content တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သင့်ကျောင်းအတွက် Target Audience သတ်မှတ်နိုင်မယ့် နည်းလမ်းတွေကတော့ -

၁။ ကျောင်းမှာ ဘယ်လိုကျောင်းသားတွေကို လာတက်စေချင်တာလဲ၊ အသက်အရွယ် ဘယ်လောက်လဲ၊ ကျား/မ မှာ ဘယ်သူနဲ့ ပိုသင့်တော်တာလဲ၊ မိသားစုဝင်ငွေအခြေအနေက ဘယ်လိုလဲ၊ ပညာရေးအဆင့်ကရော ဘယ်အထိ ရှိရမှာလဲ စသဖြင့် စဉ်းစားပြီး Target Audience ကို သတ်မှတ်ရပါမယ်။ 

၂။ လက်ရှိ ကျောင်းမှာ ဘယ်လိုကျောင်းသားမျိုးတွေ အတက်များနေလဲဆိုတာကိုလည်း ပြန်လည်သုံးသပ်ရပါမယ်။ ဒါမှ သင့်ကျောင်းကို ဘယ်လိုကျောင်းသားမျိုးတွေ စိတ်ဝင်စားမှုများလည်းဆိုတာ သိနိုင်မှာပါ။ 

၃။ သင့်ကျောင်းရဲ့ ထူးခြားတဲ့အချက်တွေကို ဖော်ထုတ်ပါ။ ဘယ်လိုကျောင်းသားမျိုးတွေက သင့်ကျောင်းရဲ့ ထူးခြားချက်ကို စိတ်ဝင်စားလဲဆိုတာ စဉ်းစားပြီး Target Audience တွေကို သတ်မှတ်လို့ရပါတယ်။ 

၄။ နောက်တစ်မျိုးကတော့ သင့်ရဲ့ လုပ်ငန်းတူပြိုင်ဘက်ကျောင်းတွေကို နမူနာကြည့်ပါ။ သူတို့ကျောင်းကို အတက်များတဲ့ ကျောင်းသားတွေနဲ့ မိဘတွေက ဘယ်လိုလူမျိုးတွေလဲဆိုတာကို သိနိုင်ပါတယ်။ 

၅။ ကိုယ့်အသိုင်းအဝိုင်းမှာရှိတဲ့ မိဘတွေ၊ ဆရာ/ဆရာမတွေ၊ လူငယ်တွေကို မေးမြန်းကြည့်ပါ။ သင်သတ်မှတ်ထားတဲ့ Target Audience က လက်တွေ့ကျရဲ့လား၊ ဘယ်လိုကျောင်းသားမျိုးတွေကို Target ထားသင့်လဲဆိုတာ အကြံဉာဏ်ကောင်းတွေ တောင်းနိုင်ပါတယ်။  

 

၂။ ဆိုရှယ်မီဒီယာပလပ်ဖောင်းရွေးချယ်ပါ။

ဆိုရှယ်မီဒီယာမှာ Content တွေ၊ Post တွေ မတင်ခင်မှာ အရင်လုပ်ရမှာက သင့်ကျောင်းရဲ့ Target Audience တွေ အများဆုံးရှိနိုင်မယ့် ဆိုရှယ်မီဒီယာပလပ်ဖောင်းကို ရွေးချယ်ရပါမယ်။ ဥပမာ - Target Audience က အထက်တန်းကျောင်းသားတွေဆိုရင်  အထက်တန်းကျောင်းသားအရွယ်တွေ အများဆုံးသုံးတဲ့ ပလပ်ဖောင်းကို ရွေးချယ်ပါ။ နောက်ထပ် စဉ်းစားရမှာက ကိုယ့်နိုင်ငံအခြေအနေအရ လက်ရှိ ဘယ်ဆိုရှယ်ပလပ်ဖောင်းကို လူသုံးများနေလဲ သေချာလေ့လာပြီးမှ ရွေးချယ်ပါ။ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဆိုရှယ်ပလပ်ဖောင်းတွေကတော့ - 

၁။ Facebook - သတင်းတွေ၊ ကြေညာချက်တွေ၊ ပွဲတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မျှဝေနိုင်ပါတယ်။ လူသုံးများတဲ့အတွက်လည်း မိဘ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်ဖို့ သင့်တော်တဲ့ ရွေးချယ်မှုကောင်းတစ်ခုပါ။ 

၂။ Instagram -  ကျောင်းသားဘဝ အဖြစ်အပျက်တွေနဲ့ အောင်မြင်မှုတွေရဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ပြသဖို့ ပြီးပြည့်စုံတဲ့ ပလပ်ဖောင်းတစ်ခုပါ။ Instagram ဟာ လူငယ်ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့အတွက် ကျောင်းသာတွေနဲ့ ချိတ်ဆက်ရန်အတွက် အသုံးပြုလို့ရပါတယ်။ 

၃။ X (အရင် Twitter) - အထူးသတင်းတွေ၊ ကြေညာချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေ၊ ပညာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေကြပါတယ်။ တခြားကျောင်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားဟောင်းတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ဆို ဒီပလပ်ဖောင်းကို သုံးပါ။

၄။ TikTok - အထူးသဖြင့် ဆယ်ကျော်သက်တွေကြားမှာ ရေပန်းစားပါတယ်။ သင့်ကျောင်းရဲ့ ပျော်စရာကောင်းတဲ့ အဖြစ်အပျက်တွေ၊ ထူးခြားဆန်းကြယ်တဲ့ အကြောင်းအရာတွေကို ပြသချင်ရင်တော့ ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတိုလေးတွေကို TikTok မှာ ဖန်တီးနိုင်ပါတယ်။ 

အပေါ်မှာ ပြောပြပေးထားတဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်းတွေ အကုန်လုံးကို အသုံးပြုရမယ်လို့ မဆိုလိုပါဘူး။ သူ့ထဲကမှ ကိုယ်ပစ်မှတ်ထားတဲ့ ပရိသတ်အများဆုံးရှိမယ့် အသင့်တော်ဆုံး ပလပ်ဖောင်း ၂-၃ ခုလောက် ရွေးချယ်ပြီး Content တွေ ဖန်တီးနိုင်ပါတယ်။ 

 

၃။ အမြင်ဆွဲဆောင်နိုင်တဲ့ Content တွေ ဖန်တီးပါ။

သင့်ကျောင်းကို စျေးကွက်မြှင့်တင်ဖို့ဆို လူစိတ်ဝင်စားနိုင်လောက်တဲ့၊ အိုင်ဒီယာသစ်ဆန်းတဲ့ Content တွေကို ဖန်တီးနိုင်ရပါမယ်။ သင်ဖန်တီးလိုက်တဲ့ Content တွေကနေမှတဆင့် ကျောင်းသားတွေနဲ့ မိဘတွေက သင့်ကျောင်းကို မှတ်မိနေမှာဖြစ်ပါတယ်။ လူတွေကို ဆွဲဆောင်နိုင်တဲ့ Content တွေ များများဖန်တီးဖို့ဆိုရင်-

၁။ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို မျှဝေပါ - လက်ရှိ ကျောင်းသားတွေရဲ့ ဆုရဓာတ်ပုံတွေ၊ ကျောင်းသားဟောင်းတွေရဲ့ အောင်မြင်မှုတွေ၊ အားကစားမှာ ထူးချွန်သူတွေကို များများတင်ပါ။

၂။ ပွဲပုံရိပ်တွေမျှဝေပါ - သင့်ကျောင်းမှာ လုပ်တဲ့ ပွဲပုံရိပ်တွေ၊ ကျောင်းသားတွေရဲ့ ပျော်ရွှင်တက်ကြွစွာ ပါဝင်ပုံတွေ၊ ပြိုင်ပွဲတွေကို မျှဝေရပါမယ်။ 

၃။ ကျောင်းအကြောင်း မျှဝေပါ - စာသင်ခန်းထဲမှာ စာသင်နေတဲ့ ပုံတွေ၊ ဗီဒီယိုတွေ၊ ကျောင်းရဲ့ အပြင်အဆင်တွေ၊ ကျောင်းမှာ သင်ကြားနေတဲ့ သင်ရိုးတွေ၊ ဖွင့်လှစ်တဲ့ အတန်းချိန်တွေ၊ ကောက်ခံတဲ့ သင်တန်းကြေးတွေကို နားလည်လွယ်အောင် ရေးသားရှင်းပြပါ။ 

၄။ နာမည်ကြီးသူတွေနဲ့ ပူးပေါင်းပါ - ကျောင်းသားဟောင်း (သို့) နာမည်ကြီး ကျောင်းသားခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ကျောင်းသားရှု့ထောက်ဘက်က ရေးထားတဲ့ Content တွေ ဖန်တီးပေးပါ။ 

၅။ ကျောင်းသားမိဘတွေနဲ့ ယုံကြည်မှုတည်ဆောက်ပါ - Live လွှင့်ပြီး ကျောင်းအကြောင်း မေးလိုရာမေးလို့ရအောင် စီစဉ်ပေးတာမျိုး၊ Campus Tour လုပ်ပေးတာမျိုး၊ ကျောင်းသားမိဘတွေ့ဆုံပွဲ၊ ဟောပြောပွဲလေးတွေ စီစဉ်ပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။ 

 

၄။ Social Media Ads တွေ အသုံးပြုပါ။

Social Media Ads တွေ သုံးတဲ့အခါမှာ ပိုက်ဆံကုန်တဲ့အတွက် သင်က ဘယ်လို Content အမျိုးအစားမျိုးမှာ ထည့်သုံးချင်တာလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ Target Audience တွေ စိတ်ဝင်စားပြီး အမြင်အာရုံကို ဆွဲဆောင်နိုင်မယ့် ပုံတွေ၊ ဗီဒီယိုတွေကို ပိုပြီး ကြော်ငြာသင့်ပါတယ်။ 

၁။ ဆိုရှယ်မီဒီယာပေါ်မှာ မကြော်ငြာခင် ကိုယ့်ရဲ့ ကြော်ငြာကို မြင်စေချင်တဲ့၊ သိစေချင်တဲ့ Target Audience ကို တိတိကျကျ သတ်မှတ်ပါ။ 

၂။ ပြီးရင် ကိုယ်ကြော်ငြာချင်တဲ့ မီဒီယာပလပ်ဖောင်းကို ရွေးချယ်ပါ။ တစ်ခုနဲ့တစ်ခုက အားသာချက်တွေ၊ အားနည်းချက်တွေ ရှိတဲ့အတွက် သင့် Target Audience တွေဆီ ပိုရောက်နိုင်မယ့် မီဒီယာပလပ်ဖောင်းကို အသုံးပြုပါ။ 

၃။ မြင်လိုက်တာနဲ့ နောက်တစ်ခါထပ်ကြည့်ချင်တဲ့ ကြော်ငြာမျိုးဖန်တီးပါ။ သင့်ကျောင်းရဲ့ ထူးခြားချက်ကို ပေါ်လွှင်စေတဲ့ ကြော်ငြာမျိုး ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ ကြော်ငြာမှာ အရည်အသွေးမြင့် ရုပ်ပုံတွေ၊ ဗီဒီယိုတွေ၊ မျက်စိဖမ်းစားနိုင်တဲ့ ဂရပ်ဖစ်တွေကို များများသုံးပါ။ 

၄။ ဆွဲဆောင်မှုရှိတဲ့ စကားလုံးစတိုင်တွေ၊ အရေးအသားတွေ၊ စာလုံးပေါင်းသတ်ပုံတွေကို သတိထား ပြုပြင်ပါ။ ရှင်းလင်းပြတ်သားတဲ့ ခေါင်းစဉ် စဉ်းစားပါ။  သင့်ကျောင်းမှ ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို မီးမောင်းထိုးပြပါ။ 

၅။ ကြော်ငြာပြီးရင်လည်း ဒီကြော်ငြာရဲ့ အောင်မြင်မှု ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာပါ။ Reach၊ Engagement တွေ ဘယ်လောက်ရလဲ၊ ကြော်ငြာပြီးမှ ကျောင်းကို လာစုံစမ်းသူတွေ များလာလားဆိုတာကို စစ်ဆေးရပါမယ်။ 


၅။ Follower တွေနဲ့ အမြဲထိတွေ့နေပါ။

ဆိုရှယ်မီဒီယာပေါ်မှာ Follower တွေနဲ့ ထိတွေ့ဆက်ဆံခြင်းကလည်း ကျောင်းတွေအတွက် စျေးကွက်ရှာဖွေခြင်းမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ရှိပြီးသား Follower တွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ်ဆိုရင် Follower အသစ်တွေတိုးလာပြီး သင့်အမှတ်တံဆိပ်ကို လူပိုသိလာနိုင်မယ့်အပြင် ကျောင်းကို လာစုံစမ်းမယ့်သူတွေ၊ ကျောင်းမှာ စာရင်းသွင်းမယ့်သူတွေ ပိုများလာနိုင်ပါတယ်။

သင်ကျောင်းရဲ့ ပေ့ချ်မှာ Follower တွေသာ သိန်းကျော်ရှိနေမယ်ဆိုရင် လူအများရဲ့ ယုံကြည်မှုကိုလည်း ပိုခိုင်မာလာစေပါတယ်။ Follower တွေနဲ့ ဘယ်လိုနည်းလမ်းတွေသုံးပြီး အမြဲ ထိတွေ့ဆက်ဆံနိုင်လဲဆိုတာကတော့ -

၁။ Comment နဲ့ Message တွေကို ပါးနပ်စွာ တုံ့ပြန်နိုင်ရပါမယ်။ ဒါက Follower တွေနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ အလွယ်အကူဆုံးနည်းဖြစ်သလို ယုံကြည်မှုလည်း ပိုရစေပါတယ်။ 

၂။ မေးခွန်းတွေမေးခြင်းဟာ Follower တွေနဲ့ ထိတွေ့ဆက်ဆံမှုကို အားပေးရာရောက်ပြီး Follower တွေရဲ့ လိုအပ်ချက်ကို သိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မေးခွန်းမေးခြင်းမှာ သင့်ကျောင်းနဲ့ ပတ်သတ်တဲ့ အကြံပြုချက်၊ ထင်မြင်ချက်၊ အကြံဉာဏ်တွေကိုလည်း တောင်းခံနိုင်ပါတယ်။ 

၃။ ပျော်စရာကောင်းတဲ့ Social Media Contests လေးတွေ လုပ်ဆောင်ပေးရင်းနဲ့လည်း Follower တွေနဲ့ ရင်းနှီးမှု ပိုရနိုင်ပါတယ်။ ကျောင်းနဲ့ပတ်သက်တဲ့ အတွေအကြုံတွေကို မျှဝေခိုင်းတာမျိုး၊ ဉာဏ်စမ်းမေးခွန်းလေးတွေမေးပြီး ဆုပေးတာမျိုး၊ Essay လေးတွေ ပြိုင်ရေးခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ 

၄။ သင့်ကျောင်းနဲ့ ပတ်သက်တဲ့ Content တွေ ဖန်တီးနေရင်း သင့် Follower တွေအတွက် အကျိုးရှိစေမယ့် Content မျိုးတွေ ဖန်နီးဖို့လည်း မမေ့ပါနဲ့။ နောက်ဆုံးရ ပညာရေသတင်းလေးတွေ၊ ကျောင်းသားတွေအတွက် စာလေ့လာပုံတွေ၊ မိဘတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်လေးတွေကိုလည်း ကြားညှပ်ပြီး တင်ပေးသင့်ပါတယ်။ 

 

နိဂုံးချုပ်ရမယ်ဆိုရင်တော့ သင့်ကျောင်းကို လူသိများလာအောင် လုပ်ဖို့နဲ့ စျေးကွက်ချဲ့ထွင်ဖို့ဆိုရင် ဆိုရှယ်မီဒီယာက အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာကို နည်းလမ်းမှန်မှန်နဲ့ အသုံးချနိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေနဲ့ နည်းဗျူဟာတွေအကြောင်းကို ဖော်ပြပေးခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ နည်းဗျူဟာတွေကို ဆိုရှယ်မီဒီယာမှာ လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင့်ကျောင်းရဲ့ အပြုသဘောဆောင်တဲ့ အောင်မြင်မှုတွေကို ရရှိစေနိုင်မှာပါ။   
 

High Pre-school Primary University / College Vocational Read 190 times