မူကြိုကျောင်းမှာ သင်ကြားပေးသင့်တဲ့ အခြေခံအကြောင်းအရာ (၁၀) မျိုး


မူကြိုကျောင်းဆိုတာ ကလေးတွေအတွက် လူမှုရေး၊ စိတ်ခံစားမှု၊ ဉာဏ်ပညာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးရတဲ့ ပထမဆုံး ကျောင်းဖြစ်ပါတယ်။ မူကြိုကျောင်းတွေမှာ များသောအားဖြင့် ကလေးတွေကို ကစားပေးတယ်၊ ပုံလေးတွေ ပြောပြတယ်၊ ကဗျာလေးတွေ ရွတ်ပြတယ်၊ လက်တွေ့လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုလေးတွေ လုပ်ရတယ် စတဲ့ နည်းလမ်းတွေနဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ပေးရပါတယ်။ 

 

ဒါကြောင့် မူကြိုကျောင်းအနေနဲ့ ကလေးတွေကို သူငယ်တန်း စတက်တဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင် ဘာတွေ သင်ပေးရမလဲ၊ ဘာတွေပြင်ဆင်ပေးရမလဲဆိုတာ မျှဝေပေးသွားပါမယ်။ 


၁။ ဂဏန်းပိုင်းဆိုင်ရာ လေ့လာသင်ယူမှု

မူကြိုအရွယ်ကလေးတွေဖြစ်တာကြောင့် အခြေခံကိန်းဂဏန်းဖြစ်တဲ့ နံပါတ်အစဉ်လိုက်ကို ရေတွက်တတ်ဖို့၊ ကြီးစဉ်ငယ်လိုက်၊ ငယ်စဉ်ကြီးလိုက် စီစဉ်တတ်ဖို့တို့ကို သင်ကြားပေးသင့်ပါတယ်။ နောက်ပြီး သင်္ချာရဲ့ အခြေခံလက္ခဏာတွေဖြစ်တဲ့ အပေါင်း၊ အနုတ်ကို သေသေချာချာ တွက်ချက်တတ်အောင် သင်ပေးရမှာ ဖြစ်ပါတယ်။  

 

၂။ ပုံသဏ္ဍာန်ဆိုင်ရာ လေ့လာသင်ယူမှု

စက်ဝိုင်း၊ တြိဂံ၊ လေးထောင့် အစရှိတဲ့ ပုံသဏ္ဍာန်တွေကို သင်ကြားပေးခြင်း ဖြစ်ပါတယ်။ အရာ၀တ္ထုတွေရဲ့ အရွယ်အစား၊ ပုံသဏ္ဍန်တွေကို တူရာ အုပ်စုခွဲခိုင်းပြီး လေ့ကျင့်ပေးသင့်ပါတယ်။ ကလေးငယ်တွေကို ပန်းပုံ၊ တိရစ္ဆာန်ပုံ၊ အသည်းပုံ၊ လပုံတွေအထိ ရေးဆွဲတတ်အောင်၊ ပန်းပုံ၊ အိမ်ပုံ ရရှိအောင် အရုပ်အပိုင်းလေးတွေ ဆက်ခိုင်းတာမျိုး သင်ကြားပေးသင့်ပါတယ်။

 

၃။ အရောင်လေ့လာသင်ယူမှု

ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတွေ၊ တိရစ္ဆာန်တွေရဲ့ အရောင်တွေကို ဥပမာ ခိုင်းနှုန်းပြခြင်းမျိုးနဲ့ အခြေခံ အဖြူ၊ အမည်းရောင်တွေကို မှတ်မိအောင် သင်ကြားသင့်ပါတယ်။ နောက်ပိုင်းမှာတော့ အရောင်အသေးစိတ်ကို မှတ်သားစေခြင်း၊ ပုံတွေပြပြီး အရောင်ခွဲခြားသိရှိစေခြင်း၊ အရောင်ခြယ်ရေးဆွဲစေခြင်း စတာတွေကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။

 

၄။ စာလုံးများဆိုင်ရာ လေ့လာသင်ယူမှု

စကားလုံးသင်ကြားရေးမှာ ရေးခြင်း၊ ဖတ်ခြင်းကို စတင် သင်ကြားခြင်းထက် ကလေးငယ်များ စိတ်ပါဝင်စားမယ့် အရောင်ပါရှိတဲ့ ချစ်စဖွယ် စာလုံးလေးတွေကို ပြသမှတ်သားစေခြင်း၊ ပုံပြင်ပြောပြခြင်း၊ စာဖတ်ပြခြင်း တို့လုပ်သင့်ပါတယ်။ အရေးသင်ကြားမှု မသင်ခင်မှာ မြင်တာနဲ့ သိရုံ၊ မှတ်မိစေရုံပဲ သင်ကြားခြင်းမျိုးကို အရင်လုပ်ဆောင်ပေးသင့်ပါတယ်။ 

 

၅။ ပူးပေါင်းကစားစေမှုဆိုင်ရာ လေ့လာမှု

ကလေးငယ်တွေကို စုပေါင်းကစားချိန် သတ်မှတ်ပြီး ကစားခွင့်ပေးရပါမယ်။ ကစားနေချိန်မှာ အချင်းချင်းညှိနှိုင်း လုပ်ဆောင်တတ်အောင် လမ်းညွှန်ပေးရပါမယ်။ ဒီလိုနည်းနဲ့ စုပေါင်းလုပ်ဆောင်တတ်မှုကို သင်ကြားပေးရာရောက်သလို စိတ်ကူးစိတ်သန်းထွက်ပေါ်မှု၊ ပြသနာဖြေရှင်းမှုကိုလည်း အားကောင်းလာစေမှာ ဖြစ်ပါတယ်။

 

၆။ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုဆိုင်ရာ လေ့လာသင်ယူမှု

အားကစားတစ်ခုခုကို ပြင်းပြင်းထန်ထန် မကစားနိုင်သေးတဲ့အရွယ်မှာ ဘောလုံးနဲ့ ကစားခြင်း၊ လှေကားထစ်တွေ တက်စေခြင်း၊ တွယ်တက်ခြင်း ကစားနည်းတွေ၊ ခုန်နိုင်၊ မြှောက်နိုင်တဲ့ ကစားစရာတွေနဲ့ ဆော့ကစားစေခြင်းတွေက ကိုယ်ခန္ဓာဆိုင်ရာ ကြံ့ခိုင်မှုကို အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

 

၇။ ကိုယ့်အားကိုယ်ကိုယ်တတ်မှုဆိုင်ရာ လေ့လာသင်ယူမှု

မူကြိုကလေးအရွယ်တွေဖြစ်ပေမဲ့ သူတို့အရွယ်နဲ့ လုပ်ဆောင်နိုင်တဲ့ အပြုအမူတွေကို ကိုယ်တိုင်လုပ်ကိုင်ခိုင်းသင့်ပါတယ်။ အပေါ့အပါး ကိုယ်တိုင်သွားစေတာမျိုး၊ ဖိနပ်ကိုယ်တိုင် ၀တ်တတ်တာမျိုး၊ အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ခိုင်းတာမျိုး လေ့ကျင့်ပေးရပါမယ်။ ကြီးလာတဲ့အခါ ကိုယ့်အားကိုယ်ကိုယ်တတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် မူကြိုမှာတည်းက သင်ထားပေးရပါမယ်။ 

 

၈။ လက်ကြွက်သားဆိုင်ရာ လေ့လာသင်ယူမှု

မူကြိုကလေးတွေကို လက်နဲ့ လက်ကောက်ဝတ်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းစွာအသုံးချနိုင်ဖို့ သင်ပေးသင့်ပါတယ်။ ဒါမှ ကလေးတွေက ပစ္စည်းတွေကို သေချာဆုပ်ကိုင်လာနိုင်ပြီး လက်ရေးလက်သားလည်း လှလာမှာဖြစ်ပါတယ်။ သင်ကြားရမယ့် နည်းလမ်းကတော့ ဂျုံလေးတွေနဲ့ ပုံဖော်ကစားစေတာ၊ စာရွက် ဖြတ်ညှပ်ကပ်လုပ်တာ၊ ဘလော့တုံးတွေနဲ့ အိမ်ဆောက်တာ၊ Puzzle ဆက်တာတွေကို လုပ်ခိုင်းသင့်ပါတယ်။ 

 

၉။ အာရုံစူးစိုက်မှုနှင့် နားထောင်စွမ်းရည် လေ့လာသင်ယူမှု

ကလေးငယ်တွေအနေနဲ့ ညွှန်ကြားချက်တွေကို နားလည်ဖို့၊ လူမှုဆက်ဆံရေး ကောင်းဖို့နဲ့ ပညာရေးအောင်မြင်မှုအတွက်  နားထောင်ခြင်းနှင့် အာရုံစူးစိုက်မှုစွမ်းရည်တွေကို သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေကို မျက်နှာအမူအရာ၊ လက်အမူအရာတွေ သုံးပြီး ပြောတာ၊ မေးခွန်းမေးတာ၊ သီချင်းတီးလုံးအလိုက် ကခုန်ခိုင်းတာ၊ အသံလေးတွေ ဖွင့်ပြပြီး ဘာအသံလဲဆိုတာ ခန့်မှန်းခိုင်းတာမျိုးတွေ လုပ်ပေးပြီး သင်ကြားနိုင်ပါတယ်။  

 

၁၀။ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ လေ့လာသင်ယူမှု

ပျော်ရွှင်စရာ ကာတွန်းပုံလေးတွေ (သို့) ကလေးငယ်တွေရဲ့ပုံတွေကို ပြပြီး မျက်နှာအနေအထား အပေါ်မူတည်ပြီး စိတ်ဆိုးနေခြင်း၊ ပျော်ရွှင်နေခြင်း၊ စဉ်းစားနေခြင်း၊ စိတ်လှုပ်ရှားနေခြင်း စတဲ့ စိတ်ခံစားမှုတွေကို ပုံနဲ့အတူ ပြောပြရပါမယ်။ ပုံနဲ့တကွ စာပါတစ်ပါတည်း ရေးသားမှတ်သားစေမယ်ဆိုရင် လူမှုဆက်ဆံရေးအပိုင်းမှာ အကောင်းဆုံး ဆက်ဆံတတ်မှုနဲ့ သိတတ်မှုကို ဖြစ်စေမှာပါ။

 

 

Pre-school Read 8 times