စကော့တလန်ကျောင်းများတွင် မိုဘိုင်းဖုန်းများကို လုံးဝပိတ်ပင်ရန် အဆိုသစ်တင်သွင်းထား

 

စာသင်ခန်းများရှိ စမတ်ဖုန်းများသည် ကျောင်းသားများအကြား 'အာရုံစူးစိုက်မှု အားနည်းခြင်း' နှင့် ဆရာများအပေါ် 'ရန်လိုခြင်း' ကို မီးလောင်ရာလေပင့်ဖြစ်စေသည့်အကြောင်း စကော့တလန်ပါလီမန်သို့ အဆိုအသစ်တင်သွင်းထားကြောင်း သိရပါသည်။ 

 

အဆိုပြုချက်ကို တင်သွင်းသူ  Adam Csenki သည် စကော့တလန်နိုင်ငံရှိ အချို့ ပုဂ္ဂလိကကျောင်းများနှင့် အစိုးရပိုင်ကျောင်းများတွင် ကျောင်းသားများ မိုဘိုင်ဖုန်းသုံးခြင်း၏ ဆိုးကျိုးအန္တရာယ်များကို အသိအမှတ်ပြုခြင်းကြောင့် ကျောင်းတွင်း မိုဘိုင်ဖုန်းအသုံးပြုခြင်းကို တားမြစ်လျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။  

 

ထို့ကြောင့် စကော့တလန်ကျောင်းများတွင် မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို ပိတ်ပင်ရန် အကြံပြုချက်ကို စကော့တလန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားလျက်ရှိပါသည်။ စကော့တလန်အစိုးရအနေဖြင့် ကျောင်းများအားလုံးတွင် နားချိန်နှင့် နေ့လည်စာစားချိန်တို့အပြင် စာသင်နေချိန်တွင်လည်း မိုဘိုင်ဖုန်းအသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်ရန် လမ်းညွှန်ချက်အသစ်များ ရေးဆွဲရန်လိုအပ်ကြောင်း အဆိုတင်သွင်းချက်တွင် တောင်းဆိုခဲ့သည်။  

 

စကော့တလန်အစိုးရ၏ ကျောင်းတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များသည် နွေရာသီကျောင်းပိတ်ရက်မတိုင်မီတွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း ယခုအခါ စာသင်နှစ်အသစ်အတွက် လမ်းညွှန်ချက်အသစ် ထုတ်ပြန်ထားခြင်း မတွေ့ရှိရသေးပါ။ 

 

အဆိုပါ အယူခံလွှာကို ဇွန်လ ၁၉ ရက်နေ့တွင် လွှတ်တော်မှ စတင်စဉ်းစားပြီး ၁၀ ရက်အတွင်း သဘောတူလက်မှတ်ပေါင်း ၅,၀၀၀ ရရှိခဲ့ပါသည်။ အဆိုတင်သွင်းချက်တွင် - 

“မိုဘိုင်းလ်ဖုန်းများမှတဆင့် အွန်လိုင်းအသုံးပြုခြင်းသည် ကျောင်းသားများကို ကျောင်းစာတွင် အာရုံစူးစိုက်မှု ပျက်ပြားစေကာ ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ကျောင်းဝန်ထမ်းများက အစီရင်ခံထားသည်။ မသင့်လျော်သော ဖုန်းအသုံးပြုမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားသည့် ဆရာများသည် ကျောင်းသားများ၏ ရန်လိုခြင်းကို ခံရပါသည်။ ထို့နောက် မိုဘိုင်ဖုန်းအသုံးပြုခြင်းသည် လျှို့ဝှက်ရိုက်ကူးမှုနှင့် ဗီဒီယိုဖိုင်များကို အွန်လိုင်းတွင် ခွင့်ပြုချက်မရှိဘဲ မျှဝေခံရခြင်းအတွက် စိုးရိမ်စရာလည်း ရှိနေသည်။” ဟု ရေးသားထားပါသည်။ 

 

အချို့ကျောင်းခေါင်းဆောင်များသည် ကျောင်းတွင်း မိုဘိုင်းဖုန်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းကြောင့် မယုံကြည်နိုင်လောက်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်ဟု လက်ခံကြသော်လည်း အချို့မှာမူ ပို၍ လျှော့ပေါ့သောစည်းကမ်းချက်ကို အသုံးပြုလျှင် သင့်တော်မည်ဟု ဝေဖန်လျက်ရှိကြပါသည်။ 

 

အချို့ကျောင်းများသည် အလုပ်ဖြစ်နိုင်သော မိုဘိုင်းလ်ဖုန်းမူဝါဒများကို အကောင်အထည်ဖော်ရန် ကြိုးစားရှာဖွေလျက်ရှိပါသည်။ အကြောင်းမှာ ကျောင်းတွင်း ဝိုင်ဖိုင်လိုင်းကျခြင်းဖြစ်သည့်အခါ ကျောင်းသားများ၏ ကိုယ်ပိုင်ဖုန်းမှ မိုဘိုင်းဒေတာသည် အရေးကြီးသော သင်ယူမှုအရင်းအမြစ်များကို ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်နိုင်သည်ဟု ဆရာအချို့မှ အကြံပေးထောက်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။  

 

ကျောင်းသားများ စာသင်ခန်းအတွင်း မိုဘိုင်းဖုန်းအသုံးပြုခြင်းသည် ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲရှိနေသည့်အတွက် ကျောင်းတွင်း မိုဘိုင်းဖုန်းအသုံးပြုခြင်းကို တရားဝင် တားမြစ်ရန် အလားအလာရှိနေသော်လည်း စကောတလန်ပါလီမန်မှ တိကျသည့် အဖြေမျိုး မရရှိသေးဘဲ အဆိုတင်သွင်းချက်အား ချင့်ချိန်စဉ်းစားလျက်ရှိကြောင်း သိရပါသည်။ 

 

Source - TES 

 

International News Read 95 times