အနာဂတ် ပညာရေးကဏ္ဍအတွက် အရေးကြီးသော ထောက်တိုင်များ

 

ကမ္ဘာ့ကပ်‌ရောဂါ ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုသည် ပညာရေးအခန်းကဏ္ဍကိုလည်း အတော်အတန်ပင် ထိခိုက်နစ်နာစေခဲ့ပါသည်။ ထို့ကြောင့် သမာရိုးကျ အခန်းတွင်းစာသင်ခြင်းမှ အွန်လိုင်းဖြင့် သင်ကြားခြင်းကို ယခင်ကထက် အလေးထား ဆောင်ရွက်လာကြသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ 

 

ယခုအချိန်တွင် စာသင်ခန်းအတွင်းမှာသာမက စာသင်ခန်းပြင်ပ  သင်ကြားမှု ပုံစံများကို ပြောင်းလဲရန် ရည်ရွယ်သည့် သင်ကြားရေး အရင်းအမြစ်များလည်း များစွာရှိလာပြီဖြစ်ပါသည်။ ဥပမာ- Duolingo၊ Khan Academy၊ Photomath၊ Warso Learn၊ ConceptX တို့ဖြစ်ကြပါသည်။ 

 

တမူထူးခြားသော ဆန်းသစ်တီထွင်မှုများသည် ပညာရေးတွင် ပိုမိုခေတ်မီတိုးတက်စေရန် အထောက်အကူ ဖြစ်စေပါသည်။ လာမည့် အနာဂတ်ပညာရေးကို ကောင်းမွန်စေပြီး ကျောင်းသားများ၊ ဆရာများနှင့် မိဘများအတွက် အကျိုးဖြစ်စေမည့် အချက် (၆) ချက်ကို ဖော်ပြပေးပါမည်။

 

Augmented Reality နှင့် သင်ကြားရေး

Augmented Reality ဆိုသည်မှာ နည်းပညာရပ်တစ်ခုဖြစ်ပြီး ကွန်ပြူတာဖြင့် ပြုလုပ်ထားသော ပုံရိပ်ကို ကြည့်ရှုသူ အမြင်တွင် လက်တွေ့မြင်နေရသကဲ့သို့ ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။ ထိုနည်းပညာသည် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး သင်ကြားရေး သင်ခန်းစာများတွင် ပိုမိုပျော်ရွှင်လာစေပါသည်။


AR အသုံးပြုသည့်အခါ အရာဝတ္ထုများကို ဆုပ်ကိုင်နိုင်ခြင်းမရှိသော်လည်း သုံးဖက်မြင် 3D ပုံစံများကဲ့သို့ မြင်နိုင်ပါသည်။ ကျောင်းသားများသည် အရာ၀တ္ထုများနှင့် အပြန်အလှန်ဆက်သွယ်လာနိုင်ပြီး စိတ်လှုပ်ရှားမှု အပြည့်အဝ ရစေနိုင်ပါသည်။ စာသင်ကြားသည့်အခါ AR ဖြင့် သင်ကြားလျှင် ကျောင်းသားများအနေဖြင့် အကြောင်းအရာအပေါ် နာလည်နိုင်စွမ်း မြင့်လာပြီး ၎င်းအတွေ့အကြုံများကို စွဲမြဲစွာ မှတ်မိနေမည်ဖြစ်သည်။

 

Artificial Intelligence အသုံးပြုခြင်း

Artificial Intelligence ဉာဏ်ရည်တုဆိုသည်မှာ လူသားတစ်ဦး၏ အသိဉာဏ်၊ အမြင်အာရုံများအတိုင်း စကားပြောဆိုနိုင်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့်အပြင် ဘာသာစကားများကိုလည်း ဘာသာပြန်နိုင်သည့် နည်းပညာစနစ်တစ်ခုဖြစ်ပါသည်။ ဆရာများသည် စာသင်ကြားရာတွင် ကျောင်းသားများအတွက် လွယ်ကူအဆင်ပြေပြီး စိတ်အားတက်ကြွစေလိုလျှင် AI ထံမှ အကြံဉာဏ်ကောင်းများ တောင်းယူနိုင်သည်။

 

ယခုခေတ်တွင် AI သည် နည်းပြတစ်ယောက်လည်း ဖြစ်နိုင်ပါသည်။ ဒီဂျစ်တယ်နည်းဖြင့် သင်ကြားသော စာသင်ခန်းတွင် ဆရာများအတွက် အချိန်ယူဆောင်ရွက်ရသော တာဝန်အချို့ကို AI အသုံးပြုခြင်းဖြင့် လွယ်ကူသက်သာစေပါသည်။

 

ကျောင်းသားများ ပါဝင်မှု

ကျောင်းသားများသည် ၎င်းတို့၏ သင်ရိုးညွှန်းတမ်းများကို ပိုမိုဖွံ့ဖြိုးစေရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ လူငယ်များနှင့် ပညာရှင်နှစ်ဦးစလုံး ပါဝင်သော သင်ရိုးညွှန်းတမ်းသာလျှင် ခေတ်မီပြီး အသုံးဝင်သည့် ခေတ်ပြိုင် သင်ရိုးညွှန်းတမ်း တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ပြည့်စုံသော လေ့လာမှုအစီအစဉ်များ ဖွံ့ဖြိုးရန်အတွက် ကျောင်းသားများ၏ လိုအပ်ချက်နှင့် သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော အကြောင်းအရာများသည် ထပ်တူကျရန် အရေးကြီးပေသည်။

 

Blended Learning - ရောနှောသင်ယူမှု

Blended learning သည် သမားရိုးကျ စာသင်ခန်းအတွင်း သင်ကြားခြင်းကို အွန်လိုင်း သင်ကြားရေးရင်းမြစ်များနှင့် ရောနှောကာ သင်ကြားပေးသည့် ပညာရေးစနစ်တစ်ခုဖြစ်ပါသည်။ ရောနှောသင်ယူခြင်းသည် တစ်ဦးနှင့် တစ်ဦးမျက်နှာချင်းဆိုင် စာသင်ခန်းတွင်း သင်ကြားခြင်းဖြစ်ပေမဲ့ ခေတ်မီစက်ကိရိယာများကို သုံးခြင်းဖြင့် နည်းပညာကျွမ်းကျင်သော ကျောင်းသားများ၏ စိတ်၀င်စားမှုကို လှုံ့ဆော်ရန်အတွက်လည်း အထောက်အကူ ဖြစ်စေပါသည်။

 

စာသင်ခန်းအတွင်း သင်ကြားနေစဉ် ကျောင်းသားများအနေဖြင့် သင်ခန်းစာများကို ပိုမိုနားလည်ရန် အွန်လိုင်းမှတဆင့် ကိုယ်တိုင် သုတေသနလုပ်နိုင်သည်။ ဆရာများအနေဖြင့်လည်း အွန်လိုင်းမှတဆင့် Assessment များ၊ Announcement များ၊ Project များကိုလည်း ဆောင်ရွက်နိုင်သည်။ 

 

ဆရာများ၏ အခန်းကဏ္ဍများ ပြောင်းလဲခြင်း

၂၁ ရာစုမှ ဆရာများ၏ အခန်းကဏ္ဍးမှာ အချက်အလက်များကို သင်ကြားပေးရန်သာ မဟုတ်တော့ဘဲ ကျောင်းသားများ ကောင်းမွန်စွာ ပြုမူ တွေးခေါ်တတ်စေရန်အတွက်လည်း ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။ ၎င်းသည် ကျောင်းသားဗဟိုပြု သင်ကြားရေးချဉ်းကပ်မှု၏ အဓိက အကြောင်းအရာဖြစ်ပါသည်။

 

ဆရာများသည် အကြောင်းအရာတစ်ခုအပေါ် ကျောင်းသားများ စိတ်ဝင်စားမှုရှိစေရန် မေးခွန်များများမေးပြီး မိမိအမြင်ထက် ကျောင်းသားများ၏ ထင်မြင်ယူဆချက်ကို အလေးပေးရမည်ဖြစ်သည်။ ကျောင်းသားများအား ခွဲခြမ်းစိတ်ဖြာတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ခေါင်းဆောင်မှုကဲ့သို့သော အရေးကြီးပြီး အသုံးဝင်သော စွမ်းရည်များ ရရှိစေရန် လမ်းညွှန်သင်ကြားပေးရပါမည်။ 

 

ကိုယ်ချင်းစာတရားကို ပြုစုပျိုးထောင်ပေးခြင်း

စာသင်ကြားရမည့်အရွယ်တွင် အိမ်မှာနေသည့်အချိန်ထက် ကျောင်းမှာနေရသည့်အချိန်သည် ပိုများပါသည်။ ကျောင်းတွင် ကလေးများကို ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း ပျိုးထောင်းပေးရပါမည်။

 

ကိုယ်ချင်းစာတရားသည် ကျောင်းသားဘဝတွင် မဖြစ်မ‌နေ ပြုစုပျိုးထောင်ပေးသင့်ပါသည်။ ကျောင်းသားများသည် လူတစ်ဦးနှင့် တစ်ဦး မတူကွဲပြားခြားနားမှုများကို တန်ဖိုးထားလေးစားသင့်ကြောင်းကို သိနားလည်ရန် လိုအပ်သည်။

 

ပိုမိုကောင်းမွန်သော ပညာရေးစနစ်သည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရန် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်ရန်အတွက် ပညာရေးစနစ်တွင် အထက်ဖော်ပြပါ ဆန်းသစ်တီထွင်မှုများကို အဓိကထား လုပ်ဆောင်ရမည်။

 

High Primary Secondary Read 349 times