အရင်က သတ်ပုံကျမ်းဟောင်းထဲမှာ သူလည်း၊ ငါလည်း၊ ဗမာပြည်လည်း၊ ကာကွယ်ဆေးလည်း စသဖြင့် လကိုညသတ်ပြီး "လည်း"တဲ့ သတ်ပုံရေးထုံးကသာ တခုတည်းသောအမှန်အဖြစ်ပြဋ္ဌာန်းထားပါတယ်။ ၈ လေးလုံးကာလတုန်းက ခွပ်ဒေါင်းဂျာနယ်ထဲမှာ လူထုဒေါ်အမာရေးတဲ့ ဆောင်းပါးတပုဒ်ပါခဲ့ဖူးပါတယ်။
ဆောင်းပါး နာမည်က “အမေလဲပါတယ်သားတို့” ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးမှာ လူငယ်တွေ ကျောင်းသားတွေချည်း မဟုတ်ပါဘူး၊ မင်းတို့နဲ့အတူ အမေပါ ပါဝင်နေပါတယ်လို့ ပြောတာပါ။ အဲဒီဆောင်းပါးကို ပုံနှိပ်ထုတ်ဝေပြီးလို့ လူထုဒေါ်အမာက ဖတ်ကြည့်တဲ့အခါ “အမေလဲပါတယ်သားတို့” ဆိုတဲ့ သတ်ပုံကိုကြည့်ပြီး မင်းတို့လုပ်တာ ငါကထိုင်နေရာကလဲကျသွားသလို ဖြစ်နေပြီလို့ ပြောဖူးပါတယ်။
အခုတော့ မြန်မာစာအဖွဲ့က ပညာရှင်ကြီးများက “လည်း” ကို မပစ်ပယ်သလို “လဲ” ကိုပါ လက်ခံလိုက်ပါပြီ။ သတ်ပုံကျမ်းကို ၂၀၁၉ ခုနှစ်တည်းဖြတ်မူအဖြစ် အသစ်ထုတ်ဝေလိုက်တဲ့ အထဲမှာ စာလုံးပေါင်း ၂၀၀ ကျော် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါတယ်။ ဖြည့်စွက်တာဖြစ်သလို ပြင်ဆင်တာလို့လဲ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ မှားလို့ပြင်ထားတယ်ဆိုတဲ့ စာလုံးတလုံးမှ မပါပါဘူး။ ဒါပေမဲ့ တချို့ဖြည့်စွက်မှုတွေဟာ ပြင်ဆင်မှု သဘော အလိုလိုသက်ရောက်သွားပါတယ်။
ဥပမာ အခု “လဲ” ဆိုတဲ့ စကားလုံးဖြည့်စွက်ချက်ပါ။ “လည်း” ကိုသုံးလို့လဲ ရတယ်၊ “လဲ” ကို သုံးလို့လဲ ရတယ် လို့အခုအသစ်ပြဋ္ဌာန်းသတ်မှတ်လိုက်ပါပြီ။ သတ်ပုံကျမ်းဖြစ်တဲ့အတွက် ဘယ်နေရာမှာ “လည်း” ကိုသုံးပါ၊ ဘယ်နေရာမှာ “လဲ” ကို သုံးပါလို့တော့ အကျယ်ရှင်းပြမထားပါဘူး။ သတ်ပုံကျမ်းပြုစုသူ ပြင်ဆင်ဖြည့်စွက်တည်းဖြတ်သူ မြန်မာစာပညာရှင်ကြီးတွေထဲက တယောက်ဖြစ်တဲ့ ဆရာကြီး ဦးထွန်းတင့်ကို ဘယ်နေရာမှာ “လည်း” ကိုသုံးပြီး ဘယ်နေရာမှာ “လဲ” ကိုသုံးရမလဲလို့ မေးကြည့်ပါတယ်။
Source: BBC Burmese