ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်နှင့် သတ်မှတ်စံနှုန်းများ

 

နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကကျောင်း တည်ထောင်ထားသူများ (သို့) စတင်တည်ထောင်လိုသူများအနေဖြင့် ပုဂ္ဂလိကပညာရေး ပြဋ္ဌာန်းဥပဒေနှင့်အညီ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပါသည်။ ထို့ကြောင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် သတိပြုရမည့် စံနှုန်းသတ်မှတ်ချက်များကို သိရှိနားလည်စေရန် ဖော်ပြအပ်ပါသည်။ 

 

မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်လွှာပုံစံကို ဒေသဆိုင်ရာ ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ထံမှ ထုတ်ယူပြီး လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများကို အပိုင်းခွဲပြီး အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။  

 

ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အထောက်အထာများ
---------------

- မြန်မာနိုင်ငံသားအတွက် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။

- နိုင်ငံခြားသားအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ။

- ရင်းနှီးမြှုပ်နှံမှုပုံစံ (နိုင်ငံသား/ နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်/နိုင်ငံခြားသား)။

- ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင် လက်မှတ် သို့မဟုတ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ ထုတ်ပြန်သည့် ရက်စွဲနှင့် အထောက်အထားမိတ္တူ။

- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တင်သွင်းခဲ့သော Investment Bank Account နှင့် ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ။

- လက်ရှိမိမိကျောင်းအမည်နှင့် ဖွင့်လှစ်ထားသော ဘဏ်စာရင်းရှိ လက်ကျန်ငွေပမာဏ။

- ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံစာ။

- ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်မှု မရှိသည့် ပုဂ္ဂလိကကျောင်းများဖြစ်ပါက ပညာရေးဝန်ကြီးဌာန၏ ထောက်ခံချက်

 

ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ
----------------

- ဖွင့်လှစ်မည့် ကျောင်းအမည်နှင့် တည်နေရာ။

- ဖွင့်လှစ်မည့် ကျောင်းအမျိုးအစား။ (ဥပမာ- Primary, Secondary, ...)

- အမြင့်ဆုံးသင်ကြားပေးမည့် အတန်းအဆင့်။

- အမြင့်ဆုံးချီးမြှင့်မည့်လက်မှတ်အမျိုးအစားနှင့် နမူနာပုံစံ။

- သတ်မှတ်အတန်းပြီးဆုံးပါက ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်း (Pathway)နှင့် အထောက်အထားများ။

- ကျောင်း၏ တံဆိပ်နှင့် အမှတ်အသား (Logo & Seal)။

-  ကျောင်း၏ မျှော်မှန်းချက် (Vision)၊ လုပ်ငန်းတာဝန်များ (Mission)နှင့် ရည်မှန်းချက်များ (Objectives)။

- ကျောင်းဖွဲ့စည်းပုံဇယား (Organizational Structure/Organization Chart)။ 

- ပညာသင်နှစ်နှင့် ပညာသင်ကာလသတ်မှတ်ချက် (Academic Calendar) 

- အသုံးပြုသော သင်ရိုးညွှန်းတမ်းကို ပိုင်ဆိုင်သည့် အဖွဲ့အစည်းအမည်နှင့် တည်ရှိသည့် နိုင်ငံ။

- ပုဂ္ဂလိကပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဝန်ကြီးဌာနနှင့် ကြီးကြပ်ရေး အဖွဲ့၏ ညွှန်ကြားချက်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ စံချိန် စံညွှန်းများ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ဝန်ခံချက်။

- သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာစာအုပ် (အပြည့်အစုံဖော်ပြရန်)။

-  နိုင်ငံခြားတိုင်းပြည်အဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုးထားသော နားလည်မှု စာချွန်လွှာ(MoU) သို့မဟုတ် သဘောတူစာချုပ်(MoA) မိတ္တူ သို့မဟုတ် Terms of Reference (ToR) သို့မဟုတ် Letter of Agreement (LoA) သို့မဟုတ် အလားတူ အထောက်အထားများ။

- အရည်အသွေးအကဲဖြတ်စနစ် (Assessment System)

- အတန်းကူး၊ အတန်းပြောင်းနှင့် တန်းညှိစနစ်။

- ကျောင်းပြောင်းသင်ယူမှုအစီအစဉ် (Credit Transfer System)။

- ကျောင်းဝင်ကြေး၊ ကျောင်းလခနှုန်းထားနှင့် ပေးသွင်းရမည့်ပုံစံ ဖော်ပြချက်။

- ကျောင်းဝတ်စုံ သတ်မှတ်ချက်ရှိပါက ဝတ်စုံဓာတ်ပုံနှင့် ကျောင်းဝတ်စုံ ဝတ်ဆင်ရမည့် နေ့ရက် သတ်မှတ်ချက်။

- တည်ထောင်သူနှင့် စီမံအုပ်ချုပ်သူတို့၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များနှင့် ပညာအရည်အချင်းဆိုင်ရာအထောက်အထားများ။

 

ကျောင်းအဆောက်အအုံနှင့် ပတ်သက်သည့် အထောက်အထားများ
---------------------------

- ကျောင်းအဆောက်အအုံ၊ ကျောင်းပရိဝုဏ်၏အနေအထား (ဓာတ်ပုံများဖြင့်) 

- ပိုင်ဆိုင်မှု (ကိုယ်ပိုင်/ ငှားရမ်းမှု) အထောက်အထား၊ ကျောင်းအဆောက်အအုံအဖြစ် အသုံးပြုခွင့်ရှိသော အထောက်အထားများ၊ စည်ပင်သာယာရေး ကော်မတီ ခွင့်ပြုချက်။

- ကျောင်းပရိဝုဏ်၊ အဆောက်အအုံ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမနှင့် စားသောက်ခန်းစသည်တို့၏ အကျယ်အဝန်း (ပေဖြင့်)။ 

- ကျောင်းတွင်းအခန်းများကို ကျန်းမာရေးနှင့် ညီညွတ်စေရန် ဆောင်ရွက်ထားရှိသည့် အစီအမံများ။

- အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ ကျောင်းလုံခြုံရေးနှင့် မီးဘေး ကာကွယ်ရေးအစီအစဉ်များ၊ မီးသတ်ဦးစီးဌာန၏ ခွင့်ပြုချက်။

- ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များ ထားရှိပါက ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားကြောင်း အထောက်အထားများ။

- ကျောင်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ရန် မရှိကြောင်း တည်ထောင်ဖွင့်လှစ်မည့် ကျောင်းပရိဝုဏ်၏ ရှေ့၊ နောက်၊ ဝဲ၊ ယာတွင် ကပ်လျက်နေထိုင်သူ အနည်းဆုံး နှစ်အိမ်စီက သဘောတူလက်မှတ် ရေးထိုးထားသည့် အထောက်အထားများနှင့် ယင်းအထောက်အထား မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။

 

ကျောင်းဆရာများနှင့် ပတ်သက်သော အချက်အလက်များ
---------------------------

- မြန်မာနိုင်ငံသား ပုဂ္ဂလိကဆရာ၊ ဆရာမဦးရေနှင့် လစာနှုန်းထားဇယား။

- နိုင်ငံခြားသား ပုဂ္ဂလိကဆရာ၊ ဆရာမဦးရေနှင့် လစာနှုန်းထားဇယား။

- စီမံခန့်ခွဲရေးဝန်ထမ်းဦးရေနှင့် လစာနှုန်းထားဇယား။

- ဆရာ၊ ဆရာမနှင့် စီမံခန့်ခွဲရေးဝန်ထမ်း ဦးရေ ဖွဲ့စည်းပုံ၊ ခန့်ထားပြီး၊ လစ်လပ်)။

- လက်ခံသင်ကြားပေးမည့် ကျောင်းသားဦးရေ (အတန်းအလိုက်နှင့် စုစုပေါင်း)။ 

- ဆရာ၊ ဆရာမဦးရေနှင့် ကျောင်းသားဦးရေ အချိုး။

- ပုဂ္ဂလိက ဆရာ၊ ဆရာမများ၏ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သော အထောက်အထား၊ (မြန်မာနိုင်ငံသားအတွက် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ)။

- ပုဂ္ဂလိက ဆရာ၊ ဆရာမများ၏ ဘွဲ့လက်မှတ်၊ ပညာအရည်အချင်း အထောက်အထားများနှင့် သင်ကြားမည့် ဘာသာရပ်။

- ဆရာ၊ ဆရာမများ၏ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင် ထားသူ ဦးရေ။

- ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြားရေး အတွေ့အကြုံများနှင့် ကိုယ်ရေးအကျဉ်း။

 

ဖော်ပြပါ အထောက်အထားများနှင့် စာရွက်စာတမ်းများကို ပူးတွဲတင်ပြ၍ သက်ဆိုင်သည့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ လျှောက်လွှာတင်သွင်းရပါမည်။ 

 

ကျောင်းစာသင်ခန်း အကျယ်အဝန်းနှင့်ပတ်သက်သော သတ်မှတ်ချက်များ

မူလတန်းအဆင့်

(၁) ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာ ၁၂ စတုရန်း ပေအောက် မလျော့နည်းခြင်း။

(၂) စာသင်ခန်း၏ အနံသည် အနည်းဆုံး ၁၅ ပေ ရှိခြင်း။

(၃) စာသင်ခန်း တစ်ခုတွင် ကျောင်းသား ၄၀ ဦးထက် မပိုခြင်း။

 

အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်

(၁) ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာ ၁၈ စတုရန်း ပေအောက် မလျော့နည်းခြင်း။

(၂) စာသင်ခန်း၏ အနံသည် အနည်းဆုံး ၂၀ ပေ ရှိခြင်း။

(၃) စာသင်ခန်း တစ်ခုတွင် ကျောင်းသား ၄၀ ဦးထက် မပိုခြင်း။

 

ပုဂ္ဂလိကကျောင်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များ

- ပုဂ္ဂလိကကျောင်း၏ သင်တန်းများကို မှတ်ပုံတင်လက်မှတ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်း ဖွင့်လှစ်ရမည်။

- နေ့စဉ်ကျောင်းတက်ချိန်တွင် မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းကို သီဆိုရမည်။

- မြန်မာနိုင်ငံသား သင်ယူသူများအား အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီက ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းအတိုင်း မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များကို သင်ကြားရမည်။

- မြန်မာစာ သင်ကြားလိုသော နိုင်ငံခြားသား သင်ယူသူများသည် သက်ဆိုင်ရာ သင်ယူသူ၏ အဆင့်အခြေအနေနှင့် လိုက်လျောညီထွေသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းအတိုင်း မြန်မာစာ ဘာသာရပ်ကို သင်ကြားရမည်။

- အတန်းစဉ်အလိုက် လစဉ် ကျောင်းသားဦးရေ အတိုး၊ အလျော့စာရင်းနှင့် ကျောင်းသားအမည်စာရင်းတို့ကို ပြုစုထားရှိရမည်။

- ကျောင်းလခ၊ ကျောင်းရန်ပုံငွေနှင့် ကျောင်းလုပ်ငန်းအလိုက် ကောက်ခံသုံးစွဲမှု ဆိုင်ရာ ရငွေ၊ သုံးငွေစာရင်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုစုထားရှိရမည်။

- ပညာသင်နှစ် စတင်ချိန်တွင် အတန်းစဉ်အလိုက် ကျောင်းသားဦးရေနှင့် အမည်စာရင်းကို ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ထံ ပြုစုပေးပို့ပြီးနောက် ဆက်လက်၍ သုံးလတစ်ကြိမ် ပြုစုပေးပို့ရမည်။ 

- ပုဂ္ဂလိကကျောင်း တည်ထောင်သူသည် မိမိကျောင်းရှိ ကျောင်းဆရာ အင်အားတိုးခြင်း၊ လျော့ခြင်းအတွက် သတ်မှတ်ပုံစံတွင် ဖြည့်စွက်ပြုစု၍ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံ ရက်ပေါင်း ၁၄ ရက်အတွင်း တင်ပြရမည်။ 

- ပုဂ္ဂလိကကျောင်းများတွင် သင်ကြားမည့် ဆရာများ၏ အမည်စာရင်းကို ပြုစုပြီး မှတ်ပုံတင်လက်မှတ်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံ ပေးပို့ရမည်။

- ကျောင်းအမျိုးအစားအလိုက် ထားရှိရမည့် သိပ္ပံပစ္စည်းနှင့် ဓာတ်ဆေးများ၊ မီဒီယာ အခန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို လုံလောက်စွာ ထားရှိပြီး ပစ္စည်းအမျိုးအမည်နှင့် အရေအတွက်စာရင်းကို မှတ်ပုံတင်လက်မှတ် ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံ တင်ပြရမည်။

 

သတိပြုရမည့်အချက်များ

- ပုဂ္ဂလိကကျောင်း၏ မှတ်ပုံတင်သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှစ၍ ငါးနှစ်ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်သက်တမ်းမကုန်ဆုံးမီ ခြောက်လကြိုတင်၍ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

- ပုဂ္ဂလိကကျောင်း၏ မှတ်ပုံတင်ကြေးသည် ကျပ် ၅၀ သိန်းနှင့် နှစ်စဉ်ကြေးသည် ကျပ် ၆၀ သိန်းဖြစ်သည်။

- မှတ်ပုံတင်ခွင့်ပြုကြောင်း အကြောင်းကြားစာရသည့်နေ့မှစ၍ ရက်ပေါင်း ၁၄ ရက်အတွင်း မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးကို သတ်မှတ်ထားသော မြန်မာ့စီးပွားရေး ဘဏ်ခွဲသို့ ပေးသွင်းပြီး သတ်မှတ်ပုံစံများတွင် အချက်အလက်များ ဖြည့်သွင်း၍ ငွေသွင်းချလန်နှစ်စောင်နှင့်အတူ သက်ဆိုင်သည့် ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ထံ တင်ပြ၍ မှတ်ပုံတင် လက်မှတ်ရယူရမည်။

- ပေးသွင်းရမည့် နှစ်စဉ်ကြေးကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်၏ ပထမဆုံးလမကုန်မီ ပေးသွင်းရမည်။

- ကျောင်းခွဲ ဖွင့်လှစ်ထားပါက တည်နေရာ မတူညီသော ကျောင်းခွဲတစ်ခုချင်းစီအတွက် သီးခြားမှတ်ပုံတင် လျှောက်ထားရမည်။


ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စိစစ်မေးမြန်းရန် သက်ဆိုင်သည့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ခေါ်ယူလျှင် ချိန်းဆိုသော နေ့ရက်နှင့် အချိန်အတိုင်း သွားရောက်တွေ့ဆုံရန် လိုအပ်ပါသည်။ 

 

High Pre-school Secondary Read 281 times