ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းဆိုင်ရာ ဥပေဒေလမ်းညွှန်ချက်များ

 

နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများနှင့် မြန်မာနိုင်ငံသင်ရိုးဖြင့် သင်ကြားသော ကိုယ်ပိုင်ကျောင်းများ တည်ထောင်ထားသူများအနေဖြင့် အကြောင်းအရာတစ်စုံတစ်ရာကြောင့် ကျောင်းအား အပြီးတိုင်ပိတ်သိမ်းလိုသည့်အခါ လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကို ဖော်ပြအပ်ပါသည်။ 

 

ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်နှင့် သတ်မှတ်စံနှုန်းများ

>> https://www.edge.com.mm/article/private-schools-registration.html

 

ပုဂ္ဂလိကကျောင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ

>> https://www.edge.com.mm/article/private-schools.html

 

ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းခြင်း

  • တည်ထောင်သူသည် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းလိုပါက ရက်ပေါင်း ၁၂၀ ကြိုတင်၍ အကြောင်းပြချက်ခိုင်လုံစွာ ဖော်ပြထားသည့် အပြီးပိတ်သိမ်းခွင့်လျှောက်လွှာကို သက်ဆိုင်ရာဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။ 

 

  • တက်ရောက်ဆဲ ကျောင်းသားများကို အလားတူပညာရေးအစီအစဉ် ဆက်လက်ရယူနိုင်မည့် အနီးဆုံးမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆက်လက်အပ်နှံပေးရမည်။ 

 

  • တက်ရောက်ဆဲ ကျောင်းသားများ အလားတူပညာရေးအစီအစဉ် ဆက်လက်ရယူနိုင်ရန် ကြိုတင်ပေးသွင်းထားသော ကျောင်းလခနှင့် အခြားအခကြေးငွေများကို အပ်နှံပေးသည့်ကျောင်းတွင် သက်ဆိုင်သည့်စာသင်နှစ်အတွက် ပေးသွင်းရပါမည်။

 

  • ကျောင်းသားသည် အပ်နှံပေးထားသော ကျောင်းတွင် ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိပါက ပြီးဆုံးသော သင်ကြားရေးကာလမှအပ ကျန်ရှိသော စာသင်ကာလအတွက် ပေးသွင်းထားသော ကျောင်းလခနှင့် အခြားအခကြေးငွေများကို ကျောင်းမှ ပြန်လည်ထုတ်ပေးရမည်။

 

  • တည်ထောင်သူသည် ကျောင်းကို အပြီးပိတ်သိမ်းလိုပါက အထက်ပါ ငွေရေးကြေးရေးကိစ္စရပ်များကို စာရင်းရှင်းလင်းပြီးမှသာ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ထံသို့ လျှောက်ထားရမည်။

 

  • စီမံအုပ်ချုပ်သူ (သို့) စီမံခန့်ခွဲရေးအဖွဲ့သည် ကျောင်း၏စာရင်းရှင်းလင်းရေးကို ဆောင်ရွက်ရန်အတွက် စာရင်းရှင်းလင်းသူတစ်ဦး ခန့်အပ်ရမည်။ 

 

  • တည်ထောင်သူသည် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းရေးအတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

 

  • တည်ထောင်သူသည် ကျောင်းကို အပြီးပိတ်သိမ်းပါက ပုဂ္ဂလိက ကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်ရမည်။

 

  • ကျောင်းလုပ်ငန်းဖျက်သိမ်းခွင့်မရမီ တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ (သို့) စီမံခန့်ခွဲရေးအဖွဲ့နှင့် ပါမောက္ခချုပ် (သို့) ကျောင်းအုပ်ကြီးတို့သည် လိုအပ်သည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းတို့ကို ကြီးကြပ်ရေးအဖွဲ့ထံသို့ ပေးပို့ရမည်ဖြစ်ပြီး အထောက်အထားမှတ်တမ်းပြည့်စုံမှုမရှိပါက ထပ်မံပေးပို့ရမည်။

 

  • ကျောင်းလုပ်ငန်း အပြီးပိတ်သိမ်းခွင့်ပြုသည့်အခါ ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအတွက် ထုတ်ပေးရန်လိုအပ်လျှင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ပေးအပ်သောဌာနသည် ယင်းကျောင်းကိုယ်စား ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအား ထုတ်ပေးရမည်။

-----------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

High Secondary Read 145 times