ယူကေတွင် VAT မူဝါဒကြောင့် ပုဂ္ဂလိကကျောင်းလခများ ၂၀% အထိ မြင့်တက်နိုင်

အစိုးရ၏ ပုဂ္ဂလိကကျောင်းလခအပေါ် VAT (Value Added Tax) ကောက်ခံမှု မူဝါဒအသစ်သည် ဇန်နဝါရီ (၁) ရက်တွင် စတင်ခဲ့သောကြောင့် ပုဂ္ဂလိကပညာရေးစရိတ်သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ တိုးလာနိုင်သည်။ အလုပ်သမားရေးရာပါတီသည် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် "ဤအခွန်မှ ရရှိသော ငွေကို အစိုးရကျောင်းများ တိုးတက်စေရန်အတွက် သုံစွဲသွားမည်" ဟု ကတိပြုခဲ့သည်။

ထို့ကြောင့် အချို့ပုဂ္ဂလိကကျောင်းများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အစဖြစ်သော စက်တင်ဘာလတွင် စ၍ ကျောင်းလခ တိုးမြှင့်ကောက်ခံခဲ့သည်။ ပုဂ္ဂလိကကျောင်းများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တည်းက ငွေကြေးဖောင်းပွမှုနှင့် ဆရာများ၏ ပင်စင်အစီအစဉ် အပြောင်းအလဲများကြောင့် ကုန်ကျစရိတ်များ တိုးလာပြီး ကျောင်းလခကို (၈)% တိုးမြှင့်ကောက်ခံထားသည်ဟု သိရသည်။

ပုဂ္ဂလိကကျောင်းများသည် VAT ပေါင်းထည့်ပြီးနောက် ၎င်းတို့၏ ကျောင်းလခသည် (၁၀)% ခန့် မြင့်တက်သွားသည်ဟု အစိုးရက ခန့်မှန်းသည်။ သို့သော် Telegraph မှ အစီရင်ခံစာအရ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေးလ်တို့မှ ပုဂ္ဂလိကကျောင်း (၉၆၄) ကျောင်းသည် အစိုးရ မျှော်မှန်းထားသည်ထက် တိုးလာသည်ဟု သိရသည်။

ကျောင်းများ၏ ထက်ဝက်သည် (၁၅)% သို့မဟုတ် ထို့ထက်ပို၍ တိုးနေပြီး ကျောင်းများ၏ ငါးပုံတစ်ပုံသည် (၂၀)% တိုးနေသဖြင့် ပျမ်းမျှအားဖြင့် ကျောင်းလခသည် (၁၄)% ဝန်းကျင် တိုးလာနိုင်သည့်အတွက် အစိုးရ ခန့်မှန်းထားသည်ထက် ပိုများနေသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပုဂ္ဂလိကနေ့ကျောင်း နှစ်စဉ်ကြေးမှာ ပျမ်းမျှပေါင် (၁၈,၀၀၀) ရှိကြောင်း၊ ပုဂ္ဂလိက ဘော်ဒါကျောင်း နှစ်စဉ်ကြေးမှာ နေ့ကျောင်းသားတွေအတွက် ပေါင် (၂၄,၀၀၀) နှင့် ညအိပ်ကျောင်းသားတွေအတွက် ပေါင် (၄၂,၅၀၀) ရှိကြောင်း Independent Schools Council (ISC) နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

VAT တိုးမြှင့်ကောက်ခံခြင်းမှာ (၂၀)% ဆိုပါက နေ့ကျောင်းအတွက် နှစ်စဉ်ကြေးမှာ ပေါင် (၂၁,၆၀၀) ဖြစ်သွားနိုင်ပြီး (၁၄)% သာ တိုးမြှင့်ကောက်ခံမည်ဆိုလျှင် ပျမ်းမျှ ပေါင် (၂၀,၅၂၀) ဖြစ်နိုင်ကြောင်း Telegraph က ဖော်ပြထားသည်။

ပုဂ္ဂလိကကျောင်းများအတွက် VAT ကောက်ခံခြင်းကို ၂၀၂၉-၂၀၃၀ ဘဏ္ဍနှစ်အထိ ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပေါင် (၁.၇) ဘီလီယံ ရရှိရန် ခန့်မှန်းထားသည်ဟု အစိုးရမှ ပြောကြားခဲ့သည်။ ဆရာအသစ် (၆,၅၀၀) ကို ခန့်အပ်ပြီး ကလေးများ၏ (၉၄)% ကို ပညာတတ်မြောက်စေရန် ဤငွေကို အသုံးပြုမည်ဟု ကတိပြုထားသည်။ 

"တတ်နိုင်တဲ့ မိသားစုတွေအတွက်ချည်းပဲ မဟုတ်ဘဲ ကလေးတိုင်း အောင်မြင်ပြီး ကြီးပွားတိုးတက်နိုင်တဲ့ ပညာရေးစနစ်ကို တည်ဆောက်ရမယ်” ​​ဟု ပညာရေး အတွင်းရေးမှူး Bridget Phillipson မှ ပြောကြားခဲ့သည်။

သို့သော်လည်း ဤအပြောင်းအလဲသည် ငွေကြေးအခက်အခဲရှိပေမဲ့ ပုဂ္ဂလိကကျောင်းမှာ အနစ်နာခံပြီးထားထားသည့် မိဘများအတွက် သက်ရောက်မှု ရှိသွားနိုင်သည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။ ပုဂ္ဂလိကကျောင်းစရိတ် တိုးမြှင့်ကောက်ခံခြင်းသည် ချမ်းသာသော မိသားစုများအတွက် မပြောပလောက်သော်လည်း ငွေကြေးအခက်အခဲရှိသော မိသားစုများအတွက် ပိုခက်ခဲသွားနိုင်သည်။

ချမ်းသာကြွယ်ဝမှု စီမံခန့်ခွဲရေးကုမ္ပဏီ Saltus မှ စစ်တမ်းတစ်ခုအရ ယခုပညာသင်နှစ်ကုန်ပိုင်းအထိ ကလေး (၈၀,၀၀၀) ကျော် ကိုယ်ပိုင်ကျောင်းမှ ထွက်ရနိုင်သည်ဟု ဖော်ပြထားသည်။ "ကျွန်ုပ်တို့ အချက်အလက်များအရ VAT ထပ်တိုးခြင်းသည် ပုဂ္ဂလိကကျောင်းတွင်ရှိသော ကလေးများ၏ (၁၃)% သည် ကျောင်းပြောင်းရနိုင်ချေရှိသည်" ဟု ကုမ္ပဏီမိတ်ဖက်ဖြစ်သူ Mike Stimpson က ပြောကြားခဲ့သည်။

ယင်းကြောင့် အစိုးရကျောင်းများသည် ယခင်ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ခဲ့သော ကျောင်းသားကျောင်းသူများ ဝင်ရောက်လာမှုကို ရင်ဆိုင်ရန် နေရာအလုံအလောက်ရှိ/မရှိ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

အထူးသဖြင့် နိုင်ငံတော်တွင် အထူးပညာရေးလိုအပ်ချက်နှင့် မသန်စွမ်းမှု (SEND) ရှိသည့် ကျောင်းသားများကို ပံ့ပိုးပေးမည့် အစီအမံများအတွက် ရှင်းရှင်းလင်းလင်း သိရှိရန် မိသားစုများစွာက တွန်းအားပေးလျက်ရှိသည်။

ဘဏ္ဍာရေးဝန်ကြီး Rachel Reeves က သူမ၏ ဆောင်းဦးရာသီ ဘတ်ဂျက်တွင် SEND ရန်ပုံငွေအတွက် ပေါင် (၁) ဘီလီယံ တိုးမြှင့်ပေးမည်ဟု ကြေညာခဲ့သော်လည်း ဝေဖန်သူ အများစုသည် ရန်ပုံငွေတစ်ဝက်ကျော်လောက်က ယခင်နှစ်က လိုငွေပြမှု ဖြည့်ရာတွင် ရောက်သွားနိုင်သည်ဟု ထောက်ပြထားသည်။

Source - Money Week

International News Read 10 times