ကျောင်းစရိတ်ကြီးခြင်းကြောင့် ကျောင်းသား (၄၈) ရာခိုင်နှုန်း ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရ

အင်္ဂလန်နှင့် စကော့တလန်ရှိ မူလတန်း ကျောင်းသားအားလုံး၏ ထက်ဝက်နီးပါးသည် စာသင်နှစ်အတွင်း ငွေကြေးအခက်အခဲများအား ရင်ဆိုင် ကြုံတွေ့နေရသည်ဟု Joseph Rowntree Foundation မှ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ပရဟိတအဖွဲ့၏ စစ်တမ်းကောက်မှုအရ သိရသည်။

ဆင်းရဲ နွမ်းပါးသော ဒေသများရှိ မူလတန်းကျောင်းများတွင် ကျောင်းသားဦးရေ၏ (၅၉) ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

JRF သည် မူလတန်းကျောင်းဝန်ထမ်း (၅၁၅) ဦးကို စစ်တမ်းကောက်ယူပြီး အင်္ဂလန်နှင့် စကော့တလန်မှ အဆင်းရဲဆုံးဒေသ၏ (၄၀) ရာခိုင်နှုန်းရှိ ကျောင်းများတွင် အလုပ်လုပ်နေသော ဝန်ထမ်း (၁၅) ဦးကို အမေးအဖြေ လုပ်ပြီး သုတေသနပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းကောက်ယူထားသူ အများစုမှာ အတန်းပိုင်ဆရာများဖြစ်ပြီး ကျောင်းအုပ်ကြီးများ၊ လက်ထောက်ဆရာမများနှင့် ကျောင်းဝန်ထမ်းများလည်း ပါဝင်သည်။

စစ်တမ်းအရ လွန်ခဲ့သည့် နှစ်နှစ်နှင့်ယှဉ်လျှင် ငွေကြေးအခက်အခဲကြောင့် အစားအသောက် ကောင်းကောင်းမစားနိုင်သည့် ကျောင်းသားများနှင့် စိတ်ဖိစီးမှု များနေသည့် ကျောင်းသားများ ပိုမို တိုးလာလျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် မူလတန်းကျောင်းများတွင် ကျောင်းသားများ၏ ငွေကြေးအခက်အခဲကို ကူညီဖြေရှင်းရန် Food Bank မှ စားနပ်ရိက္ခာ ထောက်ပံ့မှုများနှင့် ကျောင်းဝန်ထမ်းများ၏ ငွေကြေးထောက်ပံ့မှုတို့ကို ရယူနေသည်ဟု ဆိုသည်။

မူလတန်းကျောင်းများ၏ (၅၇) ရာခိုင်နှုန်းမှာ Food Bank ၏ အကူအညီကို ယူပြီး ကျောင်းတွင်း အခမဲ့အစားအသောက်များနှင့် စျေးသက်သာစွာ ဝယ်ယူနိုင်မည့် အစားအစာများကို ထောက်ပံ့လျက်ရှိပြီး ကျောင်းဝန်ထမ်းများ၏ (၄၀) ရာခိုင်နှုန်းနီးပါးသည် ခက်ခဲ ချို့တဲ့သည့် ကျောင်းသားများအတွက် ၎င်းတို့ ကိုယ်ပိုင်ဝင်ငွေနှင့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ရကြောင်းကိုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကျောင်းများသည် ငွေကြေးချို့တဲ့သည့် မိသားစုများအတွက် စားနပ်ရိက္ခာ အထောက်အပံ့၏ အကြီးမားဆုံး အရင်းအမြစ် ဖြစ်ကြောင်းနှင့် ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများကို ထောက်ပံ့သည့် ကျောင်းများ ပေါ်ပေါက်လာခြင်းကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျောင်းသို့ ပုံမှန်လာနေကြသည့် ကျောင်းသားဦးရေ ပိုပြီးများလာကြောင်း မူလတန်းကျောင်းဆရာများမှ အမျိုးသားပညာရေး သုတေသနဖောင်ဒေးရှင်းမှ သုတေသနပြုချက်တွင် အစီရင်ခံထားသည်။

Bristol မှ လက်ထောက်ကျောင်းအုပ်ကြီးတစ်ဦးမှ ကျောင်းသားများအတွက် ငွေကြေးအခက်အခဲ ထောက်ပံ့ခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကျောင်းများသည် ကျောင်းသားများကို စာသင်ပေးရုံနှင့် မလုံလောက်ဘဲ အစားအစာ ကျွေးမွေးရန်၊ အဝတ်အစားဆင်ပေးရန်၊ အိမ်ယာမဲ့ဖြစ်ပါက နေထိုင်စရာနေရာ ကူညီပေးရန် လိုအပ်ကြောင်း သုတေသနပြုသူများအား ပြောကြားခဲ့သည်။

အချို့ ကျောင်းများဘက်မှလည်း ကျောင်းသားများ၏ ငွေကြေးအခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီရာ ရောက်စေရန် အကုန်အကျများသည့် Activities များ၊ လေ့လာရေးခရီးများ စသည့် သင်ကြားရေး အရင်းအမြစ်များကို ဖြတ်တောက် လျှော့ချပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ ကျောင်းသားများအတွက် Free Meal များ ထောက်ပံ့ခြင်းနှင့် Activities များ လျှော့ချပေးခြင်းတို့ကြောင့် ကျောင်းသားဘက်မှ စာသင်နှစ်ကြေး ပေးသွင်းရာတွင် ငွေကုန်ကြေးကျ အထိုက်အလျောက် သက်သာသွားမည် ဖြစ်သည်။

JRF ၏ အဓိက မူဝါဒအကြံပေး Katie Schmuecker မှ ကျောင်းသားများ၏ ဆင်းရဲမွဲတေမှုသည် နိုင်ငံအတွက် ပြဿနာကြီးတစ်ခု ဖြစ်သောကြောင့် အနာဂတ်အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် အထူးလိုအပ်ကြောင်းနှင့် အဆိုပါ ဆင်းရဲမွဲတေမှုသည် မူလတန်းကျောင်းများတွင် ပိုမို တွေ့ရပြီး ထိုအခက်အခဲကို ဖြေရှင်းရန် တာဝန်သည် ကျောင်းတစ်ခုတည်းဘက်မှာတင် မရှိသင့်ကြောင်း ပြောကြားခဲ့သည်။

NEU (National Education Union) သင်ကြားရေးသမဂ္ဂ၏ အကြီးအကဲ Daniel Kebede မှလည်း ကျောင်းများနှင့် ကျောင်းဝန်ထမ်းများသည် နည်းလမ်းကျကျ ပြင်ဆင်မှု မရှိဘဲ ကျောင်းသားများ ဆင်းရဲမွဲတေမှု ပြဿနာအပေါ် ကိုင်တွယ် ဖြေရှင်းရန် ခေါင်းခံ တာဝန်ယူနေရကြောင်းကို ပြောကြားခဲ့သည်။

International News Read 98 times