ပုဂ္ဂလိကကျောင်းအနေနဲ့ ကျောင်းသားတွေကို တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်ပေးမှုများ

 

တက္ကသိုလ်ဝင်ခွင့်ဆိုတာ ပြိုင်ဆိုင်မှုများတာကြောင့် ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ကျောင်းသားတွေကို တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်ပေးမှုဟာ ကြီးလေးတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ အဆင့်မြင့်တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ရဖို့ ပညာရေး ထူးချွန်မှုအပြင် ဗဟုသုတနဲ့ စွမ်းရည်တွေ မွေးမြူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးခြင်း၊ လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်တစ်လျှောက် လမ်းညွှန်ပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။

 

ဒါကြောင့် မိမိကျောင်းက ကျောင်းသားတွေကို အဆင့်မြင့်ပညာရေးအတွက် ထိထိရောက်ရောက် ပြင်ဆင်ပေးနိုင်ဖို့ လုပ်ဆောင်ရမယ့် အရေးကြီးအချက်တွေကို ကောက်နုတ်ဖော်ပြပေးထားပါတယ်။

 

၁။ ခိုင်မာသော ပညာရေးဖောင်ဒေးရှင်းကို ပံ့ပိုးခြင်း

ပညာရေးထူးချွန်မှုဟာ တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်မှုအတွက် အဓိကကျတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒါကြောင့် အသေးစိတ်ကျပြီး ပြီးပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းကို သေချာ ရွေးချယ်ပါ။  နိုင်ငံတကာတက္ကသိုလ်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ IB၊ AP၊ A-level စတဲ့ အဆင့်မြင့် ပရိုဂရမ်တွေကို ထည့်သွင်း သင်ကြားပါ။

သင်ရိုးညွှန်းတမ်းကို ရွေးချယ်ပြီးတဲ့အခါ ဘာသာရပ်တွေပေါ်မှာလည်း အာရုံစိုက်ဖို့ မမေ့ပါနဲ့။ တက္ကသိုလ်လျှောက်တဲ့အခါ ဝင်ခွင့်လိုအပ်ချက်မှာ အရေးကြီးတဲ့ သင်္ချာ၊ သိပ္ပံနဲ့ ဘာသာစကားတွေလို အဓိကနယ်ပယ်တွေမှာ အသိပညာကို အားကောင်းအောင် သင်ကြားပေးပါ။

 

၂။ လိုအပ်သော စွမ်းရည်များ တည်ဆောက်ပေးခြင်း

တက္ကသိုလ်တက်မှ မဟုတ်ဘဲ ဘ၀တိုးတက်မှုအတွက်ပါ လိုအပ်တဲ့ Soft Skills တွေကို တည်ဆောက်ပေးရပါမယ်။

ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း - ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်ကို တိုးတက်စေတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်စေပါ။

ပြသနာများ ဖြေရှင်းခြင်း - အကျိုးအကြောင်း ဆက်စပ် တွေးခေါ်နိုင်ပြီး ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို မွေးမြူပေးပါ။

အချိန်စီမံခန့်ခွဲမှု - ကျောင်းသားတွေကို ပညာရေးနဲ့ သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေကို ဟန်ချက်ညီစေဖို့ သင်ကြားပေးပါ။

ဆက်ဆံရေးကောင်းမွန်မှု - အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးပါ။ အရေးအသား ကောင်းမွန်ဖို့နဲ့ လူအများရှေ့ စကားပြောစွမ်းရည်ကိုလည်း မြှင့်တင်ပေးပါ။

 

၃။ သင်ရိုးပြင်ပ လှုပ်ရှားမှုများကို အားပေးခြင်း

 

နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်တွေဟာ ပညာရေးထက် သာလွန်တဲ့ ကျောင်းသားတွေကို လိုချင်ကြပါတယ်။ ဒါကြောင့် အားကစား၊ အနုပညာ၊ စေတနာ့ဝန်ထမ်းအလုပ်နဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ ပါဝင်မှုကို အားပေးပါ။ ကျောင်းသားတွေအတွက် သူတို့ရဲ့ သင်ရိုးညွှန်းတမ်း အမှတ်တွေနှင့် သင်ရိုးညွှန်းတမ်းပြင်ပ လုပ်ဆောင်ချက် အောင်မြင်မှုတွေကို မှတ်တမ်းတင်ပြီး စုစည်း ထိန်းသိမ်းထားပေးပါ။

 

 

၄။ နည်းပညာ အသုံးချမှုကို မြှင့်တင်ခြင်း

တက္ကသိုလ်ရှာဖွေရေး အွန်လိုင်းပလပ်ဖောင်းတွေဖြစ်တဲ့ Common App၊ UCAS တို့လို ပညာရေး အရင်းအမြစ်တွေကို အသုံးပြုတတ်အောင် မိတ်ဆက်ပေးပါ။ ဒါ့အပြင် အခမဲ့ တက်ရောက်နိုင်တဲ့ အွန်လိုင်းသင်တန်းတွေကို လမ်းညွှန်ပေးပါ။ ကျောင်းသားတွေကို သူတို့ရဲ့ ပညာရေးဆိုင်ရာ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ အွန်လိုင်းသင်တန်းတွေ တက်ရောက်ဖို့ အားပေးပါ။ နည်းပညာနဲ့ ပိုမို ရင်နှီးမှုရအောင် နည်းပညာ အသုံးချရတဲ့ သင်ကြားရေး ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါ။

 

၅။ ကမ္ဘာလုံးဆိုင်ရာအမြင်ကို ရရှိစေခြင်း

အပြန်အလှန် ချိတ်ဆက်မှု ပိုများလာတဲ့ ကမ္ဘာကြီးမှာ ကျောင်းသားတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ်၊ အမြင်တွေကို နားလည်ဖို့ အရေးကြီးပါတယ်။ ကျောင်းတွေက ကျောင်းသားတွေအတွက် မတူညီတဲ့ ယဉ်ကျေးမှုတွေကို သိစေဖို့ နိုင်ငံခြားဘာသာစကား ပရိုဂရမ်တွေ သင်ကြားပေးတာ၊ နိုင်ငံတကာနှင့် ထိတွေ့မှု ရရှိစေဖို့ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေကို နိုင်ငံခြားကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကျောင်းသားတွေ အမြင်ကျယ်စေဖို့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးအဖြေရှာတာမျိုး လုပ်ဆောင်ရပါမယ်။

 

၆။ သတ်မှတ်စာမေးပွဲများကို လေ့ကျင့်ပေးခြင်းနှင့် အစမ်းစစ်ဆေးခြင်း

တက္ကသိုလ်အတော်များများဟာ ဝင်ခွင့်အတွက် သူတို့ သတ်မှတ်ထားတဲ့ စာမေးပွဲရမှတ်တွေကို တောင်းပါတယ်။ ဒါကြောင့် ကျောင်းတွေက နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေဖြစ်တဲ့ SAT၊ ACT (သို့မဟုတ်) တခြားသက်ဆိုင်ရာ စာမေးပွဲတွေအတွက် သင်တန်းနဲ့ သင်ကြားရေး နည်းပြဆရာတွေကို ထောက်ပံ့ပေးရပါမယ်။

သင်ကြားရေးပိုင်း အဆင်ပြေတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ စာမေးပွဲမှာ ကျောင်းသားတွေ ယုံကြည်မှု ပိုရှိစေဖို့နဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့ အစမ်းစာမေးတွေ ဖြေဆိုစေပြီး အတွေ့အကြုံများများရအောင် လေ့ကျင့်ပေးရပါမယ်။

 

၇။ စိတ်ပိုင်းဆိုင်ရာ ရင်ကျင့်မှု ပြင်ဆင်ပေးခြင်း

ငြင်းပယ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စိတ်အားထက်သန်နေဖို့ ကျောင်းသားတွေကို သင်ကြားပေးပါ။ စဉ်ဆက်မပြတ် တိုးတက်မှုဆိုတာ ခံနိုင်ရည်ရှိခြင်း၊ လိုက်လျောညီထွေဖြစ်ခြင်း၊ အမှားတွေကနေ သင်ခန်းစာယူတတ်ခြင်းတို့ကနေ လာကြောင်း မီးမောင်းထိုးပြပါ။

 

၈။ ဝင်ခွင့်လုပ်ငန်းစဉ်များနှင့် ကျောင်းသားများအား ရင်းနှီးစေခြင်း

တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အခါ ပြင်ဆင်ရမယ့် လိုအပ်ချက်တွေကို သိဖို့ အရေးကြီးပါတယ်။ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု ဝင်ခွင့် လိုအပ်ချက်တွေ မတူညီပါဘူး။ ဝင်ခွင့်လျှောက်လွှာတင်တဲ့အခါ၊ စာရွက်စာတမ်းတွေ စုစည်းရတဲ့အခါ သိထားရမယ့် အဆင့်ဆင့် လမ်းညွှန်ချက်တွေကို ပညာရေးပြပွဲတွေကနေတဆင့် ရင်းနှီးအောင် ပြုလုပ်ပေးရပါမယ်။

ကျောင်းသားတွေကို သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေ၊ အိမ်မက်တွေကို ထင်ဟပ်စေပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရေးကိုယ်တာ ဖော်ပြချက်နဲ့ အက်ဆေးတွေ ရေးသားနိုင်ဖို့ ကြိုတင် လေ့ကျင့်ပေးထားရပါမယ်။

ကျောင်းသားတွေရဲ့ အားသာချက်တွေကို မြင်သာစေပြီး ထိထိမိမိဖြစ်မယ့် ထောက်ခံစာတွေကို ဘယ်လို ရေးသားပေးရမလဲဆိုတာ ဆရာတွေဘက်ကလည်း သိထားဖို့ လိုအပ်ပါတယ်။

 

၉။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းညွှန်မှုနှင့် အကြံဉာဏ်ပေးခြင်း

ကျောင်းသားတွေအတွက် သင့်လျော်တဲ့ တက္ကသိုလ်တွေနဲ့ ပရိုဂရမ်တွေကို ရွေးချယ်ရာမှာ လမ်းညွှန်ပေးဖို့ College Counselors တွေ ရှိထားသင့်ပါတယ်။ အနာဂတ်မှာ သူတို့ လျှောက်လှမ်းချင်တဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်အတွက် တက်ရောက်ရမယ့် တက္ကသိုလ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ လမ်းညွှန်ပေးရပါမယ်။ သူတို့ စိတ်ဝင်စားတဲ့ ဝါသနာကို သိနိုင်ဖို့ ကျောင်းဘက်က မတူညီတဲ့ ပရောဂျက်တွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ စီစဉ်ပေးသင့်ပါတယ်။

 

၁၀။ မိဘများအား အသိပညာပေးခြင်း

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာလုပ်ငန်းစဉ်မှာ မိဘတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးကြောင်း အသိပညာပေးဖို့ မိဘနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေကို စီစဉ်ပြီး ဖိတ်ကြားသင့်ပါတယ်။ ကျောင်းလျှောက်ထားမှု  နောက်ဆုံးသတ်မှတ်ရက်တွေ၊ တက္ကသိုလ် ဆွေးနွေးပွဲတွေအကြောင်း အချိန်နဲ့တပြေးညီ သိရှိစေဖို့ မိဘတွေဆီ အကြောင်းကြားပေးပါ။

 

ပုဂ္ဂလိကကျောင်းတွေက ကျောင်းသားတွေကို အောင်မြင်မှု လမ်းကြောင်းပေါ် ချမှတ်ပေးနိုင်ပါတယ်။ ကောင်းစွာ ပြင်ဆင်ထားတဲ့ ကျောင်းသားဟာ သူတို့အိပ်မက် တက္ကသိုလ်မှာ ဝင်ခွင့်ရရှိရုံသာမက ကျောင်းရဲ့ အပြုသဘောဆောင် ဂုဏ်သတင်းကိုလည်း  ကျော်ကြားစေပါတယ်။

 

High Read 80 times