မြန်မာနိုင်ငံမှာ ကလေးငယ်လေးတွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှူပြီး နိုင်ငံတကာအဆင့်မီသင်ရိုးတွေနဲ့ သင်ကြားပေးနေတဲ့ မူကြိုကျောင်းတွေ များစွာ ရှိပါတယ်။ ဒီထဲကမှ ရန်ကုန်မှာဆိုရင် နိုင်ငံတကာ မူကြိုကျောင်း (၃၀) ကျော် ရှိနေပါပြီ။
ဒါကြောင့် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေမှာ အသုံးပြုတဲ့ သင်ကြားရေး နည်းစနစ်တွေအပြင် သင်ယူရမယ့် အခြေခံ အကြောင်းအရာတွေနဲ့ ဘာသာရပ်တွေကို သိရှိနားလည်စေဖို့ မျှဝေပေးချင်ပါတယ်။
မူကြိုဆိုတာ ဘာလဲ?
မူကြိုဆိုတာ မူလတန်းအကြိုပညာရေးဖြစ်ပြီး ကလေးငယ်တွေရဲ့ သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံနိုင်စွမ်း၊ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း၊ စူးစမ်းရှာဖွေနိုင်စွမ်း စသဖြင့် ဘက်စုံဖွံ့ဖြိုးရေးကို ဗဟိုပြု သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ်။
မူကြိုကျောင်းကို အသက် (၂) နှစ်ကနေ (၅) နှစ်အရွယ် ကလေးတွေ တက်ရောက်လို့ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ မိဘအများစုက ကလေးတွေကို အသက် (၃) နှစ်အရွယ်မှ စပြီး မူကြိုကျောင်းတွေကို ပို့လေ့ရှိပါတယ်။ မူကြိုတက်ပြီးရင်တော့ ကလေးတွေဟာ Kindergarten (KG) လို့ခေါ်တဲ့ သူငယ်တန်းကို စတက်ကြရမှာ ဖြစ်ပါတယ်။
မူကြိုကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေကို ဘယ်လိုခွဲထားလဲ?
ရန်ကုန်က မူကြိုကျောင်းတွေမှာ British Curriculum ၊ American Curriculum ၊ Singapore Curriculum နဲ့ Burmese Curriculum ဆိုပြီးတော့ ခွဲခြားထားပါတယ်။ ဘာသာစကားအနေနဲ့ ကျောင်းအများစုကတော့ မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး သင်ကြပါတယ်။ ဒါ့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာစကား (၃) မျိုးလုံးကို သုံးပြီး သင်ကြတဲ့ နိုင်ငံတကာ မူကြိုကျောင်းတွေလည်း ရန်ကုန်မှာ တွေ့ရပါတယ်။
မူကြိုကျောင်းတွေမှာ Level ဘယ်နှစ်ဆင့် ရှိလဲ?
တစ်ကျောင်းနဲ့ တစ်ကျောင်း သင်ရိုးချင်း မတူနိုင်တဲ့အတွက်ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် တက်ရတဲ့ Level တွေလည်း ကွဲပြားနိုင်ပါတယ်။ ပုံမှန်ကတော့ မူကြိုကျောင်းတွေမှာ အောက်ဖော်ပြပါအတိုင်း သားသားမီးမီးတို့ အသက်အရွက်နဲ့ ကိုက်ညီမယ့် အတန်းတွေကို သတ်မှတ်ထားပါတယ်။
မူကြိုကျောင်းမှာ ဘာတွေ အဓိက သင်ရလဲ?
မူကြိုကျောင်းတွေမှာ အဓိကအားဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေး ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့အတွက် ကွန်ပျူတာ၊ အနုပညာနဲ့ အားကစားတို့ကိုလည်း သင်ကြားပေးပါတယ်။
မူကြိုမှာ ဘယ်လို သင်ကြားရေးနည်းလမ်းတွေ အသုံးပြုလဲ?
ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ မူကြိုကျောင်းအများစုက ကလေးတွေကို Reggio - Emilia (Italy) ၊ Montessori (Italy) ၊ Waldorf Teaching (Germany) နဲ့ Emergent Teaching (Italy) စတဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းလမ်း (Child-centered Approach) တွေကို သုံးပြီး သင်ကြားပေးလျက်ရှိပါတယ်။
Child-centered Approach - ကလေးတွေကို အလွတ်ကျက်မှတ်ခိုင်းတာထက် သဘောတရားကို နားလည်အောင် ဆရာနဲ့ ကလေး ဆွေးနွေးတိုင်ပင်တဲ့ သင်ကြားရေးအသွင်ကို ဆိုလိုပါတယ်။
Reggio - Emilia - ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုတွေနဲ့ သဘာဝပစ္စည်းတွေကို ကလေးတွေ ထင်မြင်ချက်အတိုင်း အသေးစိတ် နားလည်ပြီး ခံစားနိုင်စွမ်းရှိအောင် ပုံသွင်း သင်ကြားပေးတဲ့ ပုံစံပါ။
Montessori - ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပြီး ကလေးတွေရဲ့ တိုးတက်မှုနဲ့ စိတ်ဝင်စားမှုအလိုက် သင်ခန်းစာတွေ ရေးဆွဲပြီး သင်ကြားပေးတဲ့ စနစ်ကို ခေါ်ပါတယ်။
Waldorf Teaching - ကလေးတစ်ယောက်ရဲ့ အသိဉာဏ်၊ အပြုအမူ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်တွေပေါ် မူတည်ပြီး ချဉ်းကပ်သင်ကြားပေးရတဲ့ နည်းစနစ် ဖြစ်ပါတယ်။
Emergent Teaching - ကလေးတွေရဲ့ စိတ်ဝင်စားမှု၊ လိုအပ်ချက်နဲ့ ကျွမ်းကျင်မှုတို့ကို အခြေခံပြီး သင်ယူမှု အတွေ့အကြုံတွေကို ဖန်တီးပေးတဲ့ သင်ကြားရေး စနစ်မျိုးပါ။
မူကြိုကျောင်းတွေမှာ သင်ယူရမယ့် အခြေခံ ဘာသာရပ်များ
မူကြိုကျောင်းအနေနဲ့ ကလေးတွေကို သူငယ်တန်း (သို့) မူလတန်း စတက်တဲ့အချိန်မှာ ပညာရေးအပြင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်နေအောင် ဘာတွေ သင်ကြားပေးလဲဆိုတာကို ဖော်ပြပေးပါမယ်။
၁။ ဂဏန်းသင်္ချာ
ကလေးတွေကို နံပါတ်အစဉ်လိုက် အစီစဉ်တကျ ရေတွက်တတ်ဖို့၊ ကြီးစဉ်ငယ်လိုက်၊ ငယ်စဉ်ကြီးလိုက် စီတတ်ဖို့ကို အရင်ဆုံး သင်ကြားပေးပါတယ်။ နောက်ပြီး သင်္ချာရဲ့ အခြေခံ လက္ခဏာတွေဖြစ်တဲ့ အပေါင်းနဲ့ အနုတ်ကို သေသေချာချာ တွက်ချက်တတ်အောင်၊ သဘောတရား နားလည်အောင် သင်ပေးပါတယ်။
၂။ ပုံသဏ္ဍာန်အမျိုးအစား
စက်ဝိုင်း၊ တြိဂံ၊ လေးထောင့် အစရှိတဲ့ ပုံသဏ္ဍာန်တွေကို သင်ကြားပေးခြင်း ဖြစ်ပါတယ်။ အရာ၀တ္ထုတွေရဲ့ အရွယ်အစား၊ ပုံသဏ္ဍန်တွေကို တူရာ အုပ်စုခွဲခိုင်းပြီး လေ့ကျင့်ပေးပါတယ်။ ကလေးငယ်တွေကို ပန်းပုံ၊ တိရစ္ဆာန်ပုံ၊ အသည်းပုံ၊ လပုံတွေအထိ ဘယ်လို ပုံသဏ္ဍာန်မျိုး ရှိလဲ သိအောင် သင်ကြားပေးပါတယ်။
၃။ အရောင်အမျိုးမျိုး
ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတွေ၊ တိရစ္ဆာန်တွေရဲ့ အရောင်တွေကို ဥပမာပေးပြီး ခိုင်းနှုန်းပြခြင်းမျိုးနဲ့ အရောင်တွေကို မှတ်မိအောင် သင်ကြားပေးပါတယ်။ နောက်တစ်ဆင့်အနေနဲ့ အရောင်တွေကို အသေးစိတ် ခွဲခြားသိနိုင်ဖို့ ရောင်စုံပုံလေးတွေ ပြပေးခြင်း၊ အရောင်ခြယ်ခြင်း စတာတွေနဲ့ လေ့ကျင့်ပေးပါတယ်။
၄။ ဘာသာစကား
စကားလုံးသင်ကြားရေးမှာ ရေးခြင်း၊ ဖတ်ခြင်းကို စတင် သင်ကြားတာထက် ကလေးတွေရဲ့ အမြင်အာရုံကို ဆွဲဆောင်ဖို့ အရောင်ပါရှိတဲ့ ချစ်စဖွယ် စာလုံးလေးတွေကို ပြသပြီး သင်ပေးပါတယ်။ ဘာသာစကားကို နားထဲဝင်အောင် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ခြင်း၊ စာဖတ်ပြခြင်းတို့ကိုလည်း လုပ်ပေးပါတယ်။ အရေးသင်ကြားမှုအတွက် စကာလုံးလေးတွေကို ပုံဆွဲနည်း သင်သလို ရေးဆွဲပြပါတယ်။
၅။ အနုပညာ
ကလေးငယ်တွေကို စိတ်တည်ငြိမ်စေပြီး တီထွင်ဖန်တီးနိုင်စွမ်း၊ ကိုယ်ပိုင် စိတ်ကူးပုံဖော်နိုင်စွမ်းကို တိုးမြှင့်လာစေတဲ့ အနုပညာ ဘာသာရပ်ကလည်း အရေးကြီးပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး အရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ ဖြတ်ညှပ်ကပ်လုပ်ခြင်း၊ ရုပ်ပုံဖော်ခြင်း၊ အလှဆင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို သင်ယူရပါတယ်။
၆။ နည်းပညာ
ကလေးငယ်တွေရဲ့ အရွယ်အလိုက် သင့်တော်တဲ့ နည်းပညာ အသုံးပြုမှုကို သင်ကြားပေးပါတယ်။ ကလေးငယ်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ဂိမ်းအက်ပလီကေးရှင်းတွေကို မိတ်ဆက်ပေးတာ၊ ကွန်ပျူတာ အသုံးပြုပုံကို သင်ကြားပေးတာ၊ နည်းပညာ အသုံးပြုပြီး သင်ခန်းစာတွေကို လေ့လာစေတာ စသဖြင့် ငယ်စဉ်ကတည်းက နည်းပညာနဲ့ ရင်းနှီးနေအောင် လေ့ကျင့်ပေးပါတယ်။
၇။ လူမှုရေး
ကလေးတွေကို ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းကြား ဆက်ဆံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အယူအဆတွေကို နားလည်သဘောပေါက်စေဖို့ လူမှုရေး ဘာသာရပ်ကို သင်ကြားပေးပါတယ်။ လူမှုရေးမှာ လူတွေကြား တူညီမှုနဲ့ ကွဲပြားမှုတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ တာဝန်တွေ၊ ယဉ်ကျေးမှု အသိပညာတွေ၊ ပတ်ဝန်းကျင် အနေအထား၊ စာနာမှုနဲ့ လူမှုဆက်ဆံရေး စတာတွေ အကုန်ပါပါတယ်။
၈။ သိပ္ပံ
ကမ္ဘာပေါ်ရှိ သက်ရှိ၊ သက်မဲ့ သတ္တဝါတွေရဲ့ ကဏ္ဍ၊ ဓာတုဗေဒဖြစ်စဉ်၊ ရူပဗေဒဖြစ်စဉ်၊ အာကာသနဲ့ စကြာဝဠာတွေ အကြောင်းကို သိပ္ပံမှာ သင်ကြားရမှာ ဖြစ်ပါတယ်။ ကလေးတွေကို ကိုယ်တိုင် စူးစမ်းရှာဖွေလေ့လာစေပြီး သူတို့ မြင်ရ၊ ကြားရ၊ ခံစားရတာတွေကို ပြန်ပြောပြတတ်ဖို့ လေ့ကျင့်ပေးပါတယ်။
၉။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
ခန္ဓာကိုယ် ဖွံ့ဖြိုးရေးနဲ့ ကြွက်သားသန်မာရေးအတွက်လည်း Activities တွေ လုပ်ဆောင်ရပါတယ်။ လေ့ကျင့်ခန်းလုပ်ရတာ၊ အကြောလျှော့ရတာ၊ ပြေးရတာ၊ ကရတာ၊ ခုန်ရတာ စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ ရည်ရွယ်ပြီး သင်ကြားပေးတာ ဖြစ်ပါတယ်။
၁၀။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် သင်ကြားရမယ့် အကြောင်းအရာတွေကတော့ မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်ဆိုးနေခြင်း၊ ပျော်ရွှင်နေခြင်း၊ စဉ်းစားနေခြင်း၊ စိတ်လှုပ်ရှားနေခြင်း စတဲ့ စိတ်ခံစားချက်တွေကို နားလည်ခြင်း၊ ပြသနာဖြေရှင်းနိုင်ခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်း စတာတွေ ဖြစ်ပါတယ်။
ဖော်ပြပါ ဘာသာရပ်တွေဟာ ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ ပညာရေးအပြင် ဘက်စုံဖွံ့ဖြိုးရေးကို ပံ့ပိုးပေးနိုင်တဲ့ အခြေခံ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။