ကလေးငယ်တွေ သင်ယူရာမှာ အထောက်အကူပြုနိုင်မယ့် ကစားနည်း (၁၀) မျိုး

 

Play-based Learning ဆိုတာ ကလေးတွေအတွက် သင်ယူရေးပိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ ချဉ်းကပ်နည်းတစ်ခု ဖြစ်ပါတယ်။ ကလေးတွေကို စူးစမ်းရှာဖွေချင်စိတ်ရှိဖို့၊ ကျန်းမာသန်စွမ်းလာဖို့၊ ဉာဏ်ပညာဖွံ့ဖြိုးဖို့၊ လူမှုဆက်ဆံရေး ကောင်းမွန်ဖို့ ကစားနည်းလေးတွေ ဖန်တီးပြီး သင်ကြားပေးသင့်ပါတယ်။ ဒါမှလည်း ကလေးငယ်တွေဟာ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာနိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိလာမှာ ဖြစ်ပါတယ်။ 

 

ဒါကြောင့် ကလေးငယ်တွေ သင်ယူရာမှာ အသုံးပြုပေးလို့ရတဲ့ ကစားနည်း အမျိုးအစား (၁၀) မျိုးကို အကျိုးကျေးဇူးတွေနဲ့တကွ ဖော်ပြပေးသွားပါမယ်။ မိဘတွေ၊ ဆရာတွေအနေနဲ့ ဒီကစားနည်းတွေကို လက်ခံအသုံးပြုမယ်ဆိုရင်တော့ အသက် (၁) နှစ်မှ (၆) နှစ်အထိ ကလေးတွေအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ် 

 

၁။ ကိုယ်ကာယကစားနည်း

ကိုယ်ကာယကစားနည်းဆိုတာ ပြေးခြင်း၊ ခုန်ခြင်း၊ ဘောလုံးကစားခြင်း၊ တွယ်တက်ခြင်း၊ ကခြင်း စတဲ့ ကိုယ်ခန္ဓာကို အဓိက အသုံးပြုပြီး လှုပ်ရှားရတဲ့ ကစားနည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို လုပ်ဆောင်ရတဲ့ ကလေးတွေဟာ ကြွက်သားတွေ သန်မာလာမယ်၊ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းချုပ်လာနိုင်မယ်၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို တိုးတက်လာစေပါမယ်။

 

၂။ တည်ဆောက်ရေး ကစားနည်း

တည်ဆောက်ရေး ကစားနည်းဆိုတာကတော့ Block တွေ၊ LEGO တွေ၊ Puzzle တွေကို အသုံးပြုပြီး သတ်မှတ်ပုံစံအတိုင်း ဖန်တီး တည်ဆောက်ရတဲ့ ကစားနည်းကို ခေါ်ပါတယ်။ ဒီကစားနည်းကြောင့် ကလေးတွေအနေနဲ့ ပြသနာတွေ ဖြေရှင်းလာနိုင်မယ်၊ အရာ၀တ္ထုတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို သိလာနိုင်မယ်၊ ဖန်တီးနိုင်စွမ်းကိုလည်း တိုးမြှင့်လာနိုင်ပါမယ်။

 

၃။ သရုပ်ဖော်ကစားနည်း

ဆရာဝန်၊ ဆရာမ၊ ဈေးဝယ်သူ၊ စူပါဟီးရိုး စတဲ့ ပုံစံအမျိုးမျိုးအဖြစ် သရုပ်ဖော် ကစားခြင်းကလည်း ကလေးတွေအတွက် မတူညီတဲ့ အခြေအနေနဲ့ အခန်းကဏ္ဍကို စူးစမ်းလေ့လာခွင့် ရစေပါတယ်။ ဒီကစားနည်းကြောင့် ကလေးတွေအနေနဲ့ စိတ်ကူးစိတ်သန်း ကောင်းလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ နားလည်မှုနဲ့ လူမှုရေးစွမ်းရည်တွေလည်း တိုးလာနိုင်ပါတယ်။ 

 

၄။ စူးစမ်းလေ့လာရေး ကစားနည်း

ဒီကစားနည်းကတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာ၀တ္ထုတွေ၊ သဘာ၀တရားတွေကို စူးစမ်းလေ့လာတာမျိုး ဖြစ်ပါတယ်။ အမြင်အာရုံကို လှုံ့ဆော်ပေးနိုင်တဲ့ ပစ္စည်းတွေ ပြပေးတာ၊ ရေနဲ့ ကစားခိုင်းတာ၊ အရာဝတ္တုတွေကို ကိုယ်တိုင် အသုံးပြုခိုင်းတာ စတာတွေဟာ သိချင်စိတ်နဲ့ သိမြင်နိုင်စွမ်းကို တိုးစေလာအောင် လေ့ကျင့်ပေးတဲ့ ကစားနည်းတွေပဲ ဖြစ်ပါတယ်။ 

 

၅။ အနုပညာဆိုင်ရာ ကစားနည်း

ပုံဆွဲခြင်း၊ အရောင်ခြယ်ခြင်း၊ လက်မှုပစ္စည်းတွေ ဖန်တီးခြင်း စတာတွေဟာ ကလေးငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးတဲ့ ကစားနည်းတွေ ဖြစ်ပါတယ်။ ကလေးငယ်တွေကို စိတ်တည်ငြိမ်စေပြီး စိတ်ကူးပုံဖော်မှု အားကောင်းလာစေပါတယ်။ ဒီကစားနည်းတွေ ကစားနိုင်ဖို့ ရောင်စုံခဲတံ၊ ပုံဆွဲစာအုပ်၊ စာရွက်၊ ပိတ်စ စတာတွေ လိုအပ်ပါတယ်။ 

 

၆။ ဘာသာစကားဆိုင်ရာ ကစားနည်း

ကလေးတွေကို ဘာသာစကား သင်ကြားတဲ့အခါမှာ စကားလုံးတွေကို အလွတ်ကျက်မှတ်ခိုင်းတာက နည်းလမ်း မမှန်ပါဘူး။ ဘာသာစကားတစ်ခုနဲ့ စတင် ရင်းနှီးဖို့ ကလေးငယ်တွေကို သီချင်းဆိုခိုင်းမယ်၊ ကဗျာရွတ်ခိုင်းမယ်၊ ပုံပြင်ပြောပြမယ် စတဲ့ နည်းလမ်းတွေကို အသုံးပြုရမှာပါ။ ဒီနည်းလမ်းက စကာလုံးအသစ်တွေ သိသွားသလို နားထောင်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ 

 

၇။ လူမှုရေးဆိုင်ရာ ကစားနည်း

လူမှုရေးဆိုင်ရာ ကစားနည်းမှာ အဖွဲ့လိုက် ဂိမ်းကစားခြင်း၊ အဖွဲ့လိုက် သရုပ်ဖော်ခြင်း၊ အဖွဲ့လိုက် အဖြေရှာဖြင်း စတဲ့ အုပ်စုလိုက် လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။ ဒီကစားနည်းတွေကို အသုံးပြုမယ်ဆိုရင် ကလေးတွေအချင်းချင်း မျှဝေတတ်လာမယ်၊ ပူးပေါင်းဆောင်ရွက်လာနိုင်မယ်၊ ပြသနာဖြေရှင်းလာနိုင်မယ်၊ လူမှုဆက်ဆံရေးစွမ်းရည်လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ 

 

၈။ အာရုံခံ ကစားနည်း

အာရုံခံ ကစားနည်းဆိုတာကတော့ ကလေးတွေကို ကစားစရာ ဂျုံတွေ၊ Slime တွေ၊ ပုံစံဖော်လို့ရတဲ့ Kinetic sand တွေ ပေးပြီး ကစားခိုင်းတာပါ။ ဒီကစားနည်းတွေဟာ အာရုံခံလုပ်ဆောင်မှု၊ တီထွင်ဖန်တီးမှုနဲ့ အာရုံစူးစိုက်မှုတို့ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက အေးဆေးတည်ငြိမ်တဲ့ ကလေးတွေအတွက် ပိုပြီး အကျိုးရှိနိုင်ပါတယ်။ 

 

၉။ ဦးနှောက်ဖွံ့ဖြိုးရေး ကစားနည်း

Flashcard တွေဟာ ကလေးငယ်တွေရဲ့ ညာဘက်ဦးနှောက် (အမြင်မှတ်သားနိုင်စွမ်း) ကို လှုံ့ဆော်ပေးတဲ့ အကောင်းဆုံး ကစားနည်း ဖြစ်ပါတယ်။ တောက်ပပြီး ရောင်စုံရုပ်ပုံ Flashcard တွေကို အချိန်တိုတိုအတွင်း များများ ပြပေးမယ်ဆိုရင် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ မှတ်သားနိုင်စွမ်းနဲ့ အမြင်အာရုံမှတ်ဉာဏ်တွေကို တိုးတက်လာစေပါတယ်။ 

 

၁၀။ ပြင်ပ ကစားနည်း

ကလေးတွေကို ပြင်ပလောကနဲ့ ရင်နှီးမှုရအောင် အပြင်ခေါ်ဆောင်ပြီး လွတ်လွတ်လပ်လပ် ကစားစေတာမျိုး ဖြစ်ပါတယ်။ တိရိစ္ဆာန်ဥယျာဉ်မှာ တိရိစ္ဆာန်လေးတွေကို လိုက်ပြတာမျိုး၊ ပန်းခြံလေးထဲ သွားပြီး အပင်အကြောင်း လေ့လာတာမျိုးတွေက ပြင်ပ လှုပ်ရှားမှုမှာ ပါဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် ကလေးတွေရဲ့ စူးစမ်းရှာဖွေလိုစိတ်ကို အားပေးကာ သဘာဝတရားနဲ့ ဆက်သွယ်မှုကို မြှင့်တင်ပေးပါတယ်။

 

Play-based learning က အစောပိုင်း ကလေးပညာရေးအတွက် ပျော်ရွှင်စရာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို အညီအမျှ ပေးဆောင်တဲ့ တစ်ခုတည်းသော သင်ကြားရေးနည်းလမ်း ဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် ကစားနည်းတစ်ခုချင်းစီတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ တီထွင်ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စူစမ်းလေ့လာမှု၊ အသိပညာတိုးပွားမှု၊ အာရုံခံနိုင်စွမ်းကောင်းမှု စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ 

 

Kindergarten Pre-school Read 14 times