တစ်လအတွင်း အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၆,၅၀၀ ကျော် ဖွင့်လှစ်

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယခုနှစ်၏ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းများကို ဇူလိုင် (၂၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဩဂုတ် (၂၁)ရက်ထိ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၆,၅၀၀ ကျော် ပြန်လည် ဖွင့်လှစ်ခဲ့သည် ဟုပြောကြားခဲ့သည်။

ထို့အပြင် ၎င်းမှ ဆက်လက်၍ "အထက်တန်းကျောင်းအားလုံးပေါင်း (၄၂၀)ကျော်ရှိတယ်။ (၁၂၀) ကျော်လောက်ဖွင့်ပြီး အခုက အကုန်လုံးကို ပြန်ပိတ်ထားတယ်။” ဟုလည်း ရခိုင်ပြည်တွင်း ကျောင်းများ ပိတ်ထားမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် အထက်တန်းကျောင်းများ အားလုံးကို ခေတ္တပိတ်ထားပြီး ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိသော ကျောင်းများအားလုံး ကိုလည်း ယာယီရပ်ဆိုင်းထားပြီး ရခိုင်ပြည်နယ် ဒေသတွင်း COVID-19 ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသမှု အခြေအနေအရ ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင် ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

"အခြေအနေကတော့ COVID-19 အခြေအနေပေါ် မူတည်ပါတယ်။ အခြေအနေကောင်းရင် ဖွင့်ဖို့လုပ်ပေးမယ်။ အခြေအနေမကောင်းရင် ဖွင့်လို့မရဘူး။ ဒါကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ COVID-19 ထိန်းချုပ်ရေးကော်မတီပေါ်မှာပဲ မူတည်တယ်။အထက်တန်း ကျောင်းက ဖွင့်ဖို့ ၆၀၀ နီးပါးလောက်ကျန်တယ်။ ဖွင့်ရဖို့အတွက် စစ်ဆေးမှုတွေက လုပ်နေပါတယ်။” ဟု ဦးကိုလေးဝင်းက ဆိုထားသည်။

စီစစ်မှုများနှင့် ပတ်သက်၍ ဇူလိုင် ၁၇ ရက်မှ စ၍ ဩဂုတ် ၂၁ ရက်ထိ COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ တားဆီးရေး နှင့် ကျန်းမာရေး နှင့် ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်း စုစုပေါင်း (၇,၁၇၃)ကျောင်း အနက် (၇၁၂၉)ကျောင်း ကို ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်)ကျောင်း (၆,၅၇၃)ကျောင်း ၊ ပြန်လည်စိစစ်အတည်ပြုရန် လိုအပ်သည့် ကျောင်း (၅၃၀)ကျောင်း နှင့် အဆင်သင့်ဖြစ်ရန် လိုအပ်သည့်ကျောင်း (၂၆)ကျောင်း စိစစ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

By Myanmar Education Guide - EDGE

Ref: xinhuamyanmar

Latest Post News Read 9993 times