ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ ကလေးသူငယ်ပြုပြင်ရေး လူငယ်သင်တန်းကျောင်း(၁) ကျောင်းအား သင့်လျော်သောနေရာတွင် တည်ထောင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ကလေးသူငယ် ပြုပြင်ရေး လူငယ်သင်တန်းကျောင်း (၁) ကျောင်းအား သင့်လျော်သောနေရာတွင် တည်ထောင်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိပါကြောင်းသိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၁.၂.၂၀၀၂၀) ရက်စွဲပါစာအမှတ် ၃-၁၆၁၉၅(မြေ)/၂၄၈၀ အရ သန်လျင်လူငယ် သင်တန်းကျောင်းသည် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအရ တရားရင်ဆိုင်ဆဲ စီရင်ချက်မရသေးသော အသက် (၁၆) နှစ်အောက် ယောကျာ်းလေးများအား လက်ခံစောင့်ရှောက်ရန်အတွက် အဆောက်အဦမှာ ကလေး (၁၅၀) ဦးဆံ့ ဖြစ်သော်လည်း ၂၃.၇.၂၀၁၉ ရက်နေ့တွင် အသစ်ထွက်ရှိသည့် ကလေးသူငယ်ဥပဒေအရ အသက်(၁၈)နှစ်အောက် ယောကျာ်းလေးများအား လက်ခံစောင့်ရှောက်ရသောကြောင့် ကလေးဦးရေမှာ (၅၃၆)ဦးကို စောင့်ရှောက် ရသဖြင့် ကလေးများအတွက် အိပ်ဆောင်၊ သန့်စင်ခန်းနှင့် စားသောက်ခန်းတို့မှာ လုံလောက်မှုမရှိပါ။
(၁.၂.၂၀၂၀)ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်တွင် ရွှေပြည်သာမြို့နယ်၌ လူငယ်သင်တန်းကျောင်း (၁) ကျောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ခဲ့သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ရန်ပုံငွေထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်၍ အကျယ်အဝန်း ပေ (၄၀၀ x ၄၀၀) မြေနေရာ ရရှိရေးဆောင်ရွက်ထားပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က (၁၃.၅.၂၀၂၀) ရက်စွဲပါစာအမှတ် ၄/၈-၂(၂၂)/ လူမှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ရွှေပြည်သာမြို့နယ်၊ မြေတိုင်းရပ်ကွက်၊ အမှတ်(၁၁)၊ ဒေါနလမ်းပေါ်ရှိ ၄.၂၄၄ ဧကခန့်ရှိ မြေကွက်အပေါ်တွင် လူငယ်သင်တန်း ကျောင်း ဆောက်လုပ်နိုင်ရေး မြေပေးနိုင်မှု ရှိ/မရှိအား မေးမြန်းထားပြီးဖြစ်ပါကြောင်းသိရသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သန်လျင်လူငယ်သင်တန်းကျောင်းခွဲ လူငယ်သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းသိရပါသည်။
By Myanmar Education Guide (EDGE)
Yangon Hluttaw