မြောက်အိုင်ယာလန်ရှိ ကျောင်းများအားလုံးသည် ပညာရေးဝန်ကြီးဌာနမှ ကြေညာထားသော အစီအစဉ်များအောက်တွင် နှလုံးခုန်စက်တစ်ခုစီကို လက်ခံရရှိမည်ဖြစ်ကြောင်း နိုင်ဝင်ဘာလ (၂၅) ရက်၊ တနင်္လာနေ့တွင် ကျင်းပပြုလုပ်ခဲ့သော အစည်းဝေးပွဲတွင် ပြောကြားခဲ့သည်။
ပညာရေး၀န်ကြီး Paul Givan သည် အသက်များကို ကယ်တင်နိုင်ရန် ကျောင်းများတွင် နှလုံးခုန်နှိုးစက်များ ထောက်ပံ့ရန်အတွက် £700,000 ကျော် သုံးစွဲရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့သည်။
မြောက်အိုင်ယာလန်ရှိ အချို့သောကျောင်းများသည် ၎င်းတို့၏ ကိုယ်ပိုင် နှလုံးခုန်နှိုးစက်ကို ဝယ်ယူထားသော်လည်း ကျောင်းပေါင်း (၆၀၀) ခန့်တွင် ထားရှိရန် လိုအပ်နေသေးကြောင်း သိရသည်။ လာမည့် ၂၀၂၅ ပညာသင်နှစ်၊ ဇွန်လတွင် စပြီး နှလုံးခုန်နှိုးစက်များကို ကျောင်းအားလုံးတွင် ရှိရန် စီစဉ်နေသည်။
အင်္ဂလန်ရှိ အစိုးရကျောင်းများအားလုံးတွင် ၂၀၂၃ ခုနှစ်ကတည်းက အသက်ကယ်ကိရိယာများ ရှိသည်။ ၎င်းသည် ၂၀၁၁ ခုနှစ်တွင် ကျောင်းရေကူးသင်ခန်းစာတစ်ခုမှာ ရှားပါး နှလုံးရောဂါဖြင့် ကွယ်လွန်သွားသော ကျောင်းသား Oliver King ၏ သေဆုံးမှုနောက်တွင် မိသားစုမှ လုပ်ဆောင်ခဲ့သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။
နှလုံးခုန်နှိုးစက် (defibrillator) သည် နှလုံးခုန်နှုန်းရပ်သွားသူတစ်ဦး၏ နှလုံးအား လျှပ်စစ်ရှော့ခ်ပေးရန်အတွက် အသုံးပြုသည့် စက်ကိရိယာတစ်ခုဖြစ်သည်။
ပညာရေးဌာနမှ လက်ရှိ နှလုံးခုန်နှိုးစက် မရှိသေးသော ကျောင်းများအတွက် စက်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဘက်ထရီနှင့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရန် ရန်ပုံငွေကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း Givan မှ ပြောကြားခဲ့သည်။
"ဤအစပျိုးမှုသည် စက်ကိရိယာများ ထောက်ပံ့ပေးခြင်းအတွက်သာမက အရေးပေါ်အခြေအနေများအတွက် အဆင်သင့်ဖြစ်စေသော အလေ့အထကို ဖန်တီးပေးခြင်းလည်း ဖြစ်ပြီး CPR နှင့် နှလုံးခုန်စက် အသုံးပြုပုံကို ကျောင်းသင်ခန်းစာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ကြားရန် ပံ့ပိုးပေးခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ "ဆေးဝါး အကူအညီ အချိန်မီမရောက်နိုင်ခဲ့ရင်တောင် အသက်မဆုံးရှုံးတဲ့ အနာဂတ်ကို အတူတကွ ဖန်တီးနိုင်မှာပါ" ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
CPR သည် နှလုံးက ပုံမှန် အလုပ်မလုပ်နိုင်သည့်အခါ ခန္ဓာကိုယ်အနှံ့ သွေးများကို ညှစ်ထုတ်ရန် ကူညီပေးသည့် အရေးပေါ် အသက်ကယ် ဆေးကုသမှု လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
မြောက်အိုင်ယာလန်ရှိ မူလတန်းလွန်ကျောင်းသားအချို့သည် ၂၀၂၂ ခုနှစ် မတ်လတွင် အတည်ပြုခဲ့သော ဥပဒေရလဒ်အရ Learning for Life and Work ဘာသာရပ်တွင် CPR နှင့် Defibrillator များအကြောင်း လေ့လာရန် မဖြစ်မနေ လိုအပ်ပါသည်။
သင်ရိုးညွှန်းတမ်း၊ စာမေးပွဲများနှင့် အကဲဖြတ်ခြင်းဆိုင်ရာ ကောင်စီတွင် Community of Lifesavers ဟုခေါ်သော ပရိုဂရမ်အတွက် ကျောင်းသင်ခန်းစာ များစွာ ရှိပါသည်။
Source - BBC