အလယ်တန်းနှင့် အထက်တန်းပြ ဆရာအများစုသည် ကျောင်းသားများ၏ သင်ယူမှုနှင့် အကဲဖြတ်မှုအတွက် AI ကို အသုံးပြုရန် ဝန်လေးနေကြသည် (သို့) စိတ်ဝင်စားမှုမရှိကြောင်း British Computer Society (BCS) ၏ သုတေသနအသစ်တစ်ခုမှ တွေ့ရှိခဲ့သည်။
ဆရာ ၅,၀၀၀ ကျော်ကို လေ့လာထားချက်အရ (၆၄%) သည် ChatGPT ကဲ့သို့ AI ကိရိယာများကို လောလောဆယ် အသုံးပြုမှုမရှိဘဲ (၁၉%) နီးပါးသည် အနာဂတ်တွင် ဤ AI ကိရိယာများကို စူးစမ်းလေ့လာရန် စိတ်မဝင်စားကြောင်း ဖော်ပြကြသည်။
(၄၁%) သည် ၎င်းတို့၏ ကျောင်းများတွင် AI အသုံးပြုမှုဆိုင်ရာ ရှင်းလင်းပြတ်သားသော မူဝါဒမရှိကြောင်းနှင့် နောက်ထပ် (၁၇%) မှာမူ ထိုမူဝါဒရှိကြောင်းကိုပင် သေချာမသိကြောင်း အစီရင်ခံတင်ပြကြသည်။
အင်္ဂလန်ရှိ အလယ်တန်းကျောင်းပေါင်း ၂,၀၀၀ ကို မေးမြန်းထားသည့် စစ်တမ်းတွင် မေးမြန်းခံရသူများ၏ (၈၄%) သည် AI ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသော်လည်း အသုံးမပြုကြောင်း တွေ့ရှိခဲ့ပြီး (၄၁%) ကသာ AI အသုံးပြုပြီး ကျောင်းသာများ၏ အိမ်စာ (သို့) သင်ရိုးစာများကို ပုံမှန်စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
၎င်း၏ အစီရင်ခံစာတွင် BCS သည် ပိုမိုကျယ်ပြန့်သော ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့်အတူ AI အား နားလည်သိရှိမှုသည် ဆရာလေ့ကျင့်ရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် အရေးကြီးကြောင်း ပြောထားသည်။
ကျောင်းများသည် ရှင်းလင်းသော AI မူဝါဒများကို ဖန်တီးပြီး ၎င်းတို့၏ ဝက်ဘ်ဆိုက်ဒ်များတွင် မျှဝေသင့်သည်ဟု အိုင်တီအဖွဲ့အစည်းက အကြံပြုထားသည်။ သို့သော် ထိုသို့မလုပ်ဆောင်မီ ၎င်းတို့သည် ပညာရေးဌာန၊ အရည်အချင်းနှင့် စာမေးပွဲစည်းမျဉ်းများ သတ်မှတ်သည့်ဌာန Ofqual နှင့် အခြားအဖွဲ့အစည်းများထံမှ ရှင်းလင်းသော ညွှန်ကြားချက်များ လိုအပ်ပါသည်။
BCS မှ မန်နေဂျင်းဒါရိုက်တာ Julia Adamson မှ "ဆရာများသည် အချိန်ကုန်သက်သာစေပြီး သူတို့၏ အလုပ်တိုးတက်စေရန်နှင့် ကျောင်းသားများကို ပံ့ပိုးကူညီပေးရန် အသုံးဝင်သည့် AI စွမ်းရည်များကို အသိအမှတ်ပြုကြောင်း" ပြောကြားခဲ့သည်။
"သို့သော် AI ကို ယုံကြည်မှုရှိရှိနှင့် တရားမျှတစွာ အသုံးပြုရန် ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားမှုနှင့် လမ်းညွှန်ချက်များ လိုအပ်နေကြောင်းနှင့် AI သည် ပညာရေးတွင် မညီမျှမှုများကို ပိုမို ဆိုးရွားစေမည် မဟုတ်ကြောင်း" ပြောကြားခဲ့သည်။
ကျောင်းခေါင်းဆောင်များသမဂ္ဂ NAHT ၏မူဝါဒရေးရာအကြီးအကဲ Sarah Hannafin က "AI သည် ကျောင်းများနှင့် ကလေးများ၏ သင်ယူမှုအတွက် ကြီးမားသော အကျိုးကျေးဇူးများရှိကြောင်း ရှင်းရှင်းလင်းလင်း သိရသော်လည်း ၎င်းတို့ကို မှန်ကန်သော နည်းလမ်းဖြင့် အသုံးချရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ကျောင်းများနှင့် ကောလိပ်များသည် ပညာရေးတွင် AI ကို မည်သို့အသုံးပြုသည်ကို သုတေသနပြုရန် ပညာရေးစစ်ဆေးရေးအဖွဲ့ Ofsted အား အစိုးရမှ တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ၎င်းတွင် သင်ကြားမှု၊ သင်ယူမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များ လုပ်ဆောင်ရာတွင် ကူညီရန် AI ကို အသုံးပြုခြင်းတို့ ပါဝင်သည်။
အစိုးရသည် AI ကို လက်ရှိအသုံးပြုနေပုံ၊ ပညာရေးတွင် ၎င်း၏အလားအလာကောင်းများနှင့် အနာဂတ်အသုံးပြုမှုများကို နားလည်ရန် စုဆောင်းထားသော အချက်အလက်များကို အသုံးပြုရန် စီစဉ်နေပါသည်။
Source - TES Magazines