အမေရိကန်တွင် တရုတ်ကျောင်းသားများအား ပညာသင်ကြားခွင့် ပိတ်ရန် အဆိုတင်သွင်းထား

အမေရိကန် အောက်လွှတ်တော်မှ ရီပတ်ဘလီကန်ပါတီသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အကြောင်းပြု၍ တရုတ်ကျောင်းသားများ အမေရိကန်ကျောင်းများတွင် ပညာသင်ကြားခြင်းကို တားဆီးရန် ဥပဒေတစ်ရပ်ကို တင်သွင်းခဲ့ကြောင်း AP သတင်းက ဖော်ပြသည်။

ထိုလှုပ်ရှားမှုသည် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ်အချို့၏ ဝေဖန်မှုကို ထွက်ပေါ်လာစေခဲ့ပြီး ဥပဒေပြုခြင်း၏ နောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှုသာဖြစ်သည်ဟု တရုတ်ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

အမေရိကန် အောက်လွှတ်တော်အမတ် Riley Moore သည် တရုတ်နိုင်ငံသားများအား ကျောင်းသားဗီဇာ ထုတ်ပေးခြင်းကို ရပ်တန့်ရန် ဥပဒေအား တင်သွင်းခဲ့ပြီး အောက်လွှတ်တော်အမတ် ငါးဦးသည် အဆိုပါ ဥပဒေအား Moore နှင့်အတူ လက်ခံကြောင်း သောကြာနေ့ သတင်းတွင် ထုတ်ပြန်ခဲ့သည်။

Moore သည် တရုတ်က အမေရိကန်၏ စစ်တပ်ကို သူလျှိုလုပ်ရန်၊ ဉာဏပစ္စည်း ခိုးယူရန်နှင့် နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။ "ငါတို့ နားပိတ်ပြီး တရုတ်ကျောင်းသားဗီဇာတွေကို ချက်ခြင်း ပိတ်ပင်ဖို့ အချိန်တန်ပြီ" ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို တုံ့ပြန်သည့်အနေဖြင့် Asian American Scholar Forum (AASF) က အာရှအမေရိကန်သိပ္ပံပညာရှင်များ၊ စကော်လာများနှင့် သုတေသီများ၏ အနာဂတ်ကို ထိခိုက်စေမည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်ကျောင်းသားများကို ပိတ်ဆို့ခြင်းသည် သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုတွင် အမေရိကန်၏ ဦးဆောင်နိုင်စွမ်းကို ထိခိုက်နိုင်သည်ဟု ၎င်းတို့က မှတ်ချက်ချသည်။

နိုင်ငံတကာပညာရှင်များအဖွဲ့အစည်း (NAFSA) မှ အကြီးအကဲ Fanta Aw ကလည်း "မူလဇာတိကို အခြေခံပြီး လူတစ်ဦးချင်းစီကို ပစ်မှတ်ထားတဲ့ မူဝါဒမျိုး မရှိသင့်" ဟုပြောကြားခဲ့သည်။

တရုတ်ကျောင်းသားများအပေါ် ယခင်ကန့်သတ်ချက်အများစုနှင့်မတူဘဲ Moore ၏ အဆိုပြုချက်သည် ကျောင်းသားများ၏ ပညာရေးနယ်ပယ် (သို့) တက်ရောက်ရမယ့်အတန်းကို မခွဲခြားဘဲ တရုတ်ကျောင်းသားများအားလုံးကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ အဓိက ကျောင်းသားဗီဇာများဖြစ်သည့် US တက္ကသိုလ်များတွင် သင်ကြားခွင့် F ဗီဇာ၊ Exchange Program တွေ တက်ရောက်ခွင့် J ဗီဇာနှင့် သက်မွေးပညာကျောင်းများတွင် တက်ရောက်ခွင့် M ဗီဇာတို့ကို ပိတ်ပင်ရန် အလားအလာရှိသည်။

နယူးယောက်မှ ဒီမိုကရက်တစ် ကိုယ်စားလှယ် Grace Meng က "တက္ကသိုလ်ပရိုဂရမ်မှတဆင့် ယဉ်ကျေးမှုဖလှယ်ခြင်းသည် ကမ္ဘာတစ်ဝှမ်းမှာ ကျွန်ုပ်တို့၏စီးပွားရေးကို ပိုမိုအားကောင်းစေပြီး ပြိုင်ဆိုင်မှုဖြစ်စေကြောင်း" ပြောကြားခဲ့သည်။

လက်ရှိတွင် ကျောင်းဝင်ခွင့် ကမ်းလှမ်းချက်များကို စောင့်မျှော်နေသော တရုတ်ကျောင်းသားများသည် ဝင်ခွင့်နှင့် ဗီဇာအခြေအနေအပေါ် သက်ရောက်မှုရှိနိုင်သော အမေရိကန်မူဝါဒများတွင် အပြောင်းအလဲများဖြစ်လာနိုင်သည့် အလားအလာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်။

Source - GlobaL Times

Latest Post International News Read 29 times