နိုင်ငံတကာကျောင်းသားများ ယူအက်စ်နှင့် ယူကေထက် ဥရောပနိုင်ငံများကို ပိုမိုရွေးချယ်လာ

နိုင်ငံတကာပညာရေးကို ပုံဖော်ရာတွင် အင်္ဂလိပ်စကားပြော နိုင်ငံများတွင် နိုင်ငံတကာကျောင်းသားများ ကျောင်းလျှောက်မှုမှာ သိသိသာသာ ကျဆင်းလာသည်ကို တွေ့မြင်ရပြီး အင်္ဂလိပ်စကား မပြောသော ဥရောပနိုင်ငံများတွင် နိုင်ငံတကာကျောင်းသားများ ကျောင်းတက်ရောက်မှု တိုးလာခြင်းသည် ထင်ရှားသည့် ပြောင်းလဲမှုကြီးဖြစ်သည်။

MSM Unify ၏ Global Education Trends 2025 အစီရင်ခံစာအရ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်နှင့် အမေရိကန်တို့ကဲ့သို့သော နိုင်ငံများသည် ဗီဇာတင်းကြပ်မှုများ၊ လူနေမှုစရိတ်မြင့်တက်လာခြင်းနှင့် ပညာသင်ပြီးနောက်ပိုင်း အလုပ်အခွင့်အလမ်းများ လျော့ကျလာခြင်းကြောင့် ကျောင်းသားများ၏ စိတ်ဝင်စားမှု သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ဂျာမနီ၊ ပြင်သစ်နှင့် ဖင်လန်တို့ကဲ့သို့သော ဥရောပနိုင်ငံများသည် ကျောင်းစရိတ်သက်သာခြင်း၊ အလုပ်ပါမစ်များ ပိုမိုရရှိခြင်းနှင့် ရေရှည်အခြေချနေထိုင်မှုလမ်းကြောင်းများကြောင့် နိုင်ငံတကာကျောင်းသားများအတွက် မျက်စိကျစရာနိုင်ငံများ ဖြစ်လာသည်။

လေ့လာမှုအရ နိုင်ငံတကာကျောင်းသားအရေအတွက် ကျဆင်းမှုသည် ကနေဒါတွင် (၄၆)%၊ ဩစတေးလျတွင် (၃၆)%၊ ယူကေတွင် (၁၆)% နှင့် ယူအက်စ်တွင် (၁၁)% အထိ ရှိကြောင်း သိရသည်။

MSM Group တည်ထောင်သူ Sanjay Laul က "အဓိက ပညာသင်ကြားရာ နိုင်ငံများတွင် မူဝါဒအပြောင်းအလဲများသည် ကျောင်းသားများကိုသာမက ပညာရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးကိုလည်း ထိခိုက်စေသည်။ နိုင်ငံတကာကျောင်းသားများ ကျောင်းလျှောက်ထားမှု လျော့ကျခြင်းသည် ဒေသတွင်း စီးပွားရေးအတွက် ပံ့ပိုးမှုများကို လျော့ကျသွားစေနိုင်သည်။" ဟု ပြောကြားခဲ့သည်။

"ထို့အပြင် နိုင်ငံအများအပြားသည် STEM နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် လုပ်သားရှားပါးမှုကို ဖြေရှင်းရန် နိုင်ငံတကာဘွဲ့ရများပေါ်တွင် မှီခိုနေရပြီး နိုင်ငံတကာကျောင်းသားများ ယခုလို ဆက်လက်ကျဆင်းနေမည်ဆိုလျှင် ကျွမ်းကျင်လုပ်သား ကွာဟချက်ကို ပိုမိုဖြစ်စေနိုင်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အင်္ဂလိပ်စကားပြောနိုင်ငံများ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် စည်းမျဉ်းများ တင်းကျပ်လာသည်နှင့်အမျှ ကျောင်းသားများသည် နိုင်ငံတကာကျောင်းသားများ၏ အရည်အချင်းကို လမ်းကမ်းကြိုဆိုနေသော ဥရောပနိုင်ငံများတွင် ပိုမို ပညာသင်ယူလာကြသည်။

ဂျာမနီသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတကာကျောင်းသား (၃၈၀,၀၀၀) လက်ခံသင်ကြားပေးခဲ့ပြီး ကျောင်းသားများကို ကျောင်းတက်စဉ် အလုပ်လုပ်ခွင့်နာရီ ပိုပေးကာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ရန် လွယ်ကူစေမည့် ဥပဒေအသစ်ကို မိတ်ဆက်ပေးခဲ့သည်။

ပြင်သစ်သည် အခမဲ့ ပြင်သစ်ဘာသာစကားသင်တန်းများနှင့် အိမ်ရာထောက်ပံ့မှုများအပါအဝင် ကျောင်းသားများအတွက် ထောက်ပံ့မှုအစီအစဉ်များကို တိုးချဲ့ခဲ့ပြီး နိုင်ငံတကာကျောင်းသားများ ကျောင်းအပ်နှံမှု (၅%) တိုးလာသည်။

အဆင့်မြင့်ပညာရေးတွင် ၎င်း၏ ဥရောပအိမ်နီးချင်းများလောက် မကျော်ကြားသည့် ဖင်လန်နိုင်ငံသည် ကျောင်းသားများ၏ မိသားစုများကိုပါ နေထိုင်ခွင့် ပေးခဲ့ပြီးနောက် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသည့် စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဘာသာရပ်များတွင် ကျောင်းလျှောက်ထားမှု မြင့်တက်ခဲ့သည်။

ငွေကြေးနှင့် ဗီဇာဆိုင်ရာ အကျိုးကျေးဇူးများအပြင် နိုင်ငံတကာကျောင်းသားများသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလားအလာများနှင့် ပတ်သက်ပြီးလည်း စဉ်းစားချင့်ချိန်ပြီး ကျောင်းတက်ရန် နိုင်ငံများ ရွေးချယ်ကြသည်။ အစီရင်ခံစာအရ နိုင်ငံတကာ ပညာရေး၏ ပြောင်းလဲမှုရေစီးကြောင်းသည် မိရိုးဖလာ အဆင့်မြင့်ပညာရေး အင်အားကြီးနိုင်ငံများအတွက် ရေရှည်အကျိုးဆက်များ ရှိလာနိုင်သည်။

ကနေဒါ၊ ဩစတေးလျ၊ ယူကေနှင့် အမေရိကန်ရှိ တက္ကသိုလ်များသည် နိုင်ငံခြားကျောင်းသားများ၏ ကျောင်းလခကို အဓိက ၀င်ငွေအဖြစ် ကာလကြာရှည် မှီခိုနေရသောကြောင့် ယခုအခါ စီးပွားရေး ဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်နေရသည်။

Source - The Economic Times

International News Read 39 times