အမေရိကန်ပညာရေးဌာနကို ဖျက်သိမ်းရန် သမ္မတ Trump က လက်မှတ်ရေးထိုး

သမ္မတ Donald Trump သည် မတ်လ (၂၀) ရက်၊ ကြာသပတေးနေ့တွင် အမေရိကန်ပညာရေးဌာနကို ဖျက်သိမ်းရန် လက်မှတ်ရေထိုး အမိန့်ပေးခဲ့ပြီး ကွန်ဆာဗေးတစ်များ၏ နှစ်ရှည်လများ ပစ်မှတ်ဖြစ်သော ဌာနကို ဖျက်သိမ်းပေးမည်ဆိုသည့် မဲဆွယ်ကတိကို အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

Trump သည် ပညာရေးဌာနကို လစ်ဘရယ်ဝါဒကြောင့် ညစ်ညမ်းသည်၊ အလဟသဖြစ်နေသည်ဟု လှောင်ပြောင်သရော်ခဲ့သည်။ သို့သော်လည်း ၎င်း၏ ဖျက်သိမ်းခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ၁၉၇၉ ခုနှစ်တွင် ဌာနကို ဖန်တီးခဲ့သည့် ကွန်ဂရက်၏ အတည်ပြုချက်မရှိဘဲ မဖြစ်နိုင်သေးပေ။ 

ရီပတ်ဘလီကန်များသည် ယင်းအကြံအစည်ကို ထောက်ခံပြီး ယင်းအကြံအစည်ကို အကောင်အထည်ဖော်ရန် ဥပဒေများ ပြဋ္ဌာန်းရန် စီစဉ်နေသော်လည်း ဒီမိုကရက်များသည် ၎င်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။

အဆိုပါအမိန့်တွင် ပညာရေးဝန်ကြီးအား ဌာနကို ပိတ်ရန်နှင့် ပညာရေးကို တိုင်းနှင့် ပြည်နယ်တစ်ခုချင်းစီ၏ အာဏာပိုင်များအား ပြန်လည်ထိန်းချုပ်ခွင့်ပေးရန် တတ်နိုင်သမျှ ဥပဒေအတိုင်း လုပ်ဆောင်ရမည်ဟု ညွှန်ကြားထားသည်။

ယင်းပိတ်သိမ်းမှု အမိန့်တွင် မည်သို့ဆောင်ရွက်ရမည်၊ မည်သို့ဆက်ဖြစ်မည်၊ မည်သည့်အပိုင်းကို ပစ်မှတ်ထားမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း အိမ်ဖြူတော်သည် ဌာန၏ အရေးကြီးသော လုပ်ဆောင်ချက်အချို့ကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ပြောကြားခဲ့သည်။ 

Trump က ၎င်း၏ စီမံခန့်ခွဲရေးကို "ဝင်ငွေနည်းကျောင်းများအတွက် Title I ရန်ပုံငွေ ထောက်ပံ့မှု၊ ကော်လိပ်ကျောင်းသားများအတွက် Pell grants ငွေကြေးထောက်ပံ့မှု၊ မသန်စွမ်းကလေးများအတွက် ငွေကြေးထောက်ပံ့မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အဆိုပါ "အဓိကလိုအပ်ချက်များ" မှအပ ကျန်အရာများကို ပိတ်သိမ်းမည်" ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့ မတိုင်မီ အိမ်ဖြူတော်က ပညာရေးဌာနသည် ဖက်ဒရယ်ကျောင်းသားချေးငွေများကို ဆက်လက်ကိုင်တွယ်နိုင်မည်ဟု ပြောကြားခဲ့သော်လည်း Trump ထုတ်ပြန်ချက်တွင် ဆန့်ကျင်ဘက်အနေဖြင့် ကျောင်းသားချေးငွေ ဒေါ်လာ ၁.၆ ထရီလီယံကို စီမံခန့်ခွဲရန် ဌာနတွင် ဝန်ထမ်းအလုံအလောက်မရှိဟု ဖော်ပြထားသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် Trump သည် ပညာရေးဌာနအား အမေရိကန်တွင် ကျောင်းသားများ၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုအတွက် အပြစ်တင်ဝေဖန်ခဲ့ပြီး ပြည်နယ်တစ်ခုချင်းစီသည် ဖက်ဒရယ်အစိုးရထက် ပညာရေးကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းကြောင့် ၎င်းတို့သာ ပညာရေးကို စီမံခန့်ခွဲသင့်သည်ဟု ပြောကြားခဲ့သည်။

ယခုပင်လျှင် Trump ၏ ရီပတ်ဘလီကန်အစိုးရသည် ပညာရေးဌာန၏ လုပ်သားအင်အားကို ထက်ဝက်လျှော့ချထားပြီး နိုင်ငံတစ်နိုင်ငံ၏ ပညာရေးတိုးတက်မှုဆိုင်ရာ အချက်အလက်များကို စုဆောင်းသည့် ပြည်သူ့အခွင့်အရေးဆိုင်ရာရုံးနှင့် ပညာရေးသိပ္ပံ အင်စတီကျူ့ကို ဖြတ်တောက်မှုများစွာ လုပ်ဆောင်ခဲ့ကြသည်။

Source - AP News

International News Latest Post Read 197 times