ယူကေတွင် ကျောင်းသားဗီဇာအတွက် ငွေကြေးလိုအပ်ချက်အား တိုးမြှင့်သတ်မှတ်

 

ယူကေသည် ၎င်း၏ ဗီဇာမူဝါဒအသစ်များကို လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့မှ စတင်၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု အကောင်အထည်ဖော်လိုက်သည့် ဗီဇာမူဝါဒအသစ်များသည် နိုင်ငံတကာကျောင်းသားများနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဗီဇာလျှောက်ထားမှုတွင် ပြသရန် လိုအပ်သည့် ငွေကြေးကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

 

ဗီဇာကြေညာချက်အသစ်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ စတင်၍ နိုင်ငံတကာကျောင်းသားများသည် ၎င်းတို့၏ သင်တန်းတက်ရောက်မှုအတွက် ဗီဇာလျှောက်သည့်အခါ ကုန်ကျစရိတ်များကို ကာမိစေရန် လုံလောက်သော ငွေကြေးရှိကြောင်း ပြသရန် လိုအပ်မည်ဖြစ်သည်။

 

လန်ဒန်တွင် ကျောင်းတက်မည်ဆိုလျှင် နိုင်ငံတကာကျောင်းသားတစ်ဦးသည် တစ်လကို £1,483 ရှိကြောင်းနှင့် လန်ဒန်ပြင်ပတွင် တက်ရောက်မည်ဆိုပါက တစ်လလျှင် £1,136 ရှိကြောင်း သက်သေပြရန် လိုအပ်သည်။

 

ကျောင်းသားတစ်ဦးတွင် တက်ရောက်မည့် နေရာဒေသအပေါ် မူတည်၍ (၉) လစာအတွက် ပြသရမည့် ငွေကြေး လိုအပ်ချက် ကွဲပြားပါသည်။ ဥပမာ - လန်ဒန်တွင် (၉) လ (သို့) ထိုထက်ပို၍ ပညာသင်ကြားရန် အစီအစဉ်ရှိသော ကျောင်းသားများသည် ၎င်းတို့၏ ဘဏ်အကောင့်တွင် စုစုပေါင်း £13,348 ရှိကြောင်း ပြသရန် လိုအပ်သည်။

 

ယခင်က လန်ဒန်တွင် ပညာသင်ကြားမည့် ဗီဇာအတွက် တစ်လကို £1,334 နှင့် ယူကေ၏ အခြားနေရာဒေသတွင် ပညာသင်ကြားမည့် ဗီဇာအတွက် တစ်လကို £1,023 သာ ရှိကြောင်း ပြသရန် လိုအပ်ခဲ့သည်။

 

ယူကေအစိုးရသည် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်များ မြင့်တက်မှုကို ထိန်းသိမ်းရန် အဆိုပါ ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ကျောင်းသားတစ်ဦးသည် ယူကေတွင် တည်းခိုနေထိုင်ရန်အတွက် စပေါ်ငွေကို ပေးချေထားပြီးဖြစ်ပါက ဗီဇာလျှောက်ထားမှုအတွက် ငွေကြေး ပြသရာတွင် လိုအပ်သည့် စုစုပေါင်းငွေကို ပြန်လည် ညှိနှိုင်းနိုင်သည်။ ထို့နောက် အခြား ဗီဇာဖြင့် ယူကေတွင် (၁၂) လကြာ နေထိုင်ခဲ့သော သူများသည် ကျောင်းသားဗီဇာ လျှောက်ရာတွင် ငွေကြေး လိုအပ်ချက် ပြသရန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။  

 

ယူကေဗီဇာလျှောက်ထားသည့် ကျောင်းသားများသည် ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည့်အပြင် လိုင်စင်ရ ယူကေပညာရေး အဖွဲ့အစည်းထံမှ အတည်ပြုချက် - Confirmation of Acceptance for Studies (CAS)၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား (IELTS (သို့) TOEFL (သို့) အခြား)၊ တရားဝင် နိုင်ငံကူးလက်မှတ် (သို့) ခရီးသွားစာရွက်စာတမ်းများ၊ ယူကေ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှု ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေး ကျန်းမာရေး ပိုဆောင်ခ - Immigration Health Surcharge (IHS) တွင် စာရင်းသွင်းခြင်းတို့ လိုအပ်ပါသည်။

 

ဗီဇာစနစ်သစ်အရ ဘွဲ့လွန်ပရိုဂရမ်များ (သို့) အစိုးရမှ ပံ့ပိုးပေးသော သင်တန်းများတွင် စာရင်းသွင်းထားသည့် ကျောင်းသားများကသာ အိမ်ထောင်ဖက် (သို့) သားသမီးများကို ခေါ်ဆောင်လာနိုင်ပြီး ဘွဲ့ကြိုကျောင်းသားများသည် ၎င်းတို့နှင့်အတူ နေထိုင်မည့်သူများကို ခေါ်ဆောင်ခွင့် မရှိကြောင်း သိရသည်။

 

International News Read 86 times