အလယ်တန်းနှစ်ပရိုဂရမ် (Middle Year Program - MYP) ဆိုတာ ပုံမှန်အားဖြင့် အသက် (၁၁) နှစ်ကနေ (၁၆) နှစ်အထိ ရှိသော ကျောင်းသားတွေ တက်ရောက်ရတဲ့ Grade (6-10) အတန်းတွေကို ဆိုလိုပါတယ်။
နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေကို အသုံးပြုနေတဲ့ ရန်ကုန်မြို့က ကျောင်းတွေဟာ International Baccalaureate (IB) (သို့) Cambridge International Examinations (CIE) တို့လို နိုင်ငံတကာအသိအမှတ်ပြု ပညာရေးစနစ်တွေနဲ့ ချိန်ညှိသင်ကြားပေးနေတာ ဖြစ်ပါတယ်။
ရန်ကုန်မှာ ဗြိတိန် (သို့) အမေရိကန် ပညာရေးစနစ်တွေကို အခြေခံပြီး အလယ်တန်းအဆင့် ပရိုဂရမ်တွေကို သင်ကြားပေးလျက်ရှိတဲ့ နိုင်ငံတကာကျောင်းပေါင်း (၅၈) ကျောင်းခန့် ရှိပါတယ်။ ကျောင်းတစ်ကျောင်းချင်းစီမှာ ခန့်မှန်းခြေအားဖြင့် အလယ်တန်းအဆင့် တက်ရောက်နေတဲ့ ကျောင်းသားဦးရေ (၇၀-၈၀) ဦး ရှိနိုင်ပါတယ်။
သင်ရိုးညွှန်းတမ်းတွေအနေနဲ့ IB MYP ၊ Cambridge Checkpoint ၊ British National Curriculum (Key Stage 3 and Key Stage 4)၊ U.S. Curriculum (Middle School) တို့ကို အသုံးပြု သင်ကြားပေးနေပါတယ်။
ဘာသာစကား အသုံးပြုရာမှာလည်း နိုင်ငံတကာကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားက အဓိကဖြစ်ပေမဲ့ တချို့ပရိုဂရမ်တွေမှာ ဘာသာစကား (၂) မျိုး (သို့) (၃) မျိုးကို သင်ကြားပေးတာ တွေ့ရပါတယ်။
ရန်ကုန်မှာ သင်ကြားပေးနေတဲ့ MYP ပရိုဂရမ်များနဲ့ စာမေးပွဲများ
1. International Baccalaureate Middle Years Program (IB MYP)
IB MYP က IB သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အလယ်တန်းအဆင့် ပရိုဂရမ် ဖြစ်ပါတယ်။ IB MYP က ကျောင်းသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ တိုးတက်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။
IB MYP မှာ ရွေးချယ်ရနိုင်မယ့် ဘာသာရပ်အုပ်စု (၈) ခု ရှိပါတယ်။ ဒီထဲကမှ ကျောင်းသားတွေရဲ့ ပညာရေး လိုအပ်ချက်အပေါ် မူတည်ပြီး နှစ်သက်ရာ ဘာသာရပ် (၆) ခုကို ရွေးချယ် သင်ကြားရမှာဖြစ်ပါတယ်။
အကဲဖြတ်စစ်ဆေးမှု - စာမေးပွဲမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ စူးစမ်းရှာဖွေဖော်ထုတ်မှုနဲ့ လူ့အသိုင်းအဝိုင်း အကျိုးပြုမှုတို့ကို အခြေခံပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန်ဖြေနေကျ ဘာသာရပ်တွေအပြင် IB MYP ရဲ့ အဓိကအပိုင်းဖြစ်တဲ့ Interdisciplinary ကိုလည်း ဖြေဆိုရမှာပါ။ Interdisciplinary ဆိုတာ ကျောင်းသားတွေကို မတူညီတဲ့ ဘာသာရပ်တွေကို ချိတ်ဆက်ပြီး ဆက်စပ်တွေးခေါ်နိုင်တဲ့ ကျွမ်းကျင်မှုကို စစ်ဆေးတာမျိုး ဖြစ်ပါတယ်။
2. Cambridge Lower Secondary
Cambridge သင်ရိုးညွှန်းတမ်းဖြစ်ပြီး IGCSE O-Level နဲ့ A-Level မတိုင်ခင် (၉) တန်းအထိ အတန်းတွေကို တက်ရောက်ရမယ့် အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကမ္ဘာတစ်ဝှမ်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားတဲ့ Cambridge IGCSE စာမေးပွဲတွေအတွက် အခြေခံကို ပြင်ဆင် သင်ကြားပေးပါတယ်။
Cambridge Lower Secondary မှာ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံတို့အပါအဝင် ဘာသာရပ် (၁၃) ခုရှိပြီး ပညာရေး၊ အလုပ်နဲ့ ဘ၀အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။
အကဲဖြတ်စစ်ဆေးမှု - Cambridge Lower Secondary အတွက် Cambridge Check point tests တွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ (ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ) တို့ကို အဓိကထား ဖြေဆိုရမှာဖြစ်ပြီး သင်ရိုးညွှန်းတမ်း လိုအပ်ချက်အရ ထပ်တိုး ဘာသာရပ်တွေကိုလည်း အကဲဖြတ် စစ်ဆေးနိုင်ပါတယ်။
3. British National Curriculum (Key Stage 3 and Key Stage 4)
ဗြိတိန်သင်ရိုးညွှန်းတမ်းမှာ Key Stage 3 က Grade (6–8) အတန်းတွေဖြစ်ပြီး Key Stage 4 က Grade (9–11) အတန်းတွေ ဖြစ်ပါတယ်။ အလယ်တန်းအဆင့်ကို တက်ရောက်ပြီးရင် အထက်တန်းအဆင့် GCSE ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။
အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံတို့လို အဓိက ဘာသာရပ်တွေ၊ လူမှုရေးဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပြီး ဘာသာစကားတွေ၊ အနုပညာဘာသာရပ်တွေ၊ နည်းပညာဘာသာရပ်တွေကိုလည်း ထိတွေ့ခွင့် ရရှိမှာဖြစ်ပါတယ်။
အကဲဖြတ်စစ်ဆေးမှု - Key Stage 3 မှာ ဘာသာရပ်အလိုက် ကျောင်းတွင်းစစ် စာမေးပွဲတွေကိုသာ ဖြေဆိုရမှာဖြစ်ပြီး Key Stage 4 မှာကတော့ နိုင်ငံအဆင့် အထက်တန်း စာမေးပွဲ GCSE ကို ဖြေဆိုရမှာပါ။ GCSE မှာ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ ပထဝီတို့အပြင် ဘာသာစကား၊ အနုပညာ၊ အားကစား၊ လူ့ကျင့်ဝတ်၊ စီးပွားရေး၊ နည်းပညာဆိုင်ရာ ဘာသာရပ်တွေလည်း ပါဝင်ပါတယ်။
4. American Curriculum (Middle School Years)
အမေရိကန်သင်ရိုးညွှန်းတမ်းမှာ အသက် (၁၁) နှစ်ကနေ (၁၄) နှစ်အထိ ကျောင်းသားတွေက အလယ်တန်းအဆင့်ဖြစ်တဲ့ Grade (6–8) တွေကို တက်ရောက်ရမှာဖြစ်ပြီး အသက် (၁၆) နှစ်နဲ့ အထက် ကျောင်းသားတွေက အထက်တန်းအဆင့် Grade (9–12) ကို တက်ရောက်ရမှာပါ။
အလယ်တန်းမှာ သင်ကြားရမယ့် ဘာသာရပ်တွေကတော့ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနဲ့ ကိုယ်လက်လှုပ်ရှားမှု စတဲ့ အဓိက ဘာသာရပ် (၅) ခုကို သင်ကြားရမှာ ဖြစ်ပါတယ်။
အကဲဖြတ်စစ်ဆေးမှု - ကျောင်းသားတွေက အလယ်တန်းမှာ ကျောင်းတွင်းစစ် စာမေးပွဲတွေကို ဖြေဆိုရမှာဖြစ်ပြီး အထက်တန်းရောက်တော့မှ PSAT (သို့) SAT (သို့) ACT တို့လို စံပြုစာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။
5. Singaporean Secondary Programs
စင်္ကာပူသင်ရိုးညွှန်းတမ်းမှာ အလယ်တန်းအဆင့်အတွက် Special၊ Express ၊ Normal (Academic) နဲ့ Normal (Technical) ဆိုပြီး ပရိုဂရမ် (၄) မျိုး ခွဲခြားထားပေမယ့် Special ပရိုဂရမ်ကိုတော့ အထူးပြုကျောင်းတွေမှာပဲ သင်ကြားပေးတာ ဖြစ်ပါတယ်။
Express Program မှာ သင်ကြားရမယ့် ဘာသာရပ်များ
Normal (academic) Program မှာ သင်ကြားရမယ့် ဘာသာရပ်များ
Normal (Technical) Program မှာ သင်ကြားရမယ့် ဘာသာရပ်များ
အကဲဖြတ်စစ်ဆေးမှု - အလယ်တန်းအဆင့်မှာ Grade (7–10) ကျောင်းသားတွေက မိမိရွေးချယ်ထားတဲ့ ပရိုဂရမ်ပေါ် မူတည်ပြီး Special၊ Express ဆိုရင် GCE O-Level နဲ့ Normal (Technical) ဆိုရင် GCE N-Level ကို ဖြေဆိုရမှာပါ။ Normal (Academic) ကို ရွေးချယ်ထားတယ်ဆိုရင်တော့ ကိုယ်သွားချင်တဲ့ ပညာရေးလမ်းကြောင်းပေါ် မူတည်ပြီး GCE O-Level (သို့) GCE N-Level ကို ကြိုက်ရာ ဖြေဆိုနိုင်ပါတယ်။
အထက်ဖော်ပြပါ ပရိုဂရမ်တွေဟာ IGCSE၊ IB Diploma၊ SAT တို့လို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့ စံပြ စာမေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်ပေးမှု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ အဆင့်မြင့် ပညာရေးကို လျှောက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး သင်ကြားပေးနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှ နိုင်ငံတကာကျောင်းအများစုမှာ IB MYP၊ Cambridge Checkpoint၊ British National Curriculum တွေကို အသုံးပြုကြပါတယ်။