သင်ကြားရေးဆရာတစ်ယောက်အနေနဲ့ ကိုယ်သင်ရတဲ့ ကျောင်းသားတွေကို အတန်းစာပညာအပြင် ဝေဖန်ပိုင်ခြားတွေးခေါ်ခြင်းလို့ခေါ်တဲ့ (Critical Thinking) စွမ်းရည်ကိုပါ လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဝေဖန်ပိုင်ခြားတွေးခေါ်နိုင်စွမ်းရှိတဲ့ ကျောင်းသားတွေက ပညာရေးအတွက်အပြင် ဘ၀အတွက်ပါ လိုအပ်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း၊ ချင့်ချိန်အကဲဖြတ်နိုင်စွမ်း၊ ကြောင်းကျိုးဆက်စပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းတို့ကိုပါ ရရှိသွားမှာပါ။
ဒါကြောင့် မိမိကျောင်းသားတွေကို ဝေဖန်ပိုင်ခြားတွေးခေါ်နိုင်စွမ်း မြင့်တက်စေဖို့ ဘယ်လိုနည်းလမ်းတွေသုံးပြီး လေ့ကျင့်ပေးရမလဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
၁။ အဖွင့်မေးခွန်းတွေ မေးပါ။
အပိတ်မေးခွန်းတွေ ဖြစ်တဲ့ ဟုတ်လား၊ မဟုတ်လားဆိုတာထက် ဆွေးနွေးလို့ရမယ့် အဖွင့်မေးခွန်းတွေ များများ မေးပါ။ ကျောင်းသားတွေ စိတ်ဝင်စားပြီး စူးစမ်းလေ့လာချင်စိတ်ဖြစ်အောင် သူတို့နဲ့ ဆက်စပ်တဲ့ အကြောင်းအရာမျိုးကို မေးခွန်းလုပ်ပြီး မေးရပါမယ်။ မေးခွန်းက အရမ်းကြီး ခက်စရာမလိုသလို လွယ်နေစရာလည်း မလိုပါဘူး။
ဥပမာ - ဒီအကြောင်းအရာပေါ်မှာ ဘယ်လိုကွာခြားမှုတွေ ရှိလဲ? ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ဖြစ်နိုင်ချေရှိလဲ? ဘာကြောင့် ဒီလို မြင်တာလဲ? ဒီပြသနာကို ဘယ်လို ဖြေရှင်းမလဲ? စတာတွေ ဖြစ်ပါတယ်။ အဖွင့်မေးခွန်းတွေဟာ ရှင်းပြချက်တွေ၊ သက်သေပြခြင်းတွေ ပါဝင်တဲ့အတွက် ဝေဖန်ပိုင်ခြားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေတဲ့အပြင် သင်ခန်းစာအပေါ် နားလည်မှုကလည်း ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။
၂။ ပြသနာ ဖြေရှင်းရေး လှုပ်ရှားမှုများကို အားပေးပါ။
ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းက စိန်ခေါ်မှုတွေ များလာလေလေ ပိုပြီး တိုးတက်လာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို အတန်းထဲမှာ အဖွဲ့လိုက် ပရောဂျက်တွေ၊ ဖြစ်ရပ်လေ့လာမှုတွေ (သို့မဟုတ်) လက်တွေ့ကမ္ဘာ့ ပြသနာတွေကနေတဆင့် ပြသနာဖြေရှင်းရေး စွမ်းရည်ကို မြင့်တက်လာအောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေက ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေကိုလည်း တိုးတက်လာစေပါတယ်။
၃။ သုတေသနလုပ်နည်းကို သင်ပေးပါ။
ဒီဂျစ်တယ်ခေတ်မှာ များစွာတဲ့ သတင်းအရင်းအမြစ်တွေကနေ သတင်းအချက်အလက်တွေကို ရရှိနိုင်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ ဘယ်အချက်အလက်က အစစ်အမှန်လဲဆိုတာ ရှာဖွေဖို့ အရေးကြီးတာကို သိအောင် လုပ်ပေးရပါမယ်။ သတင်းအချက်အလက်တွေ အများကြီးကို အကဲဖြတ်ချင့်ချိန် စဉ်းစားနိုင်ဖို့၊ ဘက်လိုက်ခြင်းတွေကို သိမြင်နိုင်ဖို့၊ အမြင်တွေကနေ အချက်အလက်တွေကို ခွဲခြားနိုင်ဖို့ သင်ကြားပေးရပါမယ်။
ဒီစွမ်းရည်တွေက သတင်းတွေ၊ သုတေသနနဲ့ ဆိုရှယ်မီဒီယာအကြောင်းအရာတွေကို ကိုင်တွယ်ရာမှာ အရေးကြီးပါတယ်။ ကျောင်းသားတွေကို သုတေသနစွမ်းရည် တိုးတက်အောင် လုပ်ဆောင်ပေးခြင်းက သူတို့ကို ဗဟုသုတကြွယ်၀စေပြီး တာဝန်သိတတ်တဲ့ နိုင်ငံသားကောင်းတစ်ယောက်အဖြစ်လည်း ပျိုးထောင်ပေးရာရောက်ပါတယ်။
၄။ Socratic Seminars ပြုလုပ်ပေးပါ။
Socratic Seminars တွေဆိုတာ စကားတွေကနေတဆင့် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို လေ့ကျင့်ပေးရာမှာ အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားတွေကြားက တခြားဆွေးနွေးပွဲတွေနဲ့ မတူတာက အချက်အလက်တွေကို စုပေါင်းဆွေးနွေးပြီး အဖြေမှန်တစ်ခု တင်ပြရတာ မဟုတ်ဘဲ အကြောင်းအရာတစ်ခုပေါ်မှာ မတူညီတဲ့ အတွေးအခေါ်၊ အမြင်တွေကို ရှုထောင့်အမျိုးမျိုးက စဉ်းစားပြီး အငြင်းအခုန်လုပ်ကြရတဲ့ ဆွေးနွေးပွဲမျိုး ဖြစ်ပါတယ်။ ဒီနည်းလမ်းကနေတဆင့် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းအပြင် နားထောင်နိုင်စွမ်း၊ မေးခွန်းကောင်းတွေ ပြန်မေးနိုင်စွမ်း၊ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်နိုင်စွမ်း၊ ရှင်းပြနိုင်စွမ်းတွေပါ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
၅။ ပြန်လည်သုံးသပ်ခြင်းကို အားပေးပါ။
ပြန်လည်သုံးသပ်တယ်ဆိုတာ သင်ယူမှုလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Assignment (သို့) Project တစ်ခု ပြီးမြောက်ပြီးတိုင်း ကျောင်းသားတွေကို သူတို့ရဲ့ တွေးခေါ်ပုံ၊ သင်ယူခဲ့ရတဲ့ အကြောင်းအရာတွေ၊ တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ပြန်လည် သုံးသပ်ခိုင်းပါ။ ဒီနည်းလမ်းက ကျောင်းသားတွေအတွက် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေတဲ့အပြင် သူတို့ရဲ့ သင်ယူမှုအတွေ့အကြုံတွေ၊ ကိုယ်ပိုင်အတွေးအခေါ်တွေကို သူတို့ကိုယ်တိုင် နားလည်နိုင်ဖို့ ကူညီပေးပါတယ်။
၆။ စိတ်ထားတတ်မှုကို လေ့ကျင့်ပေးပါ။
ကြိုးစားအားထုတ်မှုနဲ့ လေ့လာမှုကနေတဆင့် စွမ်းအားနဲ့ ဉာဏ်ရည်ကို ရရှိနိုင်တယ်လို့ ယုံကြည်ခြင်းက မှန်ကန်တဲ့ စိတ်ထားတတ်မှုပါပဲ။ ဆိုလိုတာက သင်္ချာမတော်တဲ့သူက အမြဲတမ်း သင်္ချာမတော်တာမျိုး ဖြစ်နိုင်တာမဟုတ်ဘဲ လေ့ကျင့်ရင်း၊ ကြိုးစားရင်း တိုးတက်လာနိုင်တယ်ဆိုတာကို လက်ခံတာ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ဒီယာကုန်ခမ်းတတ်တဲ့သူတွေကို များများတွေးတတ်အောင်၊ အကျိုးအကြောင်း ဆင်ခြင်သုံးသပ်နိုင်အောင်၊ လိုက်လျောညီထွေမှုရှိအောင် လေ့ကျင့်သင်ကြားပေးခြင်းက ဝေဖန်ပိုင်ခြားတွေးခေါ်နိုင်စွမ်း တိုးတက်စေဖို့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
၇။ ဘေးကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါ။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ ကျောင်းသားတွေအတွက် သူတို့ရဲ့ စိတ်ကူးတွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ သက်တောင့်သက်သာဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားရပါမယ်။ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း တိုးတက်စေချင်ရင် ကျောင်းသားတစ်ဦးရဲ့ အတွေးအခေါ်၊ အမြင်ကို ကျောင်းသားအချင်းချင်း လှောင်ပြောင်တာ (သို့) ဆရာက လှောင်ပြောင်တာမျိုး လုပ်လို့မရပါဘူး။ ပွင့်လင်းမြင်သာပြီး အချင်းချင်း လေးစားမှုကို ပြသပေးတဲ့ လုံခြုံရာနေရာတစ်ခု ဖန်တီးပေးနိုင်ရပါမယ်။ လေးလေးစားစား နားထောင်ပေးပြီး ကျောင်းသားတွေရဲ့ အတွေးအမြင်အပေါ် အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ၊ အကြံပြုချက်တွေကို ပေးဆောင်ရပါမယ်။